Lost control

66 5 0
                                    

"ခင်ဗျားလို အဘွားကြီး ကို ကျုပ်ဘာလို့် တွယ်ကပ်နေသေးလဲ စဉ်းစားမရဘူး"

မင်းမထွက်သွားနိုင်သေးလို့ပေါ့လို့ ညစ်ကျယ်ကျယ်ပြောလိုက်ချင်တယ်။
ရမ္မက် ကြောင့် လို့ ခပ်ရိုင်းရိုင်းပြောလိုက်ချင်တယ်။
ကိုယ်တို့နှစ်ယောက်လုံး ရူးနေလို့ပေါ့လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ချင်တယ်။

ဒါပေမယ့် တကယ်တမ်းကျ ကိုယ်က မင်းကို နှုတ်ခမ်းထောင့်စွန်းတဖက် တွန့်ကွေးရုံ အပြုံးလေးပဲ တုံ့ပြန်ပေးနိုင်တယ်။ မင်းမျက်လုံးတွေကိုတောင် တည့်တည့်ကြည့်ဖို့ မဝံ့ရဲပဲ သရဲဘောကြောင်နေတုန်းပါပဲ။

မင်းက ကိုယ့်ကို ဘာရီတာလဲလို့ ခပ်ဆတ်ဆတ်မေးမယ်။
ခင်ဗျားကို ကြည့်လို့ကိုမရဘူးလို့ပြောမယ်။
ကိုယ် လက်စမသတ်ရသေးတဲ့ အလုပ်တွေဆက်လုပ်မရအောင်  laptop ကိုပိတ်ပစ်မယ်။
ကိုယ်က ဘာဖြစ်ချက်လဲ ပြန်မေးမယ်။
မင်းက ကိုယ့်နှုတ်ခမ်းကြားမှာ ခဲထားတဲ့ ဆေးလိပ်ကိုယူသောက်မယ်။
ပြီးရင် ကိုယ့်နှုတ်ခမ်းတွေကို မင်းနမ်းမယ်။

မဖြစ်သင့်မှန်းသိပေမယ့် အသက်သုံးဆယ် မိန်းမတစ်ယောက်ဟာ ၂၁ နှစ် ချာတိတ်တစ်ယောက်ကို ရူးရူးမူးမူးချစ်နေတယ်။

ခက်တာက ကိုယ်နဲ့မင်းကြားက လေဟာနယ်က ကျယ်ပြန့်လွန်းနေတာပဲ။

မင်းဘေးမှာ လှလှပပပြင်ထားတဲ့ ငယ်ငယ်နုနု ချာတ်တ်မလေးတွေရှိမယ်။ သူတို့က မင်းကို တီတီတာတာပြောမယ်။ မင်းလက်မောင်းကိုချိန်ထားပြီး နေသာနေတဲ့ ပန်းခြံထဲမှာ လမ်းလျှောက်ကြမယ်။ မင်းကို ချွဲမယ် နွဲ့မယ်။

ကိုယ့်မှာက စာအုပ်တွေ ဆေးလိပ်အတိုအစတွေ မဆေးရသေးတဲ့ ကော်ဖီခွက်တွေပြည့်နေတဲ့ အခန်းကျဉ်းလေးထဲက စကားခပ်ရင့်ရင့်ပြောတတ်တဲ့ အကျောတင်းတင်းမာနတွေပဲရှိတာ။

တခါတလေကျ ကိုယ်တွေးတယ်။

တပတ် နှစ်ခါ သုံးခါ ကိုယ့်တိုက်ခန်းကို မင်းလာနေတာ ကိုယ်က မင်ကိုအလျော့ပေးထားတာလား မင်းက ကိုယ့်ကို အလျော့ပေးထားတာလားဆိုတာမကွဲပြားဘူး။

ကိုယ်နှုတ်ခမ်းနီရင့်ရင့်တွေဆိုးပြီးအပြင်ထွက်တဲ့နေ်ဆို မင်းနဲ့ စကားများရတယ်။ မင်းပဲ ကလေးဆန်တာလား ကိုယ်ကပဲ မင်းကိုအလျော့ပေးရလောက်အောင်မရင့်ကျက်သေးတာလား။

ကိုယ့်ဆီကို မင်းလာဖို့ သုံးရက်လောက် ပျက်ကွက်ရင် တုန်လှုပ်တတ်လာပြီဆိုတော့။
ချာတိတ်မလေးတယောက်နဲ့ လက်ချင်းချိတ်ပြီး မင်းလမ်းလျှောက်သွားတာ မြင်ရရင် ရင်ဘတ်ထဲက ဆို့တတ်လာပြီဆိုတော့။
ကိုယ်လမ်းဆက်လျှောက်ဖို့ အကြောင်းတွေတောင်ပြန်တွေးယူနေရတယ် ဆိုပဲ။

ကိုယ်က ဒူးမထောက်တတ်ဘူးချာတိတ်ရေ။
မဟုတ်ဘူး ဒူးထောက်ဖို့်တောင် မစဉ်းစားဖူးဘူး။
ဒါကြောင့်လဲ အခုအချိန်ထိ ရမ်းချင်တိုင်းရမ်း နေတဲ့ ကိုယ်နဲ့ ဆိုးချင်တိုင်းဆိုးတဲ့မင်း ဆုံတွေ့ခဲ့ကြတာပေါ့။

အစကတည်းက ကိုယ်တွေးပြီသားပါ လှေကားထစ်တခုရဲ့ အတက်နဲ့အဆင်းမှာ မင်းနဲ့ကိုယ့် နှလုံးသားချင်းပွတ်တိုက်မိသွားတာပါလို့်။

နောက်တစ်ထစ်အတွက်ကတော့ ကိုယ့်လမ်းကိုယ်ဆက်လျှောက် ဖို့ ကျောခိုင်း ရမှာပဲ ချာတိတ်ရေ။

ကိုယ်မင်းကို ဖုန်းဆက်ပြီး ဘာလို့မလာလဲ မမေးတော့ဘူး။
ကိုယ်မင်းဘယ်မှာလဲ လိုက်မစုံစမ်းတော့ဘူး၊
မင်းနဲ့တွေ့ဖိုမကြိုးစားတော့ဘူး။

ဒါပေမယ့် မင်းက ကိုယ့်စီ တည့်တည့်ပြန်ဝင်လာတယ်။ ကိုယ့်ဘေးမှာ ရပ်နေတဲ့ သူကိုတောင် လက်သီးနဲ့ဆွဲထိုးလိုက်သေးတယ်။ အကြောင်းပြချက်က ကိုယ့်ခါးကို ဖက်ထားလို့တဲ့။

ကိုယ့်ကို သတိရတာသေတော့မယ်တဲ့။
အသဲနှလုံးမရှိတဲ့ အဘွားကြီးတဲ့။
ခင်ဗျားကို ချစ်လို့ ကျုပ်ရူးသွားနိုင်တယ်တဲ့။

အိုခေလေ ချာတိတ်ရေ။

ကိုယ်ကတော့ ကျောခိုင်းဖို့ ကြိုးစားတာပဲ။
မင်းက ဇွတ်ပြေးလိုက်လာတော့ ဒီတခါ မင်းနှလုံးသားကို ဘယ်မှပေးမသွားတော့ဘူး။

The Lost ControlWhere stories live. Discover now