"စက်ဘီး မစီးတတ်ဘူးလား!"
အဲ့ဒီလူက စိတ်တိုတဲ့လေသံနဲ့ ကျွန်မကို အော်လိုက်တယ်။
တကယ်ဆို ကျွန်မစက်ဘီးနဲ့ သူ့ကိုတိုက်မိခါနီးနီးမှာ ထိန်းလိုက်နိုင်ပါရဲ့နဲ့။"မတိုက်မိပါဘူးနော် အလွတ်ကြီး"
ကျွန်မက မဟုတ်မခံစိတ်ရှိသူမို့ ပြန်ပြောလိုက်တော့ တွန့်ချိူးလာတဲ့ မျက်ခုံးနက်နက်တွေ။"လူကြီးကို ပြန်စွာနေလိုက်တာ"
"ဘာရှင့် ဒီမှာ.."
ကျွန်မ ရန်မတွေ့ခင်မှာ လှည့်ထွက်သွားတဲ့ သူ။
ခြေလှမ်းတွေ မြန်ပုံများ ကျွန်မနဲ့ ခပ်လှမ်းလှမ်းကိုရောက်နေပြီ။"ဘယ်လိုလူမှန်း မသိပါဘူး"
တကိုယ်တည်းရေရွတ်ရင်း ဟိုးအဝေးဆီက အဲ့ဒီလူကို မျက်စောင်းတချက် ထိုးလိုက်တယ်။စက်ဘီးလည်း ကောင်းကောင်းမစီးတတ်သေးတာမို့ ဒီတိုင်း တွန်းရင်းသာ လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ရာသီဥတုက အဲ့ဒီလူ ၀တ်ထားတဲ့ ဆွယ်တာ စိမ်းညှို့ညှို့လိုပဲ ခပ်မှိုင်းမှိုင်းနဲ့ အုံ့ဆိုင်းနေတာ။အေးစိမ့်စိမ့်နဲ့ တိုက်တဲ့လေမှာ မိုးသံတွေပါ ပါလာတာမို့ အိမ်အမြန်ပြန်ဖို့သာ လုပ်လိုက်တယ်။
ဒီနေ့တော့ ကြည်သမျှစိတ်တွေ အနှောက်ဓာတ် ၀င်ပြီထင်ရဲ့။
•••
မိုးဖွဲဖွဲရွာတဲ့ တစ်နေ့မှာ အဲ့ဒီလူကို ပြန်တွေ့တယ်။အမေခိုင်းလို့ လမ်းထိပ်မှာ ငရုတ်သီးမှုန့်သွား၀ယ်ပြီး ပြန်အလာမှာ
သူ့ကို အရိပ်ရသစ်ပင်အောက်က ခုံတန်းရှည်မှာ တွေ့လိုက်ရပြန်တယ်။အဲ့ဒီလူက အရောင်မှိုင်းမှိုင်းတွေပဲ ၀တ်တတ်သလား။
ဒီနေ့တော့ အညိုရင့်ရောင် အနွေးထည်ခပ်ပွပွနဲ့ ကျကျနန စာအုပ်ထိုင်ဖတ်နေတဲ့သူ။မိုးရွာတာ သူနဲ့မဆိုင်သလို။လောကကြီးရဲ့ အပြင်ဘက်ကလူလိုလိုနဲ့။မိုးစက်တွေ သူ့ဆီမစင်ဘူးလား။
သိချင်စိတ်နဲ့ ကြောင်အအ ငေးကြည့်နေချိန်မှာ ပြန်ကြည့်လာတဲ့ သူ့မျက်၀န်းက အညိုလိုလို မီးခိုးလိုလို။
"မိုးကသည်းလာတော့မှာ ပိစိ"
သူ့ဘေးက ထီးကိုဖွင့်ပြီး ကျွန်မအပေါ်မိုးပေးလာတဲ့ အထိ သတိလက်လွတ်ငေးနေမိတာများ။အနားကပ်လို့ အခုမှ သေချာ ကြည့်မိတာ သူ့ဆံပင်လေးတွေလည်း ညိုစင်းစင်းပဲ။