2_U

68.7K 4.4K 78
                                    

အခန်း_(၂)
"သူငယ်ချင်းဖြစ်ခြင်းအစ ..."


သံယောဇဉ်တစ်ခု အမြစ်တွယ်လာစေဖို့ ဆိုတာက အချိန်ကာလတစ်ခုတော့ လိုတယ် မဟုတ်လား။ ရှည်ကြာတဲ့ ခင်မင်မှုတစ်ခုက ကျွန်တော်တို့ရဲ့ သံယောဇဉ်တွေကို ရှင်သန်ကြီးထွားလာစေတယ်။ လူတစ်ယောက်နဲ့ လူတစ်ယောက် သိကျွမ်းကြပြီး ခင်မင်သွားနိုင်ဖို့ ဘယ်အရာတွေကနေ စတင်နိုင်သလဲ ...။

ခင်ဗျားတို့ရော ...။ ခင်ဗျားတို့ သူငယ်ချင်းတွေနဲ့ ဘယ်အချိန် ဘယ်အရာ ဘယ်အဖြစ်အပျက်ကနေ စပြီးတော့ သိကျွမ်း ခင်မင်သွားကြတာလဲ ...။

တစ်ရပ်ကွက်တည်း နေတဲ့ အိမ်နီးနားချင်း ကစားဖော်လား ...။
တစ်ကျောင်းတည်း တစ်ခန်းတည်း အတူတက်တဲ့ အတန်းဖော်လား ...။
ဒါမှမဟုတ် လုပ်ငန်းခွင်ထဲမှာ အတူအလုပ်လုပ်တဲ့  လုပ်ဖော်ကိုင်ဖက်လား ...။

ကျွန်တော်ကတော့ နွေရိပ်ဆိုတဲ့ သူငယ်ချင်းကို အထက်တန်း ပထမနှစ်မှာ စတွေ့ခဲ့တာ။ ကျွန်တော်က သူတို့ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသားအသစ်‌ေပါ့။ သူနဲ့ကျွန်တော်က တစ်ကျောင်းတည်း တစ်ခန်းတည်း‌က ကျောင်းသားတွေ။ ဘယ်သူနဲ့မှလည်း မရင်းနှီးဘူး။ ဘယ်သူ့ကိုမှလည်း ရင်းနှီးဖို့ မကြိုးစားတဲ့ ကျောင်းသားသစ်က ကျွန်တော်ပဲ။

စာသင်နှစ်ဝက် ရောက်တဲ့အထိ ကျွန်တော်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ တစ်ယောက်မှ မရှိခဲ့ဘူး။ ကျွန်တော်နဲ့ ရင်းနှီးချင်လို့ ချဉ်းကပ်လာကြဖူးတဲ့ ယောင်္ကျားလေး မိန်းကလေးတွေတော့ ရှိတယ်။

ဆိုးတာက ကျွန်တော်ပဲ။ သူတို့ကို အဖက်ပြန်မလုပ်မိဘူးလေ ...။ ကိုယ့်ကို အဖက်တောင် ပြန်မလုပ်တဲ့ သူနဲ့ ဘယ်သူက အပေါင်းအသင်းဖြစ်ဖို့ ဆက်ကြိုးစားချင်ကြမှာလဲ။ ဒီလိုနဲ့ပဲ ကျောင်းသားသစ်က မာနကြီးတယ်ဆိုတဲ့ တံဆိပ် အတပ်ခံလိုက်ရတော့တယ်။

တကယ်က ကျွန်တော်က လူတွေကို လွယ်လွယ် မခင်တတ်သလို၊ လွယ်လွယ်လည်း မယုံကြည်တတ်ဘူး။ သံသယများတတ်တဲ့ လူမျိုးပဲ။ ယုံကြည်ရလောက်တဲ့ သူမျိုးမဟုတ်ရင် အပေါင်းအသင်း လုပ်ချင်စိတ် မဖြစ်မိဘူးလေ။ လူတွေ အများကြီးနဲ့ အပေါ်ယံ ရောရောထွေးထွေး ပေါင်းသင်းရမှာထက် နည်းနည်းလေးကိုပဲ အလေးအနက်ထား ခင်မင်ချင်တဲ့ လူစားမျိုး ကျွန်တော်က ...။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now