ပြတင်းပေါက်ကနေ ဖြာကျလာတဲ့ နေရောင်က မျက်စိကျိန်းလှတာကြောင့် တဖက်လှည့်ကာ ဆက်အိပ်ဖို့ပြင်လိုက်တယ်။ လူတွေရဲ့ လှုပ်ရှားဆူညံသံတွေကို ကြားနေရပြီမို့ နေအတော်မြင့်နေပြီ ဆိုတာ သိပေမဲ့လည်း အိပ်ချင်စိတ်က မပြေသေး။
"ကိုကို"
ပါးပေါ်ရောက်လာတဲ့ လက်ဖဝါးနုနုရဲ့ အနွေးဓာတ်ငွေ့ငွေ့။
တိုးဖျော့ဖျော့ လေသံလေးပေမဲ့ ဘယ်သူမှန်း ကြိုသိနေတာမို့ မျက်မှောင်ကြုတ်လိုက်မိတယ်။ မျက်လုံးတွေကတော့ အခုထိ ဖွင့်မရသေး။"ကိုကို ထတော့လို့ဆို"
ပါးကို အုပ်ကာ ကိုင်လှုပ်ပြီး အသံစူးစူးနဲ့ နှိုးနေတာကြောင့် မထလို့မရတော့။
"ငယ်လေးရာ"
သမ်းဝါးရင်း ကြည့်လိုက်တော့ သူက သနပ်ခါး အဖွေးသားနဲ့။စွပ်ကျယ်လက်ပြတ်၊ ဘောင်းဘီတိုကို ၀တ်ထားတဲ့ အနှီကောင်လေးက ကျွန်တော်နဲ့ မတူ လန်းဆန်းတက်ကြွနေတယ်။
"ဟီး ဆော့မယ်လေ"
"မျက်နှာသစ်ပါရစေဦး"
ကျွန်တော်ပြောလိုက်တော့ ပါးဖောင်းဖောင်းလေးဟာ ဆူပုတ်သွားတယ်။ သနပ်ခါးနံ့တွေ သင်းနေတဲ့ ပါးလေးကိို ဆွဲညှစ်လိုက်တော့
သူ့ပါးသူ ပွတ်လို့ ကျွန်တော့်ကို မျက်စောင်းထိုးတယ်။"ခြံထဲမှာ သွားစောင့် သွား"
သူ့ပခုံးကို ပုတ်ရင်းပြောတော့ ခေါင်းငြိမ့်ကာ လှစ်ခနဲ ပြေးသွားတဲ့
ကိုယ် လုံးလုံးလေးကို ကြည့်ပြီး ပြုံးမိလိုက်တယ်။အသက်ကဖြင့် ၁၃နှစ်ရှိနေပြီ အခုထိ အဆော့မက်တဲ့ ကောင်လေး။
တစ်ဦးတည်းသော သားမို့ အဖော်မင်တဲ့ အဲ့ကောင်လေးက သူ့ထက် ၃နှစ်ကြီးတဲ့ ကျွန်တော့်ကို အတော်ခင်တာ။"သားက ဆယ်တန်းနော်။ အဲ့ကောင်လေးကို အလိုလိုက်တာလည်း လိုက်ပေါ့၊ စာလည်း လုပ်ဦး"
မျက်နှာသစ်ပြီး ခြံရှေ့ထွက်မယ် အလုပ် အမေက ဆူပူသလို ပြောတယ်။ ခေါင်းငြိမ့်ပြီး သဘက်ကို ပခုံးပေါ်တင်လို့ ခြံထဲဆင်းတော့ အမေ့ရဲ့ သက်ပြင်းချသံ တိုးတိုးကို ကြားလိုက်တယ်။