Unicode
နောက်နေ့တွေမှာ ခန့်ညားမောင်ခမျာ ဝေယံကိုကိုကို အဝေးကပဲ ကြည့်ရဲတော့တယ်။ ဝေယံကိုကိုက ထိလိုက်တာနဲ့ ကြွေသွားနိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်မယ်လို့ သူ စိတ်မကူးဖူးဘူးလေ။ တစ်ခုခုလုပ်မယ် စဉ်းစားလိုက်တိုင်း ဝေယံကိုကိုရဲ့ ချွေးစေးတွေနဲ့ နေမကောင်းဖြစ်သွားတဲ့ပုံကို ပြန်ပြန်မြင်ယောင်ပြီး သူ့ခမျာ နေမထိထိုင်မသာနဲ့။ ငရုတ်သီးအကျက်မှုန့် နည်းနည်းကတောင် ဝေယံကိုကိုကို ဒီလောက်ဖြစ်စေနိုင်ရင် တခြား လုပ်မဲ့အရာတွေဆို ဘယ်လိုများနေမလဲ။
"မင်း ဘာလို့ သူ့ကိုလိုက်ချောင်းကြည့်နေတာလဲ"
ကျောင်းစာအုပ်တွေသယ်ပြီး အတန်းဘက်ကိုပြန်သွားတဲ့ ဝေယံကိုကိုကို အနောက်က လိုက်ချောင်းနေတဲ့ ခန့်ညားမောင်ကို သူငယ်ချင်းတွေက မေးတယ်။ ထောင့်အကွယ်ကနေ နံရံကိုလက်နဲ့သေချာကိုင်ပြီး ပြေးလည်း ရိုက်ချင် ရိုက်ရင်လည်းတစ်ခုခုဖြစ်သွားမှာကို ကြောက်နေတဲ့ ခန့်ညားမောင်တစ်ယောက် အမြီးတက်နင်းခံရတဲ့ ကြောင်တစ်ကောင်လို လန့်ဖြတ်သွားရှာရဲ့။
"ဘယ်သူက သူ့ကို လိုက်ချောင်းလို့လဲ"
"မင်းပဲ လိုက်ချောင်းနေတာလေ"
မုန့်စားဆင်းချိန်မှာ ဘောလုံးကန်ဖို့အတွက် သူငယ်ချင်းတွေဟာ ဘောလုံးပိုက်ပြီး ပုဆိုးကိုကွင်းသိုင်း ထားခဲ့တယ်။
"ကျောင်းထဲမှာ ပုဆိုးကွင်းသိုင်းရင် မင်းကို ဒေါ်အော်လံ လုပ်လိမ့်မယ်"
"ဘယ်တုန်းက ငါတို့က သူတို့ကို ဂရုစိုက်လို့လဲ"
"အေးလေ ဂရုစိုက်နေမှဖြင့် မင်းအမွှေးတောင် ကွက်နီနေမှာမဟုတ်ဘူး"
တစ်ဆက်တည်း ဆံပင်အကိုင်ခံလိုက်ရတာကြောင့် ခန့်ညားမောင်တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ လွတ်ရာကို ရှောင်လိုက်တယ်။
"ဟေ့ ငါ့ဆံပင်ပုံပျက်သွားမယ်"
"အံမယ်... ဒီနံစော်နေတဲ့ ကျောင်းထဲမှာ မင်းကွက်လှနေလည်း ဘယ်သူမှ မင်းကို မကြည့်နေဘူး"
"အေးလေ အေးလေ"
တစ်ယောက်တစ်ပေါက်ပြောပြီး သူ့ဆံပင်ကိုဝိုင်းဖွနေတဲ့ သူငယ်ချင်းတွေကနေ သူ လွတ်အောင်ရှောင်ရ တော့တယ်။