Unicode
"ဘာလို့ သူ့ကို အိမ်ခေါ်လာတာလဲ"
ခန့်ညားမောင်က သူ့ညီမကို မေးတယ်။
"ဘာလို့ခေါ်လာရမှာလဲ သူက နင့်ကိုလိုက်နေတာကိုး နင်ကလည်း ကြိုက်သလိုလို ဖြစ်နေတယ်လေ"
မြတ်နိုးမောင်ရဲ့ တုံ့ပြန်စကားက ခန့်ညားမောင်ကို နှုတ်ခမ်းတင်းတင်း စေ့သွားစေပြီး ဝေယံကိုကိုကိုတော့ ပြုံးသွားစေတယ်။
"ပျော်မနေနဲ့ ကြိုက်သလိုလိုဖြစ်တာက ကြိုက်တာမဟုတ်ဘူး"
အစ်ကိုလုပ်တဲ့လူကို ဟောက်ပြီးတာနဲ့ မြတ်နိုးမောင်က သုံးယောက်ထိုင်ဆိုဖာရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ ထိုင်နေကြတဲ့ နှစ်ယောက်အလယ်ကနေ ဝင်ထိုင်လိုက်တယ်။
"အစ်ကို့ကို ယောကျာ်းလေးကျောင်းက ကောင်တွေလက်ထဲကနေပါ ကာကွယ်ရလိမ့် မယ်လို့မထင်ခဲ့ဘူး"
မကျေမနပ်ပြောနေတဲ့ မြတ်နိုးမောင်ကြောင့် ဝေယံကိုကိုက ဆိုဖာခုံမှာထားတဲ့ ခေါင်းအုံး လေးပိုက်ပြီး ခေါင်းလေးငုံ့သွားတယ်။
"ငါ့အစ်ကိုကို နင်က ဘာလို့ကြိုက်တာလဲ"
"လူတစ်ယောက်ကို သဘောကျဖို့က အကြောင်းပြချက်လိုလို့လား"
ဝေယံကိုကိုက ယောက္ခမစစ်ဆေးခံနေတဲ့ သားမက်လေးလို ရိုရိုကျိုးကျိုးပဲ ဖြေရှာတယ်။ မြတ်နိုးမောင်က ဖြေတတ်လိုက်တာဆိုတဲ့ မျက်စောင်းတစ်ချက်ပစ်ပြီး မျက်နှာပုတ်သိုးနေ တော့တယ်။
"ကိုကို..."
သုံးယောက်သား ခဏတဖြုတ်တိတ်ဆိတ်နေပြီးတော့ မြတ်နိုးမောင်က သူ့အစ်ကိုကို လှမ်းခေါ်တယ်။
"အင်း ညီမလေး"
ဝေယံကိုကိုက မောင်နှမနှစ်ယောက်ကို လေ့လာနေလိုက်တယ်။ သူ့နာမည်မှာ ကိုကို ပါတာကြောင့် ခန့်ညားမောင်က သူ့ကို ကိုကိုလို့ ခေါ်ပေးနိုင်လောက်လား။ ကိစ္စတော့မရှိပါဘူး။ ခန့်ညားမောင်က သူ့ကို ကိုကိုလို့မခေါ်လည်း သူကတော့ မောင်လို့ ခေါ်မှာပါပဲ။
"သူ့ကို နင်သဘောကျလား"
ဝေယံကိုကိုရှေ့မှာပဲ မေးလိုက်တာကြောင့် ခန့်ညားမောင်မျက်နှာက ခေါင်းအုံးနဲ့အပ် သွားတယ်။ ဝေယံကိုကိုလည်း မျက်ခုံးပင့်တယ်။ ဒီမေးခွန်းက မြတ်နိုးမောင်ထက် သူက အဖြေပိုသိချင်တဲ့ မေးခွန်းမျိုး မဟုတ်လား။