အခန်း - ၁၄၁ (အချင်းများအောင် ရန်တိုက်ခြင်း)

10.2K 1.6K 474
                                    

[မင်း ဘာလို့ တောင်သခင်ယဲ့ဆီ သွားရမှာလဲ]

လျိုကျင့်တာက အမျက်ချောင်းချောင်းထွက်သွားကာ သွမ့်ပိုင်ယွဲ့၏ နှလုံးသားရှိရာသို့ လက်သီးဖြင့်ထိုးချလာ၏။ ထိုစဥ်မှာပင် သူ၏ လက်များမှ ထက်လှစွာသောဓားသွားများ တိုးထွက်လာသည်။ သွမ့်ပိုင်ယွဲ့လည်း ဘေးသို့အသာရှောင်တိမ်းနိုင်လိုက်၏ ၊ ရွှမ်မင်ဟန်ထျယ်ဓားကလည်း တအီအီအသံမြည်လာကာ အရိုးခိုက်အောင် ချမ်းစိမ့်သည့် အအေးဓာတ်တစ်မျိုးကို ထုတ်လွှတ်လာသည်။ မိမိဘေးနားရှိလူအားလုံးမှာ တာ့ချူသားများဖြစ်ကြလေရာ ဤနေရာတွင် ခပ်ကြာကြာမနေသင့်ကြောင်း လျိုကျင့်တာ နားလည်သွားကာ လေချွန်သံတစ်ချက်ပြုလိုက်ပြီးသည့်နောက် ပင်လယ်ထဲသို့ ခုန်ဆင်းသွားလေ၏။

သွမ့်နေ့က လျိုကျင့်တာကို လှမ်းဆွဲမည်ပြုသော်လည်း သွမ့်ပိုင်ယွဲ့က "အဆိပ်ရှိလိမ့်မယ်၊ သတိထား!!!" ဟုဆိုကာ ဝါယောလက်ဖဝါးသိုင်းဖြင့် သွမ့်နေ့ကို အရင်တွန်းထုတ်လိုက်သည်။

ထိုစဥ္ တာ့ချူတပ်သားများ၏ တအံ့တဩအော်ဟစ်သံများထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ကြီးမားလှသော အဖြူရောင်သတ္တဝါကြီးတစ်ကောင်က ပင်လယ်ရေပြင်အား ဖြတ်သန်းကူးခတ်လာခြင်းကြောင့်ပင်ဖြစ်သည်၊ မည်သည့်သတ္တဝါဖြစ်မှန်းလည်း မသိရ။ လျိုကျင့်တာက ပင်လယ်ရေပြင်ထက် ​နှစ်လှမ်းသုံးလှမ်းမျှ နင်းပြီး ပြေးသွားလိုက်ကာ ထိုသတ္တဝါကြီး၏ကျောပြင်ပေါ် ခြေချနိုင်လိုက်သည်။ ထို့နောက် တာ့ချူတပ်မှ အမြန်ပင် ထွက်ပြေးတိမ်းရှောင်သွားတော့၏။

သွမ့်ပိုင်ယွဲ့က ဓားပျံတစ်စင်းဖြင့် လှမ်း၍ ပစ်ခွင်းလိုက်သော်လည်း ထိုသတ္တဝါဆန်းကြီးကို ထိခိုက်ဒဏ်ရာရစေနိုင်ခြင်းမရှိဘဲ ခိုင်ခံ့လှသော သံထည်တစ်ခုကို ထိုးဖောက်လိုက်သလိုသာဖြစ်နေပေ၏။ တာ့ချူ၏ လေးစစ်သည်တော်များကလည်း လျိုကျင်တာဆီ ပြိုင်တူပင် မြားဖြင့်ပစ်ခွင်းလိုက်ကြသည်၊ သို့သော် လျိုကျင့်တာက လေထဲမှာပင် ခုန်ပြီးရှောင်လိုက်ကာ ထိုမြားများကို အင်္ကျီလက်ဖြင့် ပုတ်ထုတ်ပစ်လိုက်၏။ သို့သော် ထိုမြားမိုးများကြား ပုလင်းဘူးတစ်ဘူးပါရှိနေမှန်း သူ သတိမထားလိုက်။ ထိုပုလင်းကွဲအက်သွားသောအခါ အနက်ရောင်အစေ့အဆန်သေးသေးလေးများ ဖွားခနဲ ဖွားခနဲ ထွက်ကျလာ၏။ ထိုအနက်ရောင်အစေ့များက မည်သည့်ပစ္စည်းဖြစ်မှန်းမသိသဖြင့် လျိုကျင့်တာလည်း သူ့မျက်နှာကို နှစ်ချက်မျှ သုတ်သင်သန့်ရှင်းပစ်လိုက်သည်။ ထို့နောက်မှာမှ ထိုထူးထူးဆန်းဆန်းသတ္တဝါကြီးကို စီးကာ ရေထဲငုံ့ဆင်းပျောက်ကွယ်သွား၏၊ နောက်ထပ်တစ်ဖန် ရေပေါ် ပြန်ပေါ်လာသောအခါတွင်လည်း ခပ်လှမ်းလှမ်းပင် ရောက်သွားလေပြီ။

ဧကရာဇ်ဗျူဟာ ( အဆက် )حيث تعيش القصص. اكتشف الآن