' ဖိုးခွား...အစ်ကိုကြီးကို နှုတ်ဆက်လိုက်အုံး...' စကားပြောတတ်ခါစ ဖိုးခွားလေးမှာ မျက်နှာဖောင်းဖောင်းအိအိနှင့် အသားတွေက တစ်တစ်ရစ်ရစ် ရှိကာ တကယ့်ကို ချစ်စရာကောင်းသည်။ ဖိုးခွားလေး က အမေနှင့်မတူ။ သူ့အဖေ ကိုပိုင်နဲ့ တပုံစံတည်း။ ပြူးကျယ်ကျယ်မျက်လုံးများက အမြဲတောက်ပနေသည်။ မျက်ရစ်လေး ထင်းထင်းကလည်း ကိုပိုင့် သားပါလို့ ပြောနေသလိုပင်။ မသိမသာ လှိုင်းတွန့်ရှိသော ဆံပင်ပုံက အစ သဘာဝအတိုင်း လာတူနေပြန်သည်။ ဖိုးခွားက သူ့အမေနဲ့တူတာက ဖြူဖွေးနုနယ်တဲ့ အသားအရေ။ ဒီကလေး ကံကောင်းသည်။ အဖေနှင့် အသားအရေတူ လို့ကတော့ မည်းမည်းသည်းသည်းလေး ထွက်လာမည်။ ဖိုးခွားလေးကို တချက်ပွေ့ချီလိုက် ရင်း
' ကိုကြီးကို အကြာကြီးမခွဲရဘူးနော်....ဖိုးခွားလေး မရှိရင် ကိုကြီး ပျင်း နေတော့မှာ...'ဖိုးခွားလေး အမေ မမိုးက သွားတက်လေး ပေါ်အောင် ပြုံးလိုက်သည်။ မမိုးနဲ့ ကိုပိုင်နှင့်ယှဉ်လိုက်ရင် မမိုးက အများကြီးပိုချောနေသည်။ ကိုပိုင်က အခန်းတံခါးသော့ကို သေချာ ခတ်ရင်း ' ကဝေ... မင်းလားပျင်းမယ့်ကောင်....သူငယ်ချင်းတွေကိုတောင် အချိန် မနည်းပေးနေရတာ'
ကိုပိုင် ပြောတာလည်းမှန်သည်။ ဒါပေမယ့် အကုန်လုံးမမှန်။ သူငယ်ချင်း တွေဆိုတာ စာမေးပွဲနီးမှ ကျွန်တော့်ကို စာလာရှင်းခိုင်းဖို့သက်သက်ပင်ဖြစ်သည်။ သွားစရာ လာစရာ ပျော်စရာ ရှိရင် ကျွန်တော်မပါ.။ စာမေးဖို့၊ အလှူငွေကောက်ဖို့၊ကျူရှင်လခ ကောက်ဖို့ဆိုရင် ကျွန်တော်က မပါမဖြစ်။ ကျွန်တော့်ကို ဖုန်းဆက်ရင်လည်း သူတို့ မေ့နေသော သူငယ်ချင်းတယောက်ယောက်ရဲ့ဖုန်းနံပါတ် ကိုမေးရင်မေး၊ မမေးရင် သူတို့ ဒီလ ကျူရှင်လခ ကိုနောက်ကျ မှပေးမည်။ ခဏတာ စိုက်ပေးထားပါ။ ကျွန်တော့်အဖို့တော့ ဒါတွေဟာ ရိုးအီနေပြီ။ တခါတလေ ကျွန်တော်က မအားလို့ စာမရှင်းပြရင် ဂျွန်ေ၀ က စိတ်ပုတ်တယ်ဆိုတာ ကပြောသေး။ ကျွန်တော့်မှာ တိုင်ပင်စရာ ညီအစ်ကို မောင်နှမ ကလည်းမရှိ။ အားအားရှိ ကိုပိုင်သာ ကျွန်တော့်ရဲ့ အကြောင်းတွေကို ရင်ဖွင့်ခွင့်ပေးသော အစ်ကိုကြီး။ ကျွန်တော့်ကို အစစ အရာရာသင်ပေးသော အစ်ကိုကြီး။ အခုလည်း ကျောင်းပိတ်ထားပါတယ်။ သူငယ်ချင်းတွေက ကိုယ်စီ ခရီးထွက်ကြသည်။ ကျွန်တော့်ကို လိုက်ပါအုံးလား မခေါ်။ ကျွန်တော်က တကယ့်ကို အပေါင်းအသင်း မဆံ့တဲ့သတ္တဝါလား။