ရှန့်ရှီးနှင့်မန်ထုံတို့ရှေ့ရှိ လေတွင်ပျံဝဲလာသူက လီဟွေ့ဖြစ်သည်။ အာ့ဖန်မိန်းမ၏ သမီး။
လီဟွေ့အမေက လီဟွေ့ကိုခေါ်လာပြီး အာ့ဖန်နှင့် အတူလာနေခြင်းဖြစ်သည်။ သူကတော့ ဒါက အာ့ဖန်သမီးဟုဆို၏။ သို့သော် အာ့ဖန်က အသိအမှတ်မပြု။
ဆယ့်လေးနှစ်အရွယ် ကလေးမက မျောက်ကလေးလို ပိန်လှီလှသည်။ ရှန့်ရှီး အမြဲလိုပင် လေနည်းနည်းသာကြမ်းလိုက်ပါက ပြိုလဲကျသွားတော့မည့်ပုံဟု ခံစားရသည်။
ဒီအိမ်ဟောင်းများရဲ့ အထပ်တို့က နိမ့်သည်။ လီဟွေ့၏ ဒီတစ်ကြိမ်ပြုတ်ကျမှုက မပြင်းထန်ဟုဆိုနိုင်သည်။ မြေပြင်ပေါ် ခဏလဲနေပြီးနောက် ခဏမှာပဲ ရုန်းကန်ကုန်းထလာသည်။
မန်ထုံက အိမ်ပေါ်ကိုကြည့်ကာ နှစ်စက္ကန့်မျှ တွေဝေလိုက်ပြီးနောက် လက်ဆန့်ကာ တစ်ချက်ထူသည်။ လီဟွေ့ အနည်းငယ်စိတ်လှုပ်ရှားစွာ အိမ်ပေါ်ကိုလှမ်းကြည့်ပြီး မန်ထုံကို တွန်းလိုက်ကာ ခေါင်းငုံ့၍ နံရံထောင့်မှာရပ်နေ၏။
"အိုက်ရိုး!"
ဒုတိယထပ်လေသာဆောင်မှ အာ့ဖန်၏ အသံထွက်လာသည်။
"မန်ထုံက သိပ်နူးညံ့ပျော့ပျောင်းနေပါလား?"
"အစ်ကို"
မန်ထုံက ထိတ်လန့်သွားပုံရသည်။ ခေါင်းကိုမော့၍ ရယ်ပြကာ ထောနဲ့နဲ့ဖြင့် အိမ်ထဲပြေးဝင်သည်။
"အစ်ကို ဒီမှာ..."
ရှန့်ရှီး လီဟွေ့ကို တစ်ချက်မျှကြည့်၍ ဘေးမှဖြတ်သွားတာ အမှတ်၁၇ကို ပြန်ရန်ပြင်သည်။
"ရှောင်ကျန်"
လီဟွေ့က သူ့နောက်မှ တစ်ချက်ခေါ်သည်။ အသံက တိုးရှအက်ကွဲနေ၏။ တိုးလွန်း၍ မကြားရသလောက်ပင်။
"ငါ့ကိုကယ်ပါ"
ရှန့်ရှီး၏ ခြေလှမ်းများ အနည်းငယ်မျှ ရပ်တန့်မသွားဘဲ အမှတ်၁၇ထဲ ဝင်လာပြီးနောက် တံခါးကို လော့ချလိုက်သည်။
အိမ်ထဲတွင် လူအတော်များနေသည်။ ဖျင်ရှူး၏ဝါသနာက ရေနွေးကြမ်းသောက်ရင်း ဖဲရိုက်ခြင်းဖြစ်သည်။ အခု ထိုင်နေ၍ ရေနွေးကြမ်းသောက်ကာဖဲရိုက်နေသူများကို ရှန့်ရှီးသိသည်။ ဖျင်ရှူးတွင် တင်းကျပ်ပြင်းထန်သော 'ပြစ်မှုကျူးလွန်သူ' သဘောတရားမျိုး မရှိ။ အကယ်၍ ရှိလျှင်လည်း ဒီလူတွေက ကြံရာပါအားပေးသူများပင်ဖြစ်သည်။