ထိုညက မိုးဖွဲဖွဲရွာသည် ။
မီးဖိုခန်းထဲတွင် အသက်ကြီးကြီးအမျိုးသမီးတယောက် လဲကျနေသည် ။ သူမ ဘေးတွင် အိမ်ဖုန်းတလုံး၏ ဖုန်းခွက်က ပြိုလဲလျက် ။ တဖက်မှ အသံစူးစူးထွက်ပေါ်လာသည် ။
" ဟယ်လို…… မဒမ်…… ကျွန်တော်တို့ လာပြီမ်ို့ အားတင်းထားပေးပါ……မဒမ်…… ဟယ်လို……"
လဲကျနေသော အမျိုးသမီး၏ မျက်နှာက ပြုံးနေသည် ။ ထိုအပြုံးလေးက နံရံတွင်ချိတ်ဆွဲထားသော ဓာတ်ပုံလေးထဲမှ အပြုံးနှင့် တထပ်တည်းပင် ဖြစ်သည် ။
ထိုစဉ်တုန်းက သူမဘေးတွင် သူမ၏သူငယ်ချင်းလေး ရှိနေခဲ့သည် ။ သူမ သူငယ်ချင်း၏ ခင်ပွန်းက ဆုံးပါးသွားသည် ။ သူမ၏ သားသမီးများက သူမကို ထားရစ်ကာ နိုင်ငံရပ်ခြားသို့ အပြီးတိုင်ထွက်ခွာသွားခဲ့သည် ။ အဖော်မဲ့ ဘဝတူ သူမ၏ သူငယ်ချင်းနှင့် သူမတို့သည် တယောက်ကိုတယောက် ဖေးမကာ ဘဝတစ်ခုကို အေးချမ်းစွာနေထိုင်ခဲ့သည် ။ သို့သော် သစ္စာဖောက်မလေးက သူမကို ထားရစ်ကာ ပြန်မလာနိုင်သော ခရီးရှည်ကြီးကို ထွက်သွားနှင့်သည်။လွန်ခဲ့သောဆယ်စုနှစ်တခုအလွန်က သူမကိုထားခဲ့သော ထိုဂျွတ်ဆတ်ဆတ်သူငယ်ချင်းလေးကို သူမ လွမ်းနေခဲ့သည် ။ နောက်ဆုံးတော့ သူမတို့ ပြန်ဆုံနိုင်တော့မည်လေ… ။
အဖိုးအခအနေဖြင့်… သူမကို စိုက်ကြည့်နေသည့် အမှောင်ထဲမှ မျက်ဝန်းပြာပြာတစုံကို သူမ ထားရစ်ခဲ့ရသည် ။နာရီဝက်ခန့်အကြာ… အုတ်ကျွတ်မ်ိုးသောအိမ်ကလေး၏ အရှေ့တွင် ဆေးရုံကားမှလာသော ဥသြသံတို့ ညံနေသည် ။ ပိုးသတ်ဝတ်စုံဖြင့် အမျိုးသားတယောက်က အိမ်ငယ်လေးကို ဝေ့ဝိုက်ကြည့်လိုက်သည် ။ မီးဖိုခန်းထဲမှ အမျိုးသမီးကို သူတို့ သယ်ထုတ်သွားခဲ့ပြီးဖြစ်သည် ။
" ဘေးအိမ်ကို မေးကြည့်ရသလောက်တော့ ဒီအိမ်ကို သူမရဲ့ သားသမီးတွေက အမွေလာခွဲလိမ့်မယ် တဲ့… "
" သြော်…… "
ပိုးသတ်ဝတ်စုံဖြင့် အမျိုးသားက ခပ်လေးလေး အာမေဋိတ်ပြုသည် ။
ပေးတိုင်း ပြန်မရသည့်အထဲတွင် ချစ်ခြင်းမေတ္တာ ပါ ပါသလား… ။ ထိပ်ဆုံးက ပါ ပါသည် ။