အဝါရောင် ခြေအိတ်ကလေး

55 6 2
                                    

၁)

"နွေး‌နွေးထွေးထွေးနေမှပေါ့"တဲ့။
ခြေဖျားလက်ဖျားတွေ အေးစက်နေပြီဆိုရင် စိတ်ဆိုးတတ်တဲ့ အမျိုးသားတစ်ယောက်ရှိတယ် ။ ‌ပြီးတော့ နေရင်းထိုင်ရင်းနဲ့ကို ခြေလက်တွေအေးစက်နေတတ်တဲ့ အမျိုးသမီးငယ်တစ်ယောက်လည်းရှိတယ် ။

အမျိုးသားက အတော်လေးစေ့စပ်တယ် ။ အသေးအမွှားကအစ အရိပ်တကြည့်ကြည့်ပါပဲ။  တိတိကျကျနမည်ပေးရမယ်ဆိုရင်တော့ ‌အကွက်စေ့အောင် ဂရုစိုက်တတ်တဲ့ အမျိုးသားလို့ပဲ သမုတ်လိုက်ချင်မိတယ် ။ ဘယ်လိုကိစ္စမျိုးကိုမဆို အရေးတယူစိတ်ဆိုးလေ့မရှိပေမယ့် ‌ခြေလက်တွေအေးနေပြီဆိုရင်တော့ သူကမခေါ်နိုင် မပြောနိုင်ဖြစ်ရတဲ့အထိ စိတ်ဆိုးတတ်တယ်။ စိတ်ဆိုးရုံတင်မပြီးတတ်တဲ့ အမျိုးသားက အမျိုးသမီးငယ်ရဲ့  ခြေထောက်အစုံကိုလည်း ဒေါသတကြီးနဲ့ ဆွဲယူတတ်သေးတယ် ။ ပြီးရင်တော့ အိမ်ရဲ့နေရာအနှံ့မှာပြန့်ကျဲနေတတ်တဲ့ အဝါရောင် ခြေအိတ်တွေထဲက ပုံစံတူခြေအိတ်တစ်စုံကို ၀တ်ပေးတတ်ပြန်သေးတယ် ။ တဆက်တည်းမှာပဲ အထူဆုံးဆိုတဲ့ စောင်တစ်ထည်ကို အိပ်ခန်းထဲ ဆွဲယူလာပြီး  သားကောင်ကို ပိုက်ကွန်ပစ်ဖမ်းသလို အမျိုးသမီးငယ်ရဲ့ ခေါင်းကနေလည်း အုပ်ချပစ်တတ်ပြန်တယ် ။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ အမျိုးသမီးငယ်ရဲ့ နောက်ကျောကနေ သူဟာ တင်းတင်းကျပ်ကျပ်သိုင်းဖက်ပြီး
"အခုနွေးသွားပြီမလားဟင်"လို့ အက်ကွဲနေတဲ့ခပ်ယိုင်ယိုင်အသံလှိုင်းနဲ့ တုန်လှုပ်စွာလည်းမေးတတ်သေးတယ် ။
အမျိုးသမီးငယ်ဆီက "အင်း"ဆိုတဲ့ အဖြေကို ပြန်ရလိုက်ရင်တော့ ခပ်လေးလေး သက်ပြင်းမောတစ်ခုနဲ့ ကျပျောက်သွားတဲ့ တန်ဖိုးရှိပစ္စည်းတစ်ခုကို ပြန်တွေ့သလိုမျိုး ထပ်တိုးဖက်ထားရင်း စောင်အပေါ်ကနေမှ ကျောပြင်‌အနှံ့ နေရာမလပ်တဲ့အနမ်းတွေကျဲချတတ်သေးတယ် ။

၂)

ဒီအမျိုးသားဟာ မြောက်လေနဲ့ပါလာတဲ့သူ ။ ငယ်ဘ၀မှာ စစ္စတာတွေရဲ့ ဆုံးမမှုနဲ့ကြီးပြင်းလာတဲ့ အမျိုးသား ။ ရန်ကုန်ရဲ့ မအေးတဲ့ ဆောင်းညတွေမှာ ခပ်‌ဝေးဝေးကိုကြည့်ရင်း ကြေကွဲသ‌ယောင်ရှိတဲ့ မျက်၀န်းတွေကို ပိုင်ဆိုင်ထားသူ ။ အမျိုးသမီးငယ်အတွက်ကျပြန်တော့ သူဟာ ဇာတိအိမ်ကလေးလို နွေးထွေးပေးလွန်းပြန်တယ် ။ ခြေဖျားလက်ဖျားအေးတဲ့ကိစ္စလောက်ကိုတောင် အရေးတကြီးလုပ်နေရုံတင် သူဟာဘယ်လောက် အဖြစ်သည်းတဲ့သူမှန်း ခန့်မှန်းလို့ရနေတာပဲ။  ဒါပေမယ့် နားလည်ရခက်စွာပဲ သူဟာ ရန်ကုန်ရဲ့ မီးပျက်ဓလေ့ဆင်နွှဲနေချိန် ကာလတစ်ချို့ကလွဲလို့ အဲကွန်းကို အစဉ်မပြတ်ဖွင့်ထားလေ့ရှိပြန်တယ် ။ အဲကွန်းကို ဖွင့်ထားတယ်ဆိုတဲ့နေရာမှာလည်း ဖွင့်ထားတယ်ဆိုရုံမဟုတ်ဘူး ။ အခန်းအပူချိန်ကို 16°Cရောက်အောင် အမြဲလုပ်ထားတတ်တဲ့သူ ။
"ကျွန်တော်က ပူတဲ့နေရာမှာ ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်ဘူးဗျ ၊ ဒါပေမဲ့ ခင်ဗျား ခြေ‌လက်တွေအေးနေတိုင်းမှာ ကျွန်တော့်ဘ၀ပျက်ပျက်သွားသလိုခံစားနေရတယ်ဗျာ"တဲ့ ။
ဒီစကားဟာ အပိုဆာဒါးတစ်ခွန်းမှ မပါ၀င်ကြောင်းကိုတော့ သူ့မျက်၀န်းထဲမှာ နေရာယူထားတဲ့ ငွေ့ရည်ဖွဲ့တိမ်တွေ သက်သေထူနေကြတယ်။  ဒီလိုနဲ့ပဲ အမျိုးသမီးငယ်ဟာ ချစ်ရသူ မျက်၀န်းညိုညိုထဲက တိမ်တွေမပြိုစေဖို့ သူ့ခြေလက်တွေကိုသာ ခပ်ကြပ်ကြပ်ထုပ်ပိုးထားလေ့ရှိတယ် ။

You've reached the end of published parts.

⏰ Last updated: Jan 12, 2021 ⏰

Add this story to your Library to get notified about new parts!

22Where stories live. Discover now