" ဟေ့ ရှောင်းကျန့်! ကျွန်တော် ကောကိုချစ်တယ်။ ပြန်ချစ်ပါအုံး "
တီရှပ်အဝါပွပွ၊ ဒဏ်ရာဗရပွရှိနေတဲ့ဒူးအပေါ်ထိ ခေါက်တင်ထားတဲ့ဘောင်းဘီတိုတို ဝတ်ဆင်ထားပြီး လက်တစ်ဖက်က အစိမ်းရောင် skateboardကိုကိုင်ရင်း ပေစုတ်စုတ်မျက်နှာနဲ့ ကောင်လေးက ပေကျင်းရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ရှောင်းကျန့်ကို ဟိုတယ်ကားပါကင်မှာ ဆွဲလားရမ်းလားလုပ်ပြီး ဖွင့်ပြောနေခြင်းဖြစ်တယ်။
" အ့! ဘာလို့ရိုက်တာလဲ "
သူကိုယ်သူ အဟုတ်ထင်နေတဲ့ ကလေးစုတ်ရဲ့လက်မောင်းကို ရှောင်းကျန့် ဖျက်ကနဲရိုက်ချပေးလိုက်တယ်။ ခေါင်းလဲမခေါက်ရဲ၊ ဆွဲလဲမထိုးရက်တာမို့ ဒီလောက်နဲ့တင်ကျေနပ်လိုက်တယ်။ ကလေးစုတ်ကတော့ သူ့ကိုပေစောင်းစောင်းကြည့်နေသေးတယ်။ မကျေနပ်ပါဘူးပေါ့။ မကျေနပ်လဲဒင်းကဘာလုပ်နိုင်လို့။ သူ့ထက်၆နှစ်ကြီး..
" အ့!!!!! "
ရှောင်းကျန့်တွေးတာတောင် မဆုံးလိုက်သေး သူ့ လက်မောင်းကိုဖျက်ကနဲပြန်ရိုက်လာတာမို့ သူကြက်သေသေသွားရတယ်။ ဒီကလေး!
ရှောင်းကျန့်ဒေါသက ငယ်ထိပ်ရောက်နေပေမယ့် သူ့ဘေးကကောင်လေးအကြည့်ကိုတော့ ကျော်နိုင်မှာမဟုတ်ဘူး။ အကြည့်တွေထဲ ပြန်လုပ်ရဲလုပ်ကြည့် အစိမ်းလိုက်ဝါးစားပစ်မှာဆိုတဲ့ ပုံစံမျိုးတွေပါဝင်နေတယ်။ ရှောင်းကျန့်နဲ့အကြည့်ချင်းဆုံတာ ကြာလာတော့ သူ့မူပိုင်အပြုံးမျိုး နှုတ်ခမ်းတစ်ဖက်ကပါအပေါ်ကွေးတက်သွားသေးတယ်။ ပြီးတာနဲ့ အရပ်အနည်းငယ်ကွာခြားနေတဲ့ သူ့ပခုံးပေါ်ခေါင်းလေးမှီလာတယ်။ မျက်နှာကချက်ချင်းဆိုသလို အိုချလိုက်ပြီး မျက်လုံးစောင်းပြီး သူ့ကိုမော့ကြည့်လာပြန်တယ်။
" ဘာဖြစ်ပြန်ပြီလဲ "
မနိုင်ဘူးဆိုတဲ့ သဘောမျိုးနဲ့ခေါင်းခါရင်း ရှောင်းကျန့်မေးလိုက်တယ်။
" အားမရှိတော့ဘူး။ ကောကိုဖွင့်ပြောဖို့ ကျွန်တော်သတ္တိတွေအကုန်သုံးလိုက်တာ အခု လမ်းလျှောက်လို့မရတော့ဘူး... "
တမင်လုပ်ယူနေတာမျိုးမဟုတ်ဘဲ သူ့လက်မောင်းတစ်ဖက်ကိုပါဆုပ်ကိုင်ရင်း ကောင်လေးက ပြောလာတယ်။ နဖူးမှာလဲချွေးစက်တွေစိုနေပြီး ပါးနှစ်ဖက်ကပါ အသက်ရှုလိုက်တိုင်း ဖောင်းလာတာကိုမြင်နေရတယ်။ ရှောင်းကျန့် ရယ်ချင်စိတ်ကို ထိန်းသိမ်းလိုက်ပေမယ့် သူ့မျက်နှာမှာတော့ အပြုံးချိုချိုတွေရှိနေသေးတယ်။
