ချိန်ပေါ်ယန် နံရံပေါ်မှနာရီကို ကြည့်လိုက်သည်။ ငါးနာရီခွဲပြီ။
အပြင်မှာ မှောင်မည်းနေပြီဖြစ်ပြီး ပြတင်းပေါက်မှဖြတ်ကြည့်လျှင် အရွက်မဲ့သော သစ်ကိုင်းခက်ရှိကာ ၎င်းမှာ လေတိုးခြင်းကြောင့် အထက်ဘုံထံမှ နောက်ထပ်နှစ်ငါးရာ ပေးသနားပါရန် တောင်းဆိုနေသည့်နှယ် လှုပ်ခါနေသည်။
မိုးလေဝသခန့်မှန်းချက်ကတော့ မနက်ဖြန်နှင်းကျလိမ့်မည်ဟု ဆိုသည်။ ပုံစံကြည့်ရတာ ဒီနေ့ညပဲ နှင်းကျတော့မည်ထင်၏။
ဘေးကပ်ရပ် ကုသခန်းမှ သမားတော်လျိုသည် အကြားအာရုံချို့ယွင်းသော လူနာနှင့် အတန်ကြာ အော်ကြီးဟစ်ကျယ် စကားပြောနေသည်။ တစ်နေ့လုံးစကားပြောထားရပြီး အခုလို အော်ပြောရပြန်သည့်အခါ သူ့အသံက ကြားရသူကို လည်ချောင်းပင်ကွဲထွက်တော့မလို ကြားရစေသည်။
ချိန်ပေါ်ယန်သည် အလျင်အမြန် လည်ချောင်းရှင်းသကြားလုံးကို ပါးစပ်ထဲထည့်လိုက်ပြီးနောက် နောက် လူနာတစ်ယောက်ဝင်လာရန် ခေါ်လိုက်သည်။
အဒေါ်ကြီးတစ်ယောက်က တွဲထူခံထားရလျက် ဝင်လာသည်။ ခြေထောက်တစ်ဖက်က ခြေမချနိုင်ဖြစ်နေပြီး အားယိုး အားယိုးနှင့် မျက်နှာတွင် နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။
သူကထိုင်လိုက်ပြီးနောက် ချိန်ပေါ်ယန်ကို တစ်ချက်ကြည့်သည်။ ချိန်ပေါ်ယန်သူ့အား နှုတ်ဟစကားမခင်မှာပဲ တစ်ခွန်းကြိုပြောလိုက်သည်။
"ဘေးခန်းက အသက်နည်းနည်းကြီးတဲ့ သမားတော်အားလား? ငါ သူနဲ့ပဲပြလို့မရဘူးလား?"
"သူ့ဘက်မှာ လူနာရှိနေတယ်လေ။ အဒေါ်ဆရာဝန်ရွေးချင်တယ်ဆို မချိန်းခင်ပြောင်းမှပေါ့"
ချိန်ပေါ်ယန်က ပြုံးလိုက်ရင်း
"အဒေါ်က ခြေထောက်ထိခိုက်မိတာလား?"
"ချိန်းလို့ မရလို့ပေါ့။ ငါက သုံးလေးရက်ကြိုတင်ပြီး ငါခြေထောက်ကျိုးမဲ့အကြောင်း သိပါ့မလား"
အဒေါ်ကြီးက ခြေထောက်ကိုထိုးပြရင်း
"ဆရာဝန်ပြောင်းလို့ မရဘူးလား။ ငါက အသက်ကြီးနေပြီ။ ထပ်ပြီး ကျိုးနိုင်တဲ့ အကြိမ်ရေလဲ မများတော့ဘူး ။ အသက်ပိုကြီးတဲ့ ဆရာဝန်က အတွေ့အကြုံပိုများတာ မဟုတ်လား?"