(11)

130 8 0
                                    

“ မင်းဘယ်လိုဖြစ်တာလဲ…. ယွင်မုန့်မှာ နေပြီး ရေထဲ မျောပါသွားရတယ်လို့.. ကြားလို့မှ မကောင်း”
ကျန်းချန်က သူ့ကို ခန်းမဆောင်ထဲ အဝင် တစ်လမ်းလုံး ဆူဆဲလာသည်။ တွဲကူဖေးမပေးထားသည့် လက်ကိုကား မလွှတ်။
“ ငါရှင်းပြပါ့မယ်..”
“ ငါ့ကို နောက်မှ ရှင်း၊ မင်းယောက်ျားကို မင်း အရင်ရှင်း”
“ ဟင်.. လန်ကျန့် ပါလာတာလား”
“ မင်း အထဲရောက်တော့ ကြည့်ကြည့်”
အစေခံများက သူတို့ ခန်းမအဝင်ရောက်တော့ တံခါးဖွင့်ပေးကြသည်။ 
ပထမဆုံး သူ့ဆီ ပြေးလာကြသည်က စစ်ကျွေးနှင့် ကျင်းရီ။ နောက်တွင်လည်း ခန်းမတစ်ခုလုံး လူအပြည့်။
“ မင်းတို့တွေ လန်ဂိုဏ်းနဲ့ ကျန်းဂိုဏ်းက လူတွေ အကုန်လုံး ဒီကိုများ ခေါ်လာကြတာလား”
ကျင်းရီက သူ့ကိုဖက်ကာ အာပြဲကြီးနှင့် အော်ငိုသည်။
“ အမလေး၊ ကျွန်တော်က ဝေ့သခင်လေး သေပြီမှတ်လို့ ငိုလိုက်ရတာဗျာ … အရှင်လတ်လတ်ကြီး ရှိနေလို့ တော်သေးတာပေါ့….ဝါးးးး”
“ လန်ကျင်းရီ၊ ငါမင်းကို လျှောက်အော်နေဖို့ သင်ထားသလား ဟမ်”
တကယ်ကြီးကို လန်ချီရန်ပါ ပါလာတာဟ။ သူ စိတ်ထဲကနေ အသံကုန် အော်နေမိသည်။ အပြင်မှာတော့ သူ ကျန်းချန်ရဲ့ ဖေးမမှုဖြင့် အတူ လန်ဘိုးတော်ကို ဦးညွတ်လိုက်သည်သာ။
“ မတွေ့ရတာ ကြာပါပြီ၊ ဦးရီးတော်”
သူ့နှုတ်ခွန်းဆက်စကားကို လန်ဘိုးတော်က လန်ဂိုဏ်းမူပိုင်အလား မှတ်သားရသည့် မျက်နှာသေကြီးဖြင့် ပြန်ဖြေလေသည်။
“ မင်း၊ ဒီကောင်လေး… ကူးစူးကို ပြန်မလာတတ်ဘူးလား ဟမ်။ ဒီမှာနေပြီး သူများလုပ်စာ အခန့်သား ထိုင်စားနေပြီးတော့ လူတကာကို ဒုက္ခပေးနေတာလား”
လန်ဘိုးတော် ဆူပူသမျှကို ဝေ့ရင်းတစ်ယောက် ငုံ့ခံနေရစဉ် ကျင်းရီက ခေါင်းလေးငိုက်စိုက်ဖြင့် တိုးတိုးလေး ဆိုလေသည်။
“တော်သေးတာပေါ့၊ အသက်ရှင်နေပေးလို့။ တကယ့်ကို တော်သေးတာပေါ့။ ခုထိ ကောင်းကောင်းအသက်ရှင်နေပေးလို့…”
အခန်းထဲရှိလူများအားလုံးနီးပါးကလည်း ကျင့်ကြံသူများသာ ဖြစ်လေရာ ကျင်းရီ ဆိုသည့် စကားများ မည်မျှတိုးပစေ ကြားနေရသည်သာ။ တကယ်ကိုပင် ဝေ့သခင်လေး အသက်ရှင်နေသည်မှာ ကံကောင်းလှသည့် ကိစ္စရပ်ကြီး တစ်ခုပင် ဖြစ်သည်လေ….မဟုတ်ပါက လန်ဂိုဏ်း၏ ဒုတိယသခင်လေးနှင့် ကျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ဟိုးအရင်နှစ်များကလို အရူးတစ်ပိုင်းဖြင့် ဝေ့သခင်လေးကို လိုက်ရှာကြသည့် ဖြစ်ရပ်ကို သူတို့ အစကနေ ပြန်ကြည့်ကြရတော့လိမ့်မည်။
“ဟန်ကွမ်းကျွင်း၊ ရောက်လာပါပြီလား”
အပေါက်ဝရှိ လန်ဂိုဏ်းသားများက လန်ဝမ့်ကျီးကို နှုတ်ခွန်းဆက်သကြသည်။ အဖြူရောင် ဝတ်ရုံတွင် တိမ်လွှာပန်းထိုး လက်နားဖြင့် လန်ကျန့်က သူခုနက မက်ခဲ့ရသည့် အိပ်မက်ထဲမှ သူ၏လန်ကျန့်ပါပင်။ မတူတာတစ်ခုက ဒီတစ်ခါတော့ အိပ်မက်ထဲမှာ မဟုတ်ပဲ အပြင်မှာ မြင်နေရခြင်းသာ..။
“ ဝေ့ရင်း…”
သူ ကြောင်ကြည့်နေမိသည်။ ဘာစကားတို့ ဆိုရမည်ကိုလည်း မသိ။
“ လာ… ပွဲစတော့မယ်။ ကိုယ့်နားလာထိုင်”
ကျန်းချန်၏ လက်ထဲမှ သူ့ကို လန်ကျန့်က လာတွဲသည်။ သူ ထိုအချိန်ထိ ဘာစကားမှ မဆိုမိ။ တော်သေးတာ တစ်ခုက လန်ကျန့်ကလည်း ဘာစကားအပိုမှ မဆိုချေ။ သူပဲ စိတ်ထင်သလားတော့ မသိပေမဲ့ လန်ကျန့်မျက်လုံးများက နီရဲနေသယောင်ယောင်။
ခဏအကြာတွင် ရွှမ်ချောင်နှင့်တကွ အခြားသူများပါ ဝင်လာကြကာ နှစ်ကူးပွဲတော်ကို စတင်ကျင်းပလိုက်ကြသည်။ ကပြဖျော်ဖြေနေကြသော အကမယ်များ၊ သီဆိုတီးမှုတ်နေကြသော သဘင်သည်များဖြင့်လည်း ခန်းမဆောင်တစ်ခုလုံး ပျော်ရွှင်မြူးတူးသံများ ဖုံးလို့ နေသည်။
လန်ကျန့်ကမူ ထူးထူးခြားခြား ဘာစကားတစ်ခွန်းမှ အခုထိ မပြောသေးချေ။ ကျန်းချန်သည်လည်း စားပွဲတွင်သာထိုင်ကာ သေရည် တစ်အိုးပြီး တစ်အိုး ထိုင်သောက်လို့ နေသည်။ သူတို့နှစ်ယောက်ကြား ထိုင်နေရသည့် ဝေ့ရင်းမှာသာ စိတ်တွေ ကျဉ်းကြပ်လို့ လာသည်။ စားပွဲပေါ် တင်ထားသည့် ဟင်းလျာများကိုလည်း စားလို့ မဝင်။ အင်္ကျီလက်နားတွင် ပန်းထိုးလို့ထားသည့် ပျိုနီပန်းပွင့်များကိုသာ ငေးကြည့်နေမိသည်။ ထို့နောက် ငေးနေမိတာက တိမ်လွှာပန်းထိုး ဝတ်ရုံ လက်အနား… လန်ကျန့်က တကယ် သူ့ကို လာရှာတာလား။
ခဏအကြာတွင် ရွှမ်ချောင်က လန်ကျန့်နှင့် ကျန်းချန်ကို လာနှုတ်ဆက်သဖြင့် ထိုနှစ်ယောက်မှာ ထလိုက်သွားကြရသည်။ ဘာပဲပြောပြော ရွှမ်ချောင်သည်လည်း ဝေ့ရင်းကို စောင့်ရှောက်ပေးထားသူ တွေထဲက တစ်ယောက်ပင် ဖြစ်သဖြင့် သူတို့က လေးစားသမှုတော့ ပြသရမည် မဟုတ်ပါလား။
သူ စားပွဲတွင် ထိုင်နေခဲ့ပြီး ဟင်းခွက်များကို ငူငူကြီး ကြည့်နေစဉ်မှာပင် အားမြောင်က သူ့အနား ရောက်လို့လာသည်။
“ကျန်းရင်း… နင်အဆင်ပြေလား”
“ ကျွန်တော့်နာမည်ရင်းက ဝေ့ဝူရှန့်.. ဝေ့ရင်းပါ။ ကျန်းမျိုးရိုးက ကျွန်တော့်ကို ကျွေးမွေး စောင့်ရှောက်ခဲ့တဲ့ ကျန်းဂိုဏ်းချုပ်ရဲ့ နာမည်ကို ယူထားတာပါ။ လိမ်ညာခဲ့မိတဲ့အတွက် တောင်းပန် ပါတယ် အားမြောင်”
“ငါ့အတွက်ကတော့ နင်က နင်ပါပဲ၊ အဆင်ပြေရဲ့လား ကျန်းရင်း… အပြင်ထွက် လမ်းလျှောက် ချင်လား”
“ဟုတ်ကဲ့..”
သူ့စကားအဆုံးတွင် အားမြောင်က ဆေးတစ်လုံးထုတ်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ အားများ အနည်းငယ် ပြန်ပြည့်လာသလို ခံစားလိုက်ရသဖြင့် သူ့ဘာသာ ထရန် ကြံလိုက်တော့ အားမြောင်က ဘေးက တွဲထိန်းပေးသည်။
ခန်းမဆောင် အပြင်ဘက်တွင်တော့ မီးရောင်များက အနည်းငယ် မှိန်ဖျော့နေပေမည့် လရောင်က ဖြာကျနေသဖြင့် ဝင်းတစ်ခုလုံးကို မြင်နေရသည်။ အပြင်ဘက် ရောက်လာကာမှ အနည်းငယ် အသက်ရှူချောင်သွားသလိုပင်။
“ ဒီကောင်လေး ကိုယ့်ယောကျ်ားကိုယ် ပြန်တွေ့တာ မပျော်ဘူးလား”
အားမြောင်က ရယ်သံဟဟဖြင့် မေးတော့ သူပြန်ဖြေလိုက်သည်။
“ ပျော်ပါတယ် အားမြောင်။ မသေခင် နောက်ဆုံးတစ်ခေါက်ထပ်တွေ့ရတာ ဘယ်သူက မပျော်ပဲ နေမလဲ”
“ နင်ဘယ်လို ဖြစ်နေတာလဲ။ ငါ နင့်ကို ရအောင်ကယ်မယ်လို့‌ ပြောထားတယ်လေ”
“ ဒါပေမယ့် အားမြောင် ကယ်လို့ မရဘူးလေ။ ကျွန်တော် သိပြီးသားပါ”
သူ့စကားအဆုံးတွင် အားမြောင် ခေါင်းငိုက်စိုက်ကျသွားသည်။
“နင် ဘယ်လိုသိတာလဲ”
“ အားနည်းလာတဲ့ ရွှေအမြုတေကို ကုဖို့နည်းတွေက များများစားစားမှ မရှိတာ၊ ကျွန်တော် ကျန်းချန်ကို ကယ်ဖို့လုပ်ခဲ့တုန်းက အဲဒီနည်းတွေကိုလည်း ဖတ်ဖူးပါတယ်။ အဓိက ပါဝင်ပစ္စည်းတစ်ခုကို ရှာလို့ မရတာ မဟုတ်လား”
“.. အင်း….”
နဂိုတည်းက သိနေပြီးသား ဖြစ်ပေမည့် အားမြောင်ဆီက အတည်ပြုစကားကို ကြားရတော့ သူ့ရင်ထဲ ဆို့နင့်လို့သွားရသည်။ အားမြောင်က သူ့ကို မကြည့်ပဲ ပြောသည်။
“ အဲဒီသစ်ပင်က အရမ်းရှားတယ်။ ရှားတယ်ဆိုတာထက် ရှိပါ့မလားတောင် ငါလည်း မသိဘူး။ နောက်ဆုံးတစ်ပင်ကို ငါမြင်ခဲ့တုန်းက လွန်ခဲ့တဲ့ နှစ်တစ်ရာကပဲ…. နင်တောင် မမွေးသေးဘူး ထင်တယ်”
“ဟုတ်ပါ့… ကျွန်တော် နားလည်ပါတယ် အားမြောင်၊ ဒုက္ခမရှာပါနဲ့”
သူတို့ နှစ်ယောက်ပြိုင်တူ သက်ပြင်းချမိကြသည်။
“ အားမြောင်… ကျွန်တော် တောင်းဆိုချင်တာလေး ရှိတယ်”
“….”
“ ကျွန်တော် ထွက်သွားတော့မယ်”
“ အင်း… ငါသိသားပဲ၊ ဟန်ကွမ်းကျွင်းနဲ့ ကျန်းဂိုဏ်းချုပ် ကိုယ်တိုင် လာခေါ်နေကြပြီပဲဟာ”
“ သူတို့နဲ့ မဟုတ်ဘူး အားမြောင်၊ ကျွန်တော် တစ်ယောက်တည်း”
“ဟမ်..!”
“ ဝမ်နင်ကိုလည်း ကြည့်ရတဲ့ အတိုင်းဆို အားမြောင်တို့ တွေ့ပြီးလောက်ပြီ ထင်တယ်။ ဝမ်နင်ကို လျှိုမြောင်မှာ နေစရာနေရာ ပေးပေးပါ။ သူက ဘယ်သူ့ကိုမှ အန္တရာယ် မပေးပါဘူး။ လန်ကျန့်တို့ကလည်း ကူးစူးကနေ သူ့ကို နှင်ထုတ်မှာ မဟုတ်ပေမဲ့ လိုလိုပိုပို ပြောထားတာပါ”
“…….”
“ ပြီးတော့ ကျွန်တော့်ကို အားမြောင် တိုက်နေကျဆေးတွေ လက်ကျန် ရှိသလောက်လေး ကျွန်တော့်ကို ပေးပါ။ ကျွန်တော် ယိုင်နဲ့နဲ့ပုံစံနဲ့ ထွက်သွားရင် တစ်လီ(၀.၅ကီလိုမီတာ) တောင် မပြည့်ခင် သူတို့ ကျွန်တော့်ကို ပြန်မိသွားလိမ့်မယ်”
“ နင်.. ဘာဖြစ်လို့”
“ ကျွန်တော် သေသွားတဲ့ပုံစံကို သူတို့ကို ထပ်မပြချင်တော့ဘူး။ အရင် တစ်ဘဝတည်းနဲ့ လုံလောက်နေပါပြီ။”
“ နင်သေမယ်လို့ ဘယ်သူက ပြောလဲ… ငါ.. ငါနင့်ကို ကယ်မှာ”
“ကျွန်တော်တို့အားလုံး ဘာဖြစ်မလဲ ဆိုတာ  သိနေကြတာပဲ မဟုတ်လား”
….
နှစ်ယောက်သား ပြောစရာစကားများပင် အေးစက်သွားသယောင်။
…..
အတန်ကြာမှ သူက စကားဆက်သည်။
“ ကျွန်တော် အစက လန်ကျန့်ကို မြင်ရင် ပျော်မယ်ထင်ခဲ့တာ၊ အခုလေ ပြန်တွေ့တော့ ဒီနေရာက နာတယ်”
သူ့ရင်ဘတ်သူ ညွှန်ပြကာ ဝေ့ရင်းက ဆိုသည်။
“ ကျွန်တော့်ကို ကုမရတော့မယ့် အတူတူ ကျွန်တော့်ဘာသာ တစ်နေရာရာ ရှာပြီး သေလိုက်ပါရစေတော့၊ သူ့ကိုပါ မနာကျင်စေချင်တော့ဘူး… ထပ်ပြီးတော့… ထပ်ပြီးတော့ ကျွန်တော် သေသွားတဲ့ ပုံစံကို ထပ်ပြလိုက်ရလို့ရှိရင် သူတကယ် ခံစားရမယ် ထင်တယ်”
မျက်ရည်များက မဖိတ်ခေါ်ပါပဲ စီးကျလို့လာသည်။ မြင်ကွင်းများက ဝေဝါးလာသော်လည်း သူမျက်ရည်များကို မသုတ်ပဲ မတ်တပ်ရပ်နေမိဆဲ။
“နင် ဘယ်အချိန် သွားမှာလဲ ကျန်းရင်း”
“ မနက်ဖြန် မနက်ခင်း၊ နံနက်သုံးနာရီ”
“ စောလိုက်တာ”
“လန်ကျန့်က နံနက် ငါးနာရီ ထတာလေ အားမြောင်။ ကျွန်တော် ဆေးအရှိန်နဲ့ဆိုရင် သူ့ကို မျက်ခြေဖြတ်နိုင်မှာပါ။ ကျန်းဂိုဏ်းက လူတွေကလည်း အိပ်တာနောက်ကျပေမဲ့ ညတစ်နာရီဆို အိပ်ကုန်ကြပြီပဲဟာ။ ကျွန်တော် အဆင်ပြေမှာပါ”
“ နင်တကယ်ကြီး ဆုံးဖြတ်ပြီးပြီလား”
….
“ရော့၊ ငါ့မှာလောလောဆယ် နင့်အတွက် ကျန်တဲ့ ဆေးက ဒီလောက်ပဲ”
အားမြောင်က ဆေးတစ်ပုလင်းကို ထုတ်ပေးသည်။ ကြွေပုလင်း ဖြူဖြူလေးက လရောင်အောက်တွင် တောက်ပနေလျက်
“သုံးရက်ခြား တစ်ခါ သောက်မယ်ဆိုရင် သုံးလတော့ ခံမယ်။ နင်ရှိတဲ့ နေရာကိုသာ ငါ့ကို အဆက်အသွယ် မပြတ်စေပဲ ပြောပြ။ ငါဆေးပုံမှန် ပို့ပေးမယ်”
“ကျေးဇူးပါ အားမြောင်၊ အထဲ ပြန်ဝင်ကြတော့မလား”
“အင်း”
“ ခဏနေရင် ညကိုးနာရီထိုးတော့မယ်၊ လန်ကျန့်အိပ်ချိန်ရောက်ပြီ”
“ နင်….တကယ်ပဲ ထွက်သွားနိုင်လို့လား”
“…..”
“ဝေ့ရင်း…”
အသံလာရာကို လှည့်ကြည့်မိကြတော့ လန်ကျန့်က လှေကားထစ်များ အလယ်တွင် ရပ်လို့နေသည်။
“ ဪ… လန်ကျန့်၊ အိပ်တော့မလို့လား”
“ မဟုတ်ဘူး”
လန်ကျန့်က ပြောပြောဆိုဆို အနားသို့‌ လျှောက်လာကာ ဝတ်ရုံဖြူတစ်ထည်ကို လွှားပေးလိုက်သည်။ လရောင်အောက်တွင်ပင် အားမြောင် မြင်လိုက်ရသည်က တိမ်လွှာပန်းထိုး ဝတ်ရုံ… လန်ဂိုဏ်း၏မူပိုင် တိမ်လွှာပန်းများ။
“ အထဲ ပြန်ဝင်ရအောင် ဝေ့ရင်း၊ ဆောင်းလေက အေးတယ်”
“ အင်းပါ၊ အားမြောင်.. ကျွန်တော်တို့ ဝင်ကြရအောင်လေ”
ပြန်လှည့်လိုက်ချိန်တွင်ပင် သူရုတ်တရက် ယိုင်လဲကျသွားသဖြင့် လန်ကျန့်က သူ့ကို ပွေ့ချီလိုက်သည်။
“လန်ကျန့်… ရတယ်”
လန်ကျန့်ကတော့ တိုတိုပြတ်ပြတ် တစ်ခွန်းသာ ပြောလေသည်။
“မရဘူး”
အားမြောင်      “…….”

As the story goes on ( Lan Wang Ji and Wei Wu Xian's after story)Where stories live. Discover now