.unicode.
" Jongseongie.. ထပါဦး သူမနိုးလာခင်.. ဒေါ်လေးဆီသွားတော့... မေမေနောက်မှလိုက်လာမယ်နော် "
တိုးရှရှအသံကသူ့အနားကပ်၍ရောက်လာသည့်အခါ မှိတ်ထားသောမျက်ဝန်းတို့ကသဘာဝကျစွာပွင့်လာသည်။ သူ့ဘဝအတွက်တစ်ခုတည်းသော သာယာနာပျော်ဖွယ်တေးသံသည် သူ့မိခင်စကားသံတွေသာဖြစ်သည်။
သူ့အိပ်ရာနံဘေးရပ်နေသည့်အမျိုးသမီးသည် သဲကန္တာရကိုဖြတ်သန်းလာခဲ့ရသလို အစဥ်အမြဲမွဲခြောက်စုတ်ချာနေသည့်ပုံပေါက်နေပါသော်လည်း ခုနစ်နှစ်အရွယ် Jayအတွက်တော့ မိုးကောင်းကင်ကနတ်သမီးတစ်ပါးအလား။
Erica က Jay၏ပွယောင်းယောင်းဆံပင်လေးတွေကိုပွတ်သပ်ရင်း
" ထပြီးအမြန်သွားတော့နော်..."
Jay အိပ်ရာပေါ်တွင်ထထိုင်လိုက်ရင်း သူ၏လက်သေးသေးလေးများဖြင့် သူ့မိခင်၏ကြမ်းရှရှ အက်ကွဲကွဲလက်ကိုဆုပ်ကိုင်ကာ..။
" ပြီးရင်လိုက်လာမှာလား "
မျက်ဝန်းကြည်လင်လင်လေးတွေနှင့်မော့ကြည့်ကာ သူမကိုမေးလာသည့် သားကလေးကိုErica မြတ်နိုးစွာပြုံးပြရင်း ဆံပင်ဖုံးနေသည့်နဖူးပြင်လေးကိုညင်သာစွာနမ်းရှိုက်လိုက်သည်။
" ဒါပေါ့... မေမေအမြန်လိုက်လာခဲ့မယ်.. "
သူ့မိခင်ဆီက တိကျသေချာသောတုံ့ပြန်မှုရပါလေမှ Jayခေါင်းညိတ်ရင်း ကုတင်ပေါ်မှသူ့ခြေထောက်သေးသေးလေးများကိုလှုပ်ရှားက သူ့အရပ်ထက်မြင့်သောကုတင်ခြေထောက်ကိုတွယ်၍မြေကြီးပေါ်ဆင်းလိုက်သည်။ ထို့နောက်အခန်းတံခါးကိုဖွင့်၍ထွက်မည်အလုပ်။
" Jongseong... အဲ့ဒီ့ကမသွားနဲ့ "
လက်ကိုင်ဘု ခပ်အိုအိုကိုကိုင်ထားသည့်လက်ကလေးတွေရပ်ကာ Erica ကိုလှည့်ကြည့်လာသည့် Jay။ နဂိုတည်းကနွမ်းဖတ်နေလှသည့် Erica မျက်နှာက ပြိုတော့မည့်မိုးကဲ့သို့ညှိုမှောင်လျက်။ အောက်နှုတ်ခမ်းကိုကိုက်ကာ သက်ပြင်းချရင်း မျက်ဝန်းထက်မှကျလုဆဲဆဲမျက်ရည်တွေကိုရုတ်သိမ်းကာ
" သူနဲ့... သူနဲ့တိုးနေလိမ့်မယ်... ပြတင်းပေါက်ကသွား..."
ဒီစကားတွေ တစ်ခွန်းစီသူမနှုတ်မှထွက်လာရင်း ရင်ဘတ်ကိုပုဆိန်နှင့်ထွင်းထုခံနေရသလို။ Jayကတော့ ရိုးသားပြီးဘာမှနားမလည်သည့်မျက်လုံးလေးတွေနှင့်သူမကိုကြည့်နေဆဲ။