Nway _ 0001 [Unicode]

1.2K 63 10
                                    

Unicode

နွေဦးပုံပြင် - 0001

အတန်းခေါင်းဆောင်က ငါ့ကို ကြိုက်နေတာလား?

[BL- Fiction : Short Story]

ဆရာ စာသင်နေသော်လည်း တစ်ခန်းလုံးနီးပါး အိပ်ငိုက်နေကြလေသည်။ ကျွန်တော်လည်း အိပ်ချင်မူးတူးဖြင့် စာသင်ချိန် မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားရန်သာ ဆုတောင်းနေမိသည်။ သိပ်မကြာခင် ဖုန်း Screen လင်းလာပြီး Noti တစ်ခုတက်ရာ ကျွန်တော့် မျက်ဝန်းများ ပြူးကျယ်သွားရသည်။

သူက တကယ် ငါ့ကို ဒုက္ခရောက်အောင် လုပ်တာပဲ!

တခြားမဟုတ်။ ကျွန်တော် ဖတ်နေသည့် ၀တ္ထု အပိုင်းအသစ် တင်ထားကြောင်း အသိပေးသည့် Noti ဖြစ်ပြီး သည်ဝတ္ထု၏ အပိုင်းသစ်က အမြဲလိုလို စာသင်ချိန်ကဲ့သို့ ဖတ်ရန် အဆင်မပြေချိန်များတွင် တက်လာလေ့ရှိသည်။

“အံ့မှူးသာ မင်း ဘာလုပ်နေတာလဲ”

၀တ္ထု ခိုးဖတ်နေသည့် အချိန်မှာ မိသွားသဖြင့် တတ်နိုင်သမျှ မျက်နှာကို ငယ်ထားလိုက်သည်။

“ကျွန်တော် … အဘွား ဆုံးသွားလို့တဲ့ အိမ်က စာပို့ထားလို့”

“ဒါဆို မြန်မြန် ပြန်တော့လေ”

“ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်”

အဘွားခမျာလည်း တမလွန်မှာ အေးအေးလူလူ မနေရ။ အဘွား ဆုံးသွားတာ ၆ နှစ်လောက် ရှိပြီ ဖြစ်သော်လည်း ကျွန်တော့် ကျေးဇူးဖြင့် ခဏခဏ သေနေရသည်။

တောင်းပန်ပါတယ် အဘွား ......။

<3

“အား၊ ငါ့ကောင်မလေးကို သတ်ပစ်လိုက်ပြန်ပြီ ”

လက်တွေချိုးလိုက်ပြီးမှ အံ့မှူးသာ အားရပါးရ Comment များ တစ်သီကြီး ရေးလိုက်သည်။

“မင်း အမြဲတမ်း ရက်စက်နေမှာလား”

“ငါ့ကောင်မလေးက မသေသင့်ဘဲ သေသွားရတာ”

“အား ငါ မင်းကို မုန်းလိုက်တာ”

“မင်း ငါနဲ့ မတွေ့စေနဲ့ မင်းကိုငါ သတ်ပစ်မယ်”

“ဟေး! မင်းရဲ့ သောက်ရေးမပါတဲ့ ဇာတ်လမ်းကြီးကို ငါ နောက်တစ်ခါ လုံးဝ လုံးဝ မဖတ်တော့ဘူး”

“မင်း ငါ့ကို အဖက်မလုပ်ဘူးပေါ့ ရတယ်၊ ငါ ဇာတ်လမ်း တစ်ခု ရေးပြီး ဇာတ်လမ်းထဲမှာ မင်းကို ပြန်သတ်ပစ်မယ်”

“ငါ မရေးတတ်ဘူးထင်နေလား၊ ငါ့ကို အဖက်လုပ်ဦး ”

“ရှင်းလဲ့ကိုကို! ”

အင်တာနက် ပိတ်ပြီး ဖုန်းကိုပါ ပိတ်လိုက်ကာ ပစ်ပေါက်ချင်သွားသည်။ ပြန်ဝယ်ရန် ပိုက်ဆံ မရှိသဖြင့် စားပွဲခုံကို လက်ဝါးဖြင့် ရိုက်ရင်းသာ ဒေါသကို ဖြေဖျောက်လိုက်သည်။

ဒီ သောက်ချိုးမပြေတဲ့ စာရေးသူကို ငါ ဘယ်လို စိတ်ဒုက္ခ ပြန်ပေးရပါ့။

<3

အခုတလော အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ စာရေးသူ တစ်ယောက် ရှိတယ်။ သူ့ နာမည်က ရှင်းလဲ့ကိုကို။ သူက ယောက်ျားလေးလား မိန်းကလေးလား မပြောထားဘူး။ တစ်ချို့က သူ့ကို ရှင်းလဲ့လို့ ခေါ်ကြပြီး ချစ်စရာ ကောင်မလေးလို့ ယူဆ ထားကြတယ်။ တစ်ချို့က ကိုကိုလို့ ခပ်ချွဲချွဲခေါ်ပြီး ကောင်လေးလို့ သတ်မှတ်ထားကြတယ်။ ဒါပေမယ့် သူက ချစ်ချင်စရာ တစ်စက်မှ မကောင်းဘူး။

ဇာတ်လမ်းတွေကို ရေးချင်သလို ရေးတယ်။ သူ ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ စိတ်ထဲ ရှိရာ ရေးတယ်။ ဇာတ်ကောင်တွေကို သတ်ပစ်ရတာလည်း ၀ါသနာ ပါသေးတယ်။ စာကြီးပေကြီးတွေ ရေးတာ မဟုတ်ဘူး။ သူ့ ၀တ္တုတွေကနေ ဘာ အသိပညာမှ မရဘူး။ ပြီးတော့ သူ့စရိုက်ကလည်း ဖြတ်ရိုက်ချင်စရာပဲ။ သူ့ရဲ့ account မှာ တင်တဲ့ status တွေ အောက်မှာဆို စာဖတ်သူတွေက သူ့ကို အမြဲတမ်း ဆဲဆိုထားကြတာတွေ အပြည့်။ သူက တော့ ဂရုမစိုက်ဘူး။ ဇာတ်လမ်း အပိုင်းရှည်တွေကို သူ သိမ်းချင်သလို သိမ်းတယ်။ တစ်ချို့ ဇာတ်လမ်းတွေကို ဆက်မရေးဘူး။ တစ်ချို့ ဇာတ်လမ်းတွေကို ဖျက်ပစ်တယ်။

“ကြိုက်ရင်ဖတ် မကြိုက်ရင် မဖတ်နဲ့ ငါ ရေးချင်သလို ရေးမယ်”

“ဘာ ဗဟုသုတမှ မပေးဘူး ငါက မင်းတို့ကို စိတ်ဒုက္ခပဲ ပေးမှာ”

ဒီလို Status တွေ တင်ပြီး စာဖတ်သူတွေရဲ့ အဆဲကို ခံယူလေရှိတယ်။ ဒါကြောင့် လူတွေက သူ့ကို “အရူး စာရေးဆရာ“ လို့ ခေါ်ကြတယ်။ ဒီလောက်တောင် ဆိုးရွားတဲ့ စာရေးသူ ရေးတာတွေကို လူတွေ ဘာကြောင့် ဆက်ပြီး ဖတ်နေကြတာလဲ။ သေချာတာပေါ့ သူရေးတာ မဖတ်ဘူး အော်နေတဲ့သူတွေ အများကြီးပဲ။ ဒါပေမယ့် မနေနိုင်ကြဘူး။ အပိုင်းသစ် တင်တိုင်း အပြေးအလွှား ဖတ်ရလောက်အောင် သူ့ဇာတ်လမ်းတွေက ဆွဲဆောင်မှု ရှိတယ်။ 

သူက ဇာတ်လမ်းကိုသာ သူ့ စိတ်ကြိုက် စိတ်တိုအောင် လျှောက်ရေးပေမယ့် စာအရေးအသားက တကယ်ကောင်းတယ်။ ဇာတ်လမ်း ဇာတ်ကွက် ဖန်တီးတာလည်း တော်တယ်။ စာလုံးအပေါင်း အမှားတစ်ခုတောင် မရှိအောင် သူက သူရေးတာကို သေချာ ဂရုစိုက်တယ်။ အာရုံစိုက်ပြီး သူ့ဇာတ်လမ်းကို အလေးအထားတာ အရမ်းပေါ်လွင်ပေမယ့် ဘယ်သူမှ သူ့ကို ချီးမွန်းတာမျိုး မလုပ်ဘူး။ သေချာပေါက် သူ့ရဲ့ သွေးအန်ချင်စရာ အပြောအဆိုတွေကြောင့်ပဲပေါ့။ သူက တကယ် ဖြတ်ရိုက်ချင်စရာပဲ။

“ဒီလူက လူဆိုးမို့ ငါ့ကို မချစ်ကြနဲ့။ ငါကတော့ လူကောင်းလို ဟန်မဆောင် ပေးနိုင်ဘူး။ ဒါပေမယ့် ငါက မင်းတို့ကို ချစ်ပါတယ်။ မင်းတို့ ဒေါသထွက်နေတာကို ကြည့်ရ တာ တကယ် ပျော်ဖို့ကောင်းတယ်”

စာဖတ်သူတွေက သူနဲ့ အမြဲ ရန်ဖြစ်နေကြတယ်။ သူကတော့ Comment တစ်ကြောင်းတောင် Reply မပြန်ဘူး။ Message Box ကနေ စာပို့ ဆဲဆိုသမျှလည်း သူ စာမပြန်ဘူး။ စိတ်ဆိုးဟန်လည်း မပြတဲ့ အပြင် သူက ပျော်ရွှင်နေပုံပဲ။ ကြာတော့ သူ့ရဲ့ စာဖတ်သူတွေက သူပေးတဲ့ စိတ်ဒုက္ခတွေနဲ့ အသားကျလာတယ်။ အပိုင်းသစ်တင်တိုင်း ပြေးဖတ်ကြပြီး သူ့ထက်ငါ အပြိုင်အဆိုင် ဆဲဆိုကြတယ်။ စိတ်တိုရပါများလို့ ထပ်ပြီး စိတ်မတိုနိုင်တော့ဘူး။ သူနဲ့ တွေ့ရင် သတ်ပစ်ဖို့ပဲ ဆုံးဖြတ်လိုက်ကြပြီး သူ ဘယ်သူလဲ စုံစမ်းကြတော့တယ်။

သူက အွန်လိုင်းပေါ်မှာ စာရေးရတာပဲ သဘောကျတဲ့သူမျိုး။ စာအုပ်တိုက်တွေက စာအုပ် ထုတ်ဖို့ ကမ်းလှမ်းတာတောင် လုံးဝ မထုတ်ဘူး။ သူရေးချင်တာ ရေးထားတာတွေ ကို အွန်လိုင်းပေါ်ကနေ ဖတ်ပေးကြမယ့်သူတွေ ရှိရင် ရပြီတဲ့လေ။ ကျန်တာ မလိုဘူးဆိုပဲ။

သူ့ရဲ့ စာဖတ်သူတွေက သူတို့ပဲ မိုးမွှန်အောင် ဆဲပြီး အပြစ်တင် ဝေဖန်ချင်ကြတာ တခြားသူ တစ်ယောက်ယောက်က မကောင်းပြောရင်လည်း မကြိုက်ကြပြန်ဘူး။

“ငါတို့ ဘာသာ ဆဲချင်ဆဲမယ်၊ သတ်ပစ်ချင် သတ်ပစ်မယ် နင်တို့နဲ့ မဆိုင်ဘူး ထွက်သွား” ဆိုပြီး ဒေါသတကြီး ကာကွယ်တတ်သေးတယ်။ ဒါကြောင့် ရှင်းလဲ့ကိုကိုက သူ့ရဲ့ ရန်ဖြစ်ဖော်လေးတွေကို သူသိပ်ချစ်တယ်။ “မင်းတို့က ချစ်ဖို့ကောင်းတယ် ဒါကြောင့် ဒီနေ့ မင်းတို့အတွက် နှစ်ပိုင်းတင်ပေးမယ်၊ နှစ်ဆ ဆဲကြပေါ့” တဲ့။

ဒီလိုစာရေးသူနဲ့ သူ့ရဲ့ စာဖတ်သူတွေကတော့ သတ်ဖြတ်ချင်တဲ့ အငွေ့အသက် တွေ ကြားထဲကပဲ သံယောဇဉ် ဖြစ်နေကြပြီ။ အကုန်လုံးက ဒီ စာရေးသူရဲ့ ပြန်စာရအောင် ကြိုးစားပြီး ရန်စကြတော့တယ်။

အမှန်တရား တစ်ခုကတော့ သူရေးတဲ့ ဇာတ်လမ်းတွေက မဖတ်ဘဲ မနေနိုင်အောင် ဆွဲဆောင်မှုရှိတယ်။ အရက်လိုပဲ … မကောင်းမှန်း သိရင်တောင် မဖြတ်နိုင်ကြဘူး။

သူ့ရဲ့ စာဖတ်သူတွေက သူတို့ကိုယ်သူတို့ နာမည် ပေးလိုက်ကြတယ်။

“Pertinacious Enemies!“

<3

သည် Fandom ထဲမှ တစ်ယောက်အပါအ၀င် ဖြစ်သော အံ့မှူးသာသည် အိမ်သာ တက်နေရင်း ထအော်မိတော့သည်။

“ဒီအရူးကတော့ တခြားဝတ္ထုတွေ အပိုင်းသစ် တင်နေပြီး ငါ စောင့်နေတဲ့ Wind God and his sweet wife ကိုတော့ လုံးဝ ဆက်မရေးဘူး။ Fuck!”

သေချာပေါက် အိမ်သာထဲမှာ “အရူးစာရေးဆရာ” ရဲ့ အပိုင်းသစ်ကို ဖတ်နေခြင်းပင် ဖြစ်သည်။ သည်ကနေ့လည်း စာသင်ချိန်မှာ အပိုင်းသစ် တက်လာလို့ အိမ်သာထဲလာပြီး ခိုးဖတ်နေရပြန်သည်။ တကယ်စောင့်နေသည့် ဇာတ်လမ်းကိုတော့ ဆက်မရေး။ စောင့်နေတာ နှစ်ချီနေပြီ ဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ဇာတ်လမ်းလည်း ဖြစ်သည်။ အပိုင်း ၂၀၀ကျော်အထိ ရေးခဲ့ ပြီးမှ နောက်ဆုံးပိုင်းကို တစ်ဝက်နှင့် ရပ်ထားလေသည်။ ဇာတ်သိမ်းပိုင်းကို ပထမပိုင်း၊ ဒုတိယပိုင်း ခွဲတာကို မပြောလို။ ဇာတ်သိမ်းရဲ့ ဒုတိယပိုင်း မတင်ပေးတော့ဘဲ ဇာတ်လမ်းသစ်တွေ ရေးနေတာဟာ သွေးတက်စရာ။

ဒီ အရူးကောင်ကတော့ ! သောက်ရေးမပါတာတွေ လျှောက်ရေးနေတာပဲ။

ထုံးစံအတိုင်း ရင့်ရင့်သီးသီး ပြောပြီး ဆဲဆိုရန်စလို့ အားရမှ အိမ်သာထဲက ပြန်ထွက်လာခဲ့သည်။ Comment ၈၀လောက် ဆဲထားလည်း အဖက်လုပ်ခြင်း မခံရပေ။ နောက်ဆုံး အနေဖြင့် စာ ၃ ကြောင်းကို တိတ်တိတ်ကလေး private နေရာလေးမှာ Message ပို့ပစ်လိုက်သည်။

“ရှင်း …

Wind God ဇာတ်သိမ်းလေး တင်ပေးမယ်ဆို

ငါ မင်းကို သုံးခါ နမ်းမယ်လေ ”

အွန်လိုင်း ပိတ်ပြီး အတန်းထဲ ၀င်လိုက်တော့ ကျွန်တော့် နေရာမှာ အတန်းသား တစ်ယောက် ၀င်ထိုင်နေလို့ စိတ်ညစ် သွားရသည်။ သို့သော်လည်း သည်လူက တခြားသူ မဟုတ်။ ကျွန်တော် တစ်ဖက်သတ် ချစ်ခဲ့ရသူ အတန်းခေါင်းဆောင် ဖြစ်နေသည်။

“ဟေး အတန်းခေါင်းဆောင်! ဒါ ငါ့နေရာလေ”

“အဲ့ဒီတော့ ? ”

“မင်း ဘာလို့ ဒီမှာ ထိုင်နေတာလဲ”

“ဘာလဲ မရဘူးလား”

ကျွန်တော်လည်း ဆက်မပြောတော့ဘဲ သူ့ဘေးနားမှာ ၀င်ထိုင်လိုက်သည်။

“ဟဲ့ ရှင်းရန်နိုင် က ဘာလို့ နောက်ဆုံးတန်းမှာ ထိုင်နေတာလဲ၊ ခါတိုင်း အရှေ့ဆုံးတန်းမှာ ထိုင်တာကို”

“ဟုတ်ပ၊ သူက အနောက်မှာဆိုတော့ ငါတို့ သူ့ကို ခိုးကြည့်လို့ မရတော့ဘူး”

“အရင်လို ကျောပြင်လေး ပြန်မြင်ချင်တယ်”

ကောင်မလေး နှစ်ယောက်က သူ ကြားသွားမှာ စိတ်ပူခြင်း မရှိဘဲ တမင်ပင် ကြားအောင် ပြောနေသော်လည်း ရှင်းရန်နိုင် ဆိုသော လူသားက လျစ်လျူရှုနေသည်။

“အံ့မှူး”

ဟမ်…. ငါ့ကို ခေါ်တာလား၊ အေး ငါ့ နာမည်ပဲ ။ နေပါဦး သူနဲ့ ငါက ဘယ်တုန်းက ရင်းနှီးသွားလို့လဲ။ ခဏလေး သူက ငါ့နာမည် သိနေတာလား။ တကယ်ကြီး ?

“ဘာ … ဘာလဲ”

ရုတ်တရက် ထရပ်ကာ သူ့ထိုင်ခုံကို ကျွန်တော့် ထိုင်ခုံနားရောက်အောင် ခြေထောက်ဖြင့် တွန်းလိုက်သည်။ ပြီးမှ ထိုင်ခုံပေါ်ကို ခြေထောက် တစ်ဖက်တင်ပြီး ခါးကိုင်းသည်အထိ ငုံ့လိုက်ရာ သူ့ရဲ့ မျက်နှာက ကျွန်တော့် မျက်နှာနှင့် အတော်လေး နီးသွားလေသည်။

“မင်း နမ်းဖူးလား”

ရှင်းရန်နိုင် စကားကြောင့် ရုတ်တရက် နှလုံးခုန် ရပ်မလိုပင် ဖြစ်သွားသည်။

“ဘာ!”

“နမ်းဖူးလား”

“ဒါ .. ဒါပေါ့၊ ဒီအရွယ်ရောက်နေပြီ မနမ်းဖူးတဲ့သူ ဘယ်သူ ရှိမှာလဲ”

“ငါ”

ရှင်းရန်နိုင်ရဲ့ အသံက ခပ်တိုးတိုး ဖြစ်သည်။ ကျွန်တော် ကြားရုံသာ နှစ်ကိုယ်ကြား ပြောနေခြင်း ဖြစ်လေသည်။ အရမ်း နီးကပ်နေသည်မို့ ကျွန်တော့် ကိုယ်ကို အနောက် ဆုတ်လိုက်ရာ ထိုင်ခုံ နောက်မှီနှင့် ကျောနှင့် ကပ်သွားလေသည်။ ပြန်ပြောစရာ စကား ရှာမရဘဲ သူ့ကို ကြောင်ကြည့်နေမိတော့ သူက ခပ်ဖွဖွ ရယ်လေသည်။
ရယ်သံတိုးတိုးက အစ ဆွဲဆောင်မှု ရှိနေတာပဲ။

“သူတို့ ဘာလုပ်နေကြတာလဲ”

“ရှင်းရန်နိုင်က ရယ်တတ်တယ်လား”

ကောင်မလေး နှစ်ယောက်ထံမှ စကားသံ ထွက်လာတော့ သူက ပြန်ပြီး မတ်တပ် ရပ်လိုက်ကာ သူ့ ထိုင်ခုံကို ဆွဲယူသွားသည်။

“အသက်ရှုလိုက်ဦး”

“ဟမ် .. အေး”

ငါ အသက်အောင့်ထားတာ သူ သိတာလား။ ငါ သူ့ကြောင့် ရင်ခုန် သွားတာတော့ မသိလောက်ဘူးမလား?

ဆရာမ ရောက်လာသဖြင့် စာအုပ် ထုတ်ပြီး စာသင်တာကို အာရုံစိုက်လိုက်သည်။

<3

Comment မှန်သမျှ လိုက်ဖတ်ရင်း ရှင်းရန်နိုင် ပီတိ ဖြစ်နေမိသည်။ ချိုသာသည့် စကားများ ပြောပေးခြင်းဖြင့် အချစ်ခံရအောင် နေရတာမျိုး မကြိုက်။ ကိုယ်တိုင်က တကယ် ဆိုးသည့်သူမို့ ဆိုးကြောင်း အမှန်အတိုင်း ချပြပြီး အဆဲ ခံလိုက်ရတာကို ပိုပြီး သဘောကျ သည်။

ဒီလူက ဒီလိုပဲ။ ချစ်ချင်ချစ် မချစ်ချင်နေ။

တကယ်လည်း ကျွန်တော့်လို အရိုင်းအစိုင်းကို တစ်ဦးတစ်ယောက်မှ ချစ်ပေးခြင်း မရှိ။ ကျွန်တော့် ဖန်တီးမှုတွေကို စွဲလန်းနေကြသည်ကိုပင် ၀န်ခံချင်စိတ် မရှိကြပေ။ ကျွန်တော်ကတော့ ကျွန်တော့်ကို မုန်းကြလည်း ဂရုမစိုက်။ ကျွန်တော့် ဇာတ်လမ်းတွေ သူတို့ မဖတ်ဘဲ မနေနိုင်ရင် တော်ပြီ။ သည်အတွက်လည်း အစွမ်းကုန် ကြိုးစားပြီး ရေးခဲ့သည်။ စိတ်ထဲ ရှိသမျှပေါ့။

“အောင်မြင်မှု” ကို လူတွေ ဘယ်လို တိုင်းတာကြသည် ကျွန်တော် မသိ။ စာဖတ်သူ အရေအတွက်? မှတ်ချက် အရေအတွက်? Follower အရေအတွက်? ကျွန်တော့် အတွက်ကတော့ အဲ့တာတွေ တစ်ခုမှ မဟုတ်။

ရှင်းရှင်းလေး ။

ကျွန်တော် ဇာတ်လမ်း တစ်ခု ရေးမယ်၊ တစ်ယောက်က ဖတ်လိုက်မယ် ၊ အဆုံးထိ မဖတ်ဘဲ မနေနိုင်ဘူး၊ အဆုံးထိ ဖတ်မယ်၊ စာဖတ်နေချိန် မဟုတ်ဘဲ တခြား အချိန်မှာ ကျွန်တော့် ဇာတ်လမ်းကို သတိရမယ်။ ဥပမာ - ပြင်ဦးလွင် ရောက်လို့ ပြင်ဦးလွင် အကြောင်းရေးထားတဲ့ ကျွန်တော့် ဇာတ်လမ်းကို သတိရမယ်။ ကော်ဖီသောက်ရင်း ကော်ဖီ ကြိုက်တဲ့ ကျွန်တော့် ဖန်တီးမှု ဇာတ်ကောင်ကို သတိရမယ်။ ဒါဆို ကျွန်တော် ကျေနပ်ပြီ။

ကျွန်တော် စာရေးတာ ရေးချင်လို့ကို ရေးတာ ဖြစ်ပြီး နောက်တစ်ခုက ဖတ်တဲ့သူကို ကျွန်တော့် ဇာတ်လမ်းက လွှမ်းမိုးနေတာ ကြိုက်တယ်။ ကျွန်တော်က သူတို့ကို လွှမ်းမိုးချင်ရုံနဲ့ ကျွန်တော့် ဇာတ်လမ်းကို အပြီးထိ ဖတ်စေချင်ရုံပါပဲ။ သတိတရ ရှိမှုကို ကျွန်တော် ကြိုက်တယ်။ ဖြစ်နိုင်ရင် အချိန်တိုင်း လွှမ်းမိုးထားချင်တာ။ ဒါကြောင့် ကျွန်တော့်ရဲ့ ချစ်စရာ ရန်သူကလေးတွေကို သိပ်ချစ်ပါသည်။ သူတို့ မယုံပေမယ့်ပေါ့။

ဟုတ်တယ်။ ကျွန်တော် ရှင်းရန်နိုင်က “ရှင်းလဲ့ကိုကို” ဆိုတဲ့ အရူးပဲ။

သည်လို အရူးဆီက အာရုံစိုက်မှုကို ရအောင်ယူနိုင်သော ထူးဆန်းသည့် Message ကို ၁၉ ခေါက်မြောက် ပြန်ဖွင့်ကြည့်ရင်း ပြုံးလိုက်သည်။

အင်း … ဒီတစ်ယောက်က တကယ် စိတ်ဝင်စားစရာပဲ။

<3

အံ့မှူးသာ အင်တာနက်ဖွင့်လိုက်သည်နှင့် ထူးထူးဆန်းဆန်း Message တစ်စောင် ရောက်နေသည်။

“ဒီလောက် ကြာနေတဲ့ ဇာတ်လမ်းကို မင်း စောင့်နေတုန်းလား”

ဘုရား ဘုရား ! သူ … သူ အခု ငါ့ကို Reply ပြန်လိုက်တာလား။ အပျော်လွန်ပြီး သေအောင် ကြံစည်နေတာလား။

ဒီနေ့ ကျွန်တော် ကံကောင်းနေတာပဲ။ တစ်ယောက်က အထက်တန်း ကတည်းက နှစ်အကြာကြီး တစ်ဖက်သတ် ကြိုက်ခဲ့ရတဲ့ ကောင်လေး။ တစ်ယောက်က ၄ နှစ်လောက် ဆဲဆိုရင်းပဲ သဘောကျခဲ့ရတဲ့ စာရေးဆရာ။ တစ်နေ့တည်း လူ နှစ်ယောက်လုံးဆီကနေ Attention ရခဲ့တယ်။ အာရုံစိုက်ခံရဖို့ ကြိုးစားခဲ့ရတဲ့ နှစ်တွေလည်း နည်းနည်းနောနော မဟုတ်။

“ဘယ်လို မေးလိုက်တာလဲ! တန်းလန်းကြီး ထားခဲ့မှတော့ စောင့်နေတာပေါ့ဟ။ မင်း ချီးပါရင်ရော အပြီးထိ မပါဘဲ တန်းလန်း ထားခဲ့လို့လား အရူးရဲ့”

အရမ်း ပျော်နေတာ မသိသာအောင် ခပ်ရိုင်းရိုင်းပဲ ပြောလိုက်မိသည်။ တစ်ဖက်က မိန်းကလေး ဖြစ်နေရင် အားနာစရာ ဆိုသော်လည်း ကျွန်တော်ကတော့ ယောက်ျားလေးဟု ထင်သည်။

“ငါ့ကို တစ်ယောက်မှ မဆဲတော့တဲ့နေ့ ငါ ရေးပေးမယ်”

“သွားသေလိုက်”

<3

ရှင်းရန်နိုင် Message Box မှ အူကြောင်ကြောင် Account နာမည်ကို ကြည့်ပြီး ပြုံးနေမိသည်။

“လျှပ်စီး နတ်ဘုရားရဲ့ အချစ်ဆုံး ခင်ပွန်းလေး အံ့မှူး”

လျှပ်စီးနတ်ဘုရား ဆိုတာ ကျွန်တော် ပထမဆုံး ရေးခဲ့သည့် ၀တ္တုထဲမှ Female Lead ဖြစ်သည်။ သည် ဇာတ်လမ်းက လေးနှစ်ကျော်လောက်ပင် ကြာနေပြီ။ ပြီးတော့ အဆုံးထိလည်း မရေးခဲ့။

“တကယ် သွားသေနေတာလား? မသေနဲ့ဦး ဇာတ်သိမ်းလေး ရေးပေးသွားဦး။ ငါ မင်းကို တကယ် နမ်းမယ်လေ”

“ငါက ယောက်ျားလေးနော် အံ့မှူး”

“အဲ့တော့ ဘာဖြစ်လဲ ? ငါက Gay ပဲ ကိစ္စ မရှိဘူး”

ရှင်းရန်နိုင် အကြီးကြီး ရှော့ရသွားလေသည်။ ဖုန်းကို ကြည့်ပြီး တအံ့တသြ ဖြစ်နေ ကာ ပြန်စာပင် မပို့နိုင်။

“ငါက Gay မို့ စာမပြန်တော့တာလား”

“မဟုတ်ပါဘူး အံ့သြနေလို့”

“တော်သေးတာပေါ့ မင်း ငါနဲ့ စကားမပြောချင်တော့ဘူး ထင်သွားတာ”

“မပြောချင်ရင် အစကတည်းက စာတောင် မပြန်ဘူး”

“ငါ့ကို ဘာလို့ စာပြန်ခဲ့တာလဲ”

“ဒီတိုင်း … စိတ်ဝင်စားစရာကောင်းလို့”

ရှင်းရန်နိုင် အမှန်အတိုင်းပဲ ပြောလိုက်မိသည်။ တကယ်တော့ အတန်းတူ သူငယ်ချင်း ဖြစ်နေတာကြောင့်လည်း နည်းနည်း ပါသည်။

“မင်း ဘယ်သူလဲ သိချင်လိုက်တာ”

“မင်း ငါ့ကို သိတယ်”

“မဖြစ်နိုင်တာ”

“မနက်ဖြန် ကျောင်းရှေ့က Penchant Café မှာ မနက် ၇ နာရီ လာတွေ့”

“တကယ်လား! မင်း ငါတို့ကျောင်းကလား”

“နောက်မကျစေနဲ့ ပြီးရင် Tuto ဖြေရဦးမှာမလား”

“မင်းက ငါတို့ အတန်းထဲကလား ရှင်း ? ”

“မနက်ဖြန် မင်းတွေ့မှာပေါ့”

“အခုပဲ မနက်ဖြန် ရောက်ချင်နေပြီ၊ ငါ မစောင့်နိုင်တော့ဘူး”

Message ကို ကြည့်ပြီး ရှင်းရန်နိုင် ပြုံးလိုက်မိသည်။ တစ်ဖက်လူက အံ့မှူးသာ ဖြစ်နေသည်မို့ “ရှင်းလဲ့ကိုကို” သည် ”ရှင်းရန်နိုင်” ဖြစ်ကြောင်း တကူးတက ဖုံးကွယ် နေချင်စိတ် မရှိ။

<3

အံ့မှူးသာ တစ်ယောက် ကော်ဖီခွက်ကို ကိုင်လိုက် ချလိုက်ဖြင့် စိတ်လှုပ်ရှား နေသည်။ လက်ဖ၀ါးနှစ်ခုကို အချင်းချင်းပွတ်ရင်း ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်း နေမိသည်။

‘နေပါဦး၊ သူက တကယ်ကြီး လာတွေ့မှာလား။ တကယ် ရောက်လာမှာလား။ သူက ဘယ်သူပါလိမ့်။ ငါတို့ ကျောင်းကလား။ ငါတို့ အတန်းထဲကလား။ ငါ့ကို သိနေတာလား။ ငါ့ အသိထဲကဆို ဘယ်သူပါလိမ့်။ ဘယ်သူ ဖြစ်နေလောက်လဲ?’

အတွေးပေါင်းစုံဖြင့် တစ်ယောက်တည်း ယောက်ယက်ခတ်နေသည်။ မနက် ၇ နာရီ ဆိုသော်လည်း ကော်ဖီဆိုင် မဖွင့်ခင်ကတည်းက ဆိုင်ရှေ့မှာ ငုတ်တုတ်လေး ထိုင်စောင့်နေခဲ့သဖြင့် ဆိုင်ရှင်ပင် တအံ့တသြ ဖြစ်နေခဲ့သည်။

“ဘာလို့ မလာသေးတာလဲ။ ကော်ဖီတောင် ကုန်တော့မယ်”

နှစ်ငုံစာလောက်သာ ကျန်တော့သော ကော်ဖီကို ငုံ့သောက်နေချိန်တွင် ကျွန်တော် ထိုင်နေသော စားပွဲသို့ လူတစ်ယောက်က ၀င်ထိုင်လိုက်လေသည်။

“အတန်းခေါင်းဆောင်!”

ရုတ်တရက် ရှင်းရန်နိုင်အား မြင်လိုက်ရသဖြင့် လန့်ဖြန့်သွားသည်။ သူက ဘာမှ မပြော။ ရုပ်တည်ကြီးနှင့် အအေးပင် မှာနေသေးသည်။

“အတန်းခေါင်းဆောင် ဘာကိစ္စ ရှိလို့လဲ”

“မင်းပဲ ငါ့ကို တွေ့ချင်တယ်ဆို”

“ကျွန်တော်လား မပြောပါဘူးဗျ”

ယဉ်ယဉ်ကျေးကျေး ပြန်ပြောနေသည့် အံ့မှူးသာကြောင့် ရယ်ချင်လာသည်။ အံ့မှူးက အတန်းထဲတွင် မထင်မရှား ကောင်လေးတစ်ယောက်သာ ဖြစ်သည်။ သူငယ်ချင်း လည်း မရှိ။ တစ်ယောက်တည်းနေပြီး ပုံမှန် အတန်းတက်၊ ပြီးရင် ပြန်သည့်သူ ဖြစ်သည်။ Facebook ရှိ မေဂျာ Group တွင် ၀င်ထားသော်လည်း ၀င်ထားရုံသာ။ ဘာကိစ္စမှ မပါဝင်။ Facebook acc သည်ပင် ရိုးရှင်းလွန်းသည်။ ပုံ ၂ ပုံသာ တင်ထားပြီး လုံးဝ မသုံး။ Post များShare ခြင်းပင် မရှိ။ သည်လောက် သာမန်ဆန်သည့်သူကို မည်သူမှ စိတ်မ၀င်စား သည်မှာ ပုံမှန်ပင် ဖြစ်သည်။

သို့သော် သည်ကောင်လေးသည် ကျွန်တော်စာရေးသည့် acc ကို လာ add ခဲ့သည်။ ထူးထူးဆန်းဆန်း နာမည်နှင့် ဆိုသော်လည်း Fake Acc မဟုတ်။ သူ့မျက်နှာကြီး နှင့်ပင် သုံးနေခြင်း ဖြစ်သည်။ ထင်ထားသလို ပျင်းစရာကောင်းသည့်ကောင်လေးလည်း မဟုတ်။ ပျော်ပျော်နေတတ်သည့် လူငယ်လေး ဖြစ်သည်။

“မင်းပဲ Wind God and his wife ကို ဆက်တင်ပေးဆို”

“ဘာ! မင်းက ရှင်း …. ရှင်းလဲ့ကိုကိုလား”

“အခုပဲ ငါ့ကို ၃ခါ နမ်းလို့ ရပြီနော်။ ငါ နောက်ဆုံးပိုင်းကို တင်ပေးဖို့ အဆင်သင့်ပဲ”

ရုပ်တည်ကြီးနှင့် ပြောနေသော အတန်းခေါင်းဆောင်သည် လိမ်နေပုံ မပေါ်။ ဒါဆို ကျွန်တော့် Crush က ရှင်းလဲ့ကိုကိုပေါ့။ မဖြစ်နိုင်တာ။ ဒီကမ္ဘာမှာ ဒီလောက် တိုက်ဆိုင်တာ ရှိနိုင်ပါ့မလား။

“ဟေး ထိုင်နေရင်း သေသွားပြီလား”

“ဒါဆို မင်းက ရှင်းပေါ့ အတန်းခေါင်းဆောင်”

“ဘယ်လိုလဲ မင်း ငါ့ကို နမ်းဖို့ အဆင်သင့်ဖြစ် ….”

ရုတ်တရက် အံ့မှူးက အနားကပ်လာကာ နဖူးကို လက်ဝါးဖြင့် ဖြန်းကနဲ မြည်အောင် ရိုက်ချလိုက်လေသည်။

“အံ့မှူးသာ!”

“ဘာလဲ မင်း အရိုက်ခံသင့်တယ်”

အတန်းခေါင်းဆောင်က သူ့နဖူးသူ ကိုင်ရင်း မယုံနိုင်သည့် ပုံစံဖြင့် ကြည့်နေလေ သည်။ နောက်တော့ နဖူးမှလက်ကို ချလိုက်ကာ စားပွဲခုံပေါ်လက်ထောက်ရင်း ကိုယ်ကို ကိုင်းကာ ရှေ့သို့ တိုးလာ လေသည်။ မျက်နှာချင်း ထိလုနီးပါးရောက်နေသည်အထိ တိုးကပ် လာသဖြင့် အံ့မှူးသာ မျက်လုံးပြူးရချေပြီ။

မနက်ခင်းပိုင်းမို့ ဆိုင်တွင်မနက်စာလာစားသည့် ဧည့်သည်များဖြင့် လူများနေပြီ။ အတန်းသားတစ်ချို့ပင် ပါနေသေးသည်မို့ ထူးထူးဆန်းဆန်း ပြုမူနေသည့် အတန်း ခေါင်းဆောင်ကို မသိမသာ ခိုးကြည့်နေကြသည်။

“ဘာ .. ဘာလဲ ပြန်ရိုက်မလို့လား”

“မှန်းကြည့်လေ။ ဒီအနေအထားက ရိုက်မယ့် အနေအထားလား”

အတန်းခေါင်းဆောာင်၏ အသံကပင် ကျွန်တော့်အား ရင်ခုန်စေရန် လုံလောက် နေပြီ ဖြစ်သော်လည်း သည်လို အခြေအနေမှာတော့ ရင်မခုန်နိုင်သေးပါ။

ဒီကောင် ဘာတွေ ကြံနေတာလဲ? သူ့ကို ရိုက်မိလို့ အတန်းထဲက ကလေးမတွေ ငါ့ကို ၀ိုင်းရိုက်အောင် လုပ်နေတာလား။ အတန်းခေါင်းဆောင်က ငါတို့ မေဂျာရဲ့ King မဟုတ်ဘူး ဆိုပေမယ့်လည်း အတန်းထဲမှာ သူ့ကို ကြိုက်နေတဲ့ ကောင်မလေးတွေ ၅ ယောက်လောက်တော့ ရှိသေးတယ်လေ။ သူတို့သာ ဒီလို အနေအထားကို မြင်သွားကြည့် ပါလား ငါက တကယ် ချောင်းရိုက်ခံရမှာဟ။

“အံ့မှူး … ဘာစောင့်နေတာလဲ”

“ဟမ် ဘာကိုလဲ”

“ဒီလောက် နီးကပ်အောင် တိုးပေးပြီးပြီလေး မင်း ငါ့နှုတ်ခမ်းကို မြန်မြန်လေး ဖိကပ်လိုက်သင့်ပြီမလား”

“ဘာပြောတယ်?”

ရူးချင်ယောင် ဆောင်နေသည့် အံ့မှူးသာကို ရှင်းရန်နိုင် စိတ်မရှည်တော့။ သုံးခါ နမ်းမည်ဟု ပြောခဲ့တာ သူမဟုတ်လို့လား? သူက Wind God ကို မဖတ်ချင်တော့တာလား။

စားပွဲထိုးလေးက အအေး လာချသဖြင့် မျက်နှာချင်း ကပ်နေရာမှ ခွာလိုက်ပြီး ပုံမှန်အတိုင်း ပြန်ထိုင်လိုက်ကာ အအေး သောက်လိုက်သည်။

“အတန်းခေါင်းဆောင် … မင်းက Gay လား”

“မင်း ကိုယ်တိုင် ငါ့ကို Wind God တင်ပေးရင် သုံးခါနမ်းမယ် ပြောခဲ့တာလေ။ ငါ Gay တာ မ Gay တာနဲ့ ဆိုင်လား”

“ဖြောင့်နေတဲ့ ယောက်ျားလေး တစ်ယောက်က ယောက်ျားချင်း နမ်းတာ ခံပါ့ မလား”

အတန်းခေါင်းဆောင်က ဘာမှပြန်မပြော။ ရုပ်တည်ကြီးနှင့် အအေးကိုသာ ကုန် အောင် သောက်သည်။

“အတန်း သွားတက်မယ်။ နောက်ကျနေပြီ”

အတန်းခေါင်းဆောင် ပြောမှ Tuto ဖြေရမှာကို သတိရတော့သည်။ တကယ်ကို နောက်ကျနေပြီမို့ အတန်းထဲကို အမြန်ပြေးရသည်။ အတန်းထဲ ရောက်သည်နှင့် နှစ်ယောက်သား လမ်းခွဲဖြစ်သည်။ သူ ထိုင်သည့် ရှေ့ဆုံးတန်းတွင် ကျွန်တော် အံ့မှူးသာ လုံးဝ လုံးဝ မထိုင်နိုင်။

<3

တစ်နေကုန် အတန်း တက်ပြီးသည်နှင့် လူက ပင်ပန်းသွားလေသည်။ အိမ်ပြန်ပြီး အမြန်လေး အိပ်ယာပေါ်မှာ လှဲချလိုက်ချင်ပြီဖြစ်သဖြင့် စာရွက်များကို ဖြစ်သလိုပင် လွယ်အိတ်ထဲ ထိုးထည့်ကာ ပျင်းတိပျင်းရွဲ့ဖြင့် လွယ်အိတ် လွယ်လိုက်သည်။ ကားဂိတ် အထိ လမ်းလျှောက်ဖို့ကိုတောင် အားမရှိတော့။ ညနေခင်းမို့ နေသိပ်မပူသော်လည်း ကားဂိတ်တွင် လူ အရမ်းများသဖြင့် စိတ်ရှုပ်စရာပင်။ ဘတ်စ်ကား စောင့်ရသည်မှာလည်း တစ်နာရီလောက် ကြာနေပြီမို့ လူက ချွေးစို့လာပြီ ဖြစ်သည်။ ဘတ်စ်ကား လာသည်နှင့် ပြေးတက်ပြီး ပြတင်းပေါက်ဘက်တွင်နေရာယူထားကာ မျက်ဝန်းများ မှိတ်ထားလိုက်သည်။

“အိမ်ပြန်မှာလား”

ရုတ်တရက် အတန်းခေါင်းဆောင် အသံ ကြားလိုက်ရသဖြင့် မျက်လုံးကြီး ပြန်ဖွင့် ကာ ကြည့်လိုက်တော့ တကယ်ပဲ သူဖြစ်နေသည်။

“မင်း ဖယ်ရီ စီးတာ မဟုတ်ဘူးလား”

“မစီးတော့ဘူး … ဒီနေ့က စပြီး”

“ဘာလို့လဲ”

“မင်း အိမ်လိုက်မလို့”

“ဘာ!”

<3

အတန်းခေါင်းဆောင်က တကယ်ကြီး ကျွန်တော့်အိမ် လိုက်လာလေသည်။

“အတန်းခေါင်းဆောင်”

“ဘာလဲ”

“မင်း ဘာလို့ ငါ့နား ကပ်နေတာလဲ”

“မင်း ကုတင်က အရမ်း သေးနေတာကိုး”

ကုတင်ပေါ်မှာ ကျကျနန ထိုင်ပြီး လွယ်အိတ်ကြီးထဲမှ Laptop ကို ထုတ်နေလေ သည်။ ကျွန်တော့်ကိုပင် အားသွင်းကြိုးပေးကာ ပလပ်ပေါက်တွင် ထိုးခိုင်းပြီး မီးဖွင့်ခိုင်းနေ သေးသည်။

“အဲ့တာကို ပြောတာ မဟုတ်ဘူး။ ဘာလို့ ငါ့နောက်လိုက်နေတာလဲ မေးတာ”

“မင်းပဲ Wind God ဖတ်ချင်တယ်ဆို?”

“မင်းပြောတော့ အဆင်သင့် ရှိတယ် တင်ရုံပဲဆို”

“အဲ့တာ အာချောင်တာ”

“မင်း!”

အံ့မှူးသာ စိတ်တိုနေသော်လည်း ဘာမှ ပြန်မပြောနိုင်တော့ပေ။ ရုပ်တည်ကြီးနဲ့ စာရိုက်နေသော Crush ဖြစ်သူအား ငေးကြည့်နေမိသည်။ လက်ချောင်းရှည်ရှည်တွေက အစ အရယ်အပြုံးနည်းသော နှုတ်ခမ်းပါးအထိ ကြည့်ကောင်းသည်။

အတန်းခေါင်းဆောင် …။ အထက်တန်းကတည်းက ဒီလူဟာ အမြဲတမ်း အတန်း ခေါင်းဆောင် လုပ်ခဲ့ပြီး ရုပ်တည်ကြီးနှင့် အရာရာကို ဦးဆောင်ခဲ့သည်။ မည်သည့် ကိစ္စမဆို လူမမြင်နိုင်သည့် နေရာမှာ တိတ်ဆိတ်နေတတ်သည့် ကျွန်တော်နှင့်တော့ အကွာကြီး ကွာခြားသည်။ အတန်းခေါင်းဆောင်က စာအရမ်း မတော်သော်လည်း ဆရာ၊ ဆရာမတွေ ပင် အားကိုးရသည့် ကျောင်းသား တစ်ယောက် ဖြစ်သည်။

“မင်း အိပ်ချင် အိပ်လို့ရတယ်နော်။ ငါ့ကို စောင့်ပေးစရာ မလိုဘူး”

“စာရေးတာ မင်း အိမ်မှာ ရေးလို့ မရဘူးလား”

“မရဘူး အိမ်မှာ အရမ်း ဆူညံနေလို့”

“ဒါဆို အရင်နေ့တွေက ဘယ်လို ရေးလဲ”

“အရင်နေ့တွေက Wind God ရေးတာမှ မဟုတ်တာ”

“ဘာကွာလို့လဲ”

“မင်း နားမလည်ပါဘူး”

အနှိမ်ခံလိုက်ရသော်လည်း Crush က ပြောတာမို့ သိပ်ပြီး စိတ်မဆိုးနိုင်။ ပါးစပ် ပိတ်ပြီးသာ ဂိမ်းဆော့နေလိုက်တော့သည်။ အတန်းခေါင်းဆောင်က တစ်နာရီလောက် ကြာတော့ ပြန်သွားလေသည်။ နောက်နေ့တွင် အတန်းထဲမှာပါ ကျွန်တော့်ဘေးကို လာထိုင်လေသည်။

“ရှေ့ဆုံးတန်းမှာ မထိုင်ဘူးလား”

“Wind God အတွက် plot စဉ်းစားရမှာမို့”

“မနေ့က ရေးပြီးပြီ မဟုတ်ဘူးလား”

“မကြိုက်လို့ ပြန်ဖျက်လိုက်ပြီ”

“ဘာ”

“ဇာတ်သိမ်းလေးပဲ မင်း စဉ်းစားပြီးသား မဟုတ်ဘူးလား”

“မဟုတ်ဘူး”

ပြောစရာ စကားပင် မရှိတော့ပေ။

အဲ့သည်နောက်တွင်တော့ အတန်းခေါင်းဆောင်သည် အချိန်တိုင်း ကျွန်တော့် အနားကို ကပ်နေတော့သည်။ အတန်းထဲတွင်လည်း ပူးကပ်နေသော ကျွန်တော်တို့ နှစ်ယောက်ကို အားလုံးက အံ့သြနေလေသည်။

ဘယ်တုန်းကမှ လူတွေ သတိမထားတဲ့ ကျွန်တော့် ဖြစ်တည်မှုလေးဟာလည်း အတန်းတူ သူငယ်ချင်းများရဲ့ အာရုံစိုက်စရာ တစ်ခု ဖြစ်နေပြီ။

အတန်းပြီးသည်နှင့် အိမ်ကို နေ့တိုင်းလိုက်လာလေသည်။ တစ်နာရီလောက် Laptop keyboard ကို တတောက်တောက် ရိုက်ပြီးသည်နှင့် ပြန်သွားတတ်သည်။ ၅ရက် လောက် ကြာပြီးသည့်အချိန်မှာတော့ ကျွန်တော် သည်းမခံနိုင်တော့ပေ။ ဇာတ်သိမ်း ဒုတိယပိုင်းလေးကို အကြောင်းပြကာ လိုက်ကပ်နေသည်မှာ မည်သည့် အကြံကြောင့် ဖြစ်မည်ကို အရမ်း သိချင်လာသည်။

ဒါမှ မဟုတ် … အတန်းခေါင်းဆောင်က ငါ့ကို ကြိုက်နေတာလား?

တွေးကြည့်ရုံနှင့်ပင် ပြုံးဖြီးလာသည်။

သူက အခု ငါ့ကို လိုက်နေတာလား?

ထုတ်မေးသင့် မမေးသင့် စဉ်းစားနေပြီးမှ ထုတ်မေးရန် ဆုံးဖြတ်လိုက်သည်။ မေးမှ သိနိုင်မည် မဟုတ်လား။

<3

“အတန်းခေါင်းဆောင်”

“အင်း ပြော”

“မင်းက ဇာတ်သိမ်းခန်းရဲ့ တစ်ဝက်လောက်လေးကို ခုထိ ရေးလို့ မပြီးသေးဘူး လား။ တစ်နေ့ကို တစ်ကြောင်း ရေးနေတာလား”

“ပြီးသွားပြီ”

“ဟမ် … သြော် ရေးလို့ ပြီးသွားပြီလား”

မေးမယ်ဆိုကာမှ ရေးလုိ့ ပြီးပြီဆိုတော့လည်း ပြီးပြီပေါ့။ မေးစရာ မလိုတော့ဘူးပေါ့။

“အင်း ဒီနေ့ မင်းအိမ် မလိုက်တော့ဘူး”

ပြောပြီးသည်နှင့် ထွက်သွားသည်မို့ လက်လှမ်းဆွဲကာ ကမမ်းကတမ်း မေးလိုက်ရ သည်။

“ဖယ်ရီနဲ့ ပြန်တော့မလို့လား”

“ဟုတ်တယ်”

လက်လွှတ်ပေးလိုက်တော့ အတန်းခေါင်းဆောင်က ထွက်သွားလေသည်။ သူ့ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ရင်ထဲမှာ လစ်ဟာသွားသလို ခံစားရသည်။ တစ်ယောက်တည်း အိမ်ပြန်ရတာဟာ အထီးကျန်နေသလိုလို။

နေပါဦး။ ၅ရက်ကျော်လေး ရှိသေးတာကို သူ ငါ့အနား ကပ်နေတာကကို နေသား ကျသွားပြီလား။

အိမ်ရောက်ရင် ဇာတ်သိမ်းပိုင်းလေး ဖတ်ရတော့မည်ဟု တွေးကား အားတင်းပြီး ပြန်လာခဲ့ရသည်။ သို့သော် ဖုန်းမှာ ဘာ Noti မှ မတတ်။ အချိန်အတော်ကြာ စောင့်နေ သော်လည်း တက်မလာ။ တစ်နာရီ ကြာလည်း မတင်၊ နှစ်နာရီ ကြာလည်း မတင်သေးပေ။

“ဇာတ်သိမ်းပိုင်းက ဒီနေ့ တင်ဖို့ အစီအစဉ်ရော ရှိရဲ့လား။ ဒီ တစ်သက် ငါက ဖတ်ရဦးမှာလား”

တကယ်ကြီးကို တစ်နေသာ ကုန်သွားသော်လည်း အပိုင်းသစ် မတက်လာပေ။

<3

“အတန်းခေါင်းဆောင်”

“အင်း ပြော”

“ဇာတ်သိမ်းပိုင်းက မတင်သေးဘူးလား”

“မင်း အခု ဘာလုပ်နေလဲ”

အမေးနှင့်အဖြေကား တခြားစီ။ သို့သော်လည်း စိတ်ရှည်ရှည်နှင့် စာပြန်လိုက်ရ သည်။

“ပိတ်ရက် ဆိုတော့ အိမ်မှာပဲလေ”

“ငါနဲ့ တွေ့ချင်လား”

“အခုလား”

“အင်း”

အတန်းခေါင်းဆောင်က တကယ်ပဲ ငါ့ကို ကြိုက်နေတာလား?

“ဘယ်မှာ တွေ့ကြမလဲ”

သို့ဖြင့် ကျွန်တော်တို့ အိမ်နားရှိ စာအုပ်ဆိုင်တွင် တွေ့ရန် သဘောတူလိုက်ကြ သည်။ စာအုပ်ဆိုင် ဆိုသော်လည်း အေးအေးလူလူ ထိုင်ပြီး စာအုပ်ငှားဖတ်ချင်လည်း ရသည်။ ခြံဝင်းတွင် ဖွင့်ထားသဖြင့် ခြံထဲမှာ စာအုပ်ထိုင်ဖတ်ရသည်မှာ သိပ်ကို အေးချမ်း သည်။ သစ်ပင်များပေါများသဖြင့် စိမ်းစိုလှပနေရာ စိတ်ကို ကြည်လင်စေသည်။

“အတန်းခေါင်းဆောင်”

“ဒါက ဘာလဲ စာအုပ်ဆိုင်လား စာကြည့်တိုက်လား”

“မှန်းကြည့်လေ”

သစ်သားအိမ်လေးထဲကို ၀င်သွားတော့ အထဲမှာ စာအုပ်စင်များ စီတန်းလျက် ရှိနေပြီး စာအုပ်အနံ့များမှာ သိပ်မွှေးသည်။

“ဆိုင်ရှင်ရော”

“ဆိုင်ရှင် ဘဘက အပေါ်ထပ်မှာလေ”

“ဆိုင်ကို ဒီလိုပဲ ပစ်ထားတာလား”

“ယုံကြည်ရမယ့်သူ ရှိလို့ ခဏ သွားအိပ်တယ်”

“ယုံကြည်ရမယ့်သူ? ဘယ်သူလဲ”

အံ့မှူးသာက သူ့ကိုယ်သူ လက်ညှိုးထိုးပြလေသည်။ ပြုံးဖြီးဖြီး ဖြစ်နေသော ရုပ်ကြီးက နည်းနည်းလေးမှ ယုံချင်စရာ မကောင်းပေ။

ဆိုင်ရှင်အဘဟာ ဒီလို ကောင်လေး ကိုများ ယုံကြည်ပြီး ဆိုင်ကို အပ်ထားရတယ် လို့။

“အတန်းခေါင်းဆောင် မင်း ဇာတ်သိမ်းပိုင်းကို ဘယ်တော့ တင်ပေးမှာလဲ”

“ဖတ်ချင်နေပြီလား”

“ရူးနေလား။ သေချာတာပေါ့။ မေးနေစရာတောင် မလိုဘူး”

“ဒါဆို မင်း ပြောသလို လုပ်ရတော့မှာပေါ့”

“ဟမ် …… ဘာကိုလဲ”

ရုတ်တရက်ကြီး စာအုပ်စင်ဘက်ကို ကျွန်တော့်ရဲ့ ကိုယ်အားတွန်းလိုက်ရုံသာမက စာအုပ်စင်ကိုလည်း အတန်းခေါင်းဆောင်က လက်ထောက်ထားသေးသည်။

ဒါက ဇာတ်လမ်းတွေထဲမှာဆို အနမ်းခံရမယ့် အနေအထားမလား။

“အတန်းခေါင်းဆောင်”

“အင်း ပြော”

“ဘာလုပ်မလို့လဲ”

“မှန်းကြည့်လေ”

နီးကပ်လွန်းသည့် အနေအထားကြောင့် ရူးသွပ်သွားတော့ မတတ်ပင် ရင်ခုန်သံ တွေ မြန်ဆန်နေပြီ ဖြစ်သည်။ အတန်းခေါင်းဆောင်၏ ခပ်ချောချော မျက်နှာနှင့် စူးရှရှ အကြည့်ပါ ထပ်ပေါင်းလိုက်ပါက အသက်ပင်ပါနိုင်သည်မို့ ထပ်ပြီး ကြည့်နိုင်စွမ်း မရှိတော့ ပေ။ မမြင်ရတော့အောင် မျက်လုံးမှိတ်လိုက်ကာမှ အတန်းခေါင်းဆောင်က ရုတ်တရက်ကြီး နှုတ်ခမ်းကို ဖိနမ်းလိုက်လေတော့သည်။

“အတန်းခေါင်းဆောင် ….”

“အင်း ပြောလေ”

“မင်း ငါ့ကို ကြိုက်နေတာလား”

နီးကပ်နေသည့် အနေအထားအတိုင်း ဆက်နေလို့ မဖြစ်သဖြင့် တွန်းဖယ်လိုက် တော့ အတန်းခေါင်းဆောင်က ရှားရှားပါးပါး ရယ်လေသည်။

“မင်းကမှ ငါ့ကို ကြိုက်နေတာ မဟုတ်ဘူးလား”

“သိနေခဲ့တာလား”

ခေါင်းညိတ်ပြပြီး သစ်သားအိမ်လေးထဲမှ ထွက်သွားသဖြင့် အံ့မှူးသာ သူ့ အနောက်မှ လိုက်ရလေသည်။ ခြံထဲရှိ မန်ကျည်းပင်ကြီး အောက်မှ သစ်လုံး ထိုင်ခုံတွင် နှစ်ယောက်သား ထိုင်လိုက်ကြသည်။

“အတန်းခေါင်းဆောင်”

“အင်း ပြောလေ”

“မင်း ဘယ်လို သိသွားတာလဲ”

“မင်း Fb က အချစ်ဆုံးသူကို မန်းရှင်း ခေါ်ဆိုတဲ့ ပို့စ်တစ်ခု အောက်မှာ အတန်းခေါင်းဆောင်လို့ ရေးထားတာ တွေ့တယ်”

“သေစမ်း! ရှင်းလဲ့ကိုကို Acc က ငါနဲ့ Friend ဖြစ်နေတာပဲ”

“အဲ့ကတည်းက ငါ မင်းကို သတိထားမိသွားတာ။ နောက်တော့ မင်းအမူအယာ တွေ မြင်မှ တကယ် ငါ့ကို ကြိုက်နေတယ်ဆိုတာ သေချာသွားတာ”

“ဒီလိုကိုး”

“မင်း ငါ့ကို နမ်းဖို့ နှစ်ခါ ကျန်သေးတယ်နော်”

ဒါက ဒီအတိုင်း စနောက်ပြီး ပြောခဲ့တာကို အတန်းခေါင်းဆောင်က ဘာလို့ အတည်ယူနေရတာလဲ။

အတန်းခေါင်းဆောင်က ငါ့ကို ကြိုက်နေတာလား။

“အတန်းခေါင်းဆောင်”

“အင်း ပြော”

“မင်း ငါ့ကို ကြိုက်နေတာလား”

“မင်းပဲ ငါ့ကို ကြိုက်နေတာလေ”

“မဟုတ်ဘူးလေ မင်းရော ငါ့ကို ကြိုက်လားမေးတာ”

စာအုပ်စင်မှ ယူလာသည့် စာအုပ်ကို ဖွင့်ကာ ဖတ်ချင်ယောင် ဆောင်နေသည်။

“အတန်းခေါင်းဆောင်”

“အင်း ပြော”

“ငါ မေးတာ ဖြေလေကွာ”

“ငါ ဒီအတိုင်း မင်း ကြိုက်နေတာကို လက်ခံပေးရုံတင်ပါ”

“အာ …. အဲ့လိုမျိုး ဘယ်မှာ ရှိလို့လဲ”

ရှင်းရန်နိုင် စာအုပ်သာ ပြန်ဖတ်နေပြီး ရယ်နေလေသည်။

ငါတုိ့ အတန်းခေါင်းဆောင်က ရုပ်တည်ကြီးနဲ့ နေလည်း ချောသလို၊ ရယ်နေရင် လည်း ချောတာပဲ။

“ဒါဆို ငါတို့က ဘာတွေလဲ”

“မင်း ဇာတ်သိမ်းပိုင်း မဖတ်ချင်ဘူးလား”

“ဒါက မေးစရာလိုသေးလို့လား”

ရုတ်တရက်ကြီး ထနမ်းလိုက်ပြန်သည်။

ဒီ အတန်းခေါင်းဆောင်က ငါ့ကို တကယ်ပဲ ကြိုက်နေတာလား။ ဒီလောက်တောင် ဖြစ်နေတာကို သူ မဂေးဘူးပြောရင် ငါ လုံးဝ မယုံဘူးနော်။

“ဇာတ်သိမ်း ဘာလို့ မရေးခဲ့လဲ မင်းသိလား”

“သိရအောင် ငါက လျှပ်စီးနတ်ဘုရားရဲ့ ယောက်ျားလည်း မဟုတ်”

“ငါ စိတ်ဝင်စားတဲ့သူ ရှိလာမှ ရေးမယ်လို့ ဆုံးဖြတ်ထားခဲ့တာ။ သူ့မျက်နှာကို ကြည့်ရင်းပေါ့”

“ဘာလို့လဲ”

“ငါ ပထမဆုံးရေးခဲ့တဲ့ ဇာတ်လမ်းမို့ ငါ အများကြီး အလေးထားတယ်”

နေပါဦး …. ဒါဆို စိတ်ဝင်စားတဲ့သူက ငါများလား။ အတန်းခေါင်းဆောင်ကလည်း တကယ်ပဲ ငါ့ကို ကြိုက်နေတာပဲ။

“စာအုပ် ဘာလို့ မထုတ်တာလဲ”

“သိရဲ့သားနဲ့ ငါက ဒီတိုင်း ငါ စိတ်ထဲရှိတာတွေ ပေးသိချင်ရင် ချရေးမယ်။ မသိစေချင်တော့တဲ့အခါ ပြန်ဖျက်မယ်။ လွတ်လွတ်လပ်လပ် လုပ်ချင်ရာ လုပ်ရမှ ကျေနပ်တာ”

“အေး ငါကလည်း ငါသဘောကျတဲ့ ၀တ္ထုတွေဆို စာအုပ် ကိုင်ဖတ်ရမှ ကျေနပ်တဲ့ သူမျိုး”

“မင်း ဖတ်ချင်ရင် မင်းအတွက် တစ်အုပ် Print ထုတ်ပေးရမလား”

“တကယ်လား”

“အင်း တကယ် ထုတ်ပေးမယ်”

မြင်လား။ အတန်းခေါင်းဆောင်က တကယ်ကြီး ငါ့ကို ကြိုက်နေတာပဲ။ ငါ့အတွက် တစ်အုပ်တည်း စာအုပ်တောင် ထုတ်ပေးဦးမှာတဲ့။

တွေးရင်း ပျော်လာကာ အရမ်း နမ်းချင်လာသဖြင့် ဖြတ်ကနဲ နမ်းလိုက်မိသည်။

“အံ့မှူး …”

“၃ခါ ပြည့်ပြီး ဆိုတော့ ဇာတ်သိမ်းပိုင်း တင်ပေးတော့လေ”

အတန်းခေါင်းဆောင်က ရယ်ရင်း တကယ်ကြီး ဖုန်းထုတ်ကာ အပိုင်းသစ်ကို တင်ပေးလေသည်။ နောက်ဆုံးပိုင်း ဖတ်ပြီး စိတ်ထဲမှာ ပျော်ရွှင်လာလေသည်။

နောက်ဆုံးတော့ လေးနှစ်ကျော် စောင့်နေခဲ့တဲ့ ဇာတ်သိမ်းပိုင်းလေးကို ဖတ်ခွင့် ရခဲ့လေပြီ။

အတန်းခေါင်းဆောင်က တကယ်ကြီး ငါ့ကို ကြိုက်နေတာပဲဟ။

                     <3

ပြီးပါပြီ….။

နွေဦးပုံပြင်များ [နွေဦးပုံပြင်များ] Donde viven las historias. Descúbrelo ahora