{Zawgyi}
ဒီနေ့ ဘာသာမပြန်ခင်လေး အပျင်းပြေ အစ်မရဲ့အကြောင်းလေးပြောပြချင်ပါတယ်။ တခြားအကြောင်းတော့မဟုတ်ဘူး။ ငယ်ငယ်လေးတည်းကနေ ဒီအရွယ်ထိ သရဲခြောက်ခံလာရတဲ့အကြောင်းပါ။
တကယ်တော့ သရဲခြောက်ခံလာရတယ်ဆိုတာထက် သရဲမြင်ခဲ့ရတဲ့အကြောင်းတွေဆို ပိုမှန်မလားပဲ။ အမငယ်ငယ်တုန်းက သရဲအသေကြောက်တာ။ သရဲအကြောင်းဆိုလည်း နားထောင်ချင်တယ် ဒါပေမယ့် နားပိတ်ပြီးတော့ကို နားထောင်တာ။ သရဲကားဆိုလည်း ကြည့်ချင်လိုက်တာပဲ ရှေ့မှာ ယပ်တောင်ကာပြီး ယပ်တောင်အပေါက်ကြားထဲက ကြည့်တာ။
ဒါပေမယ့် ကြီးလာတဲ့အချိန်မှာ သရဲဆိုတာ ကိုယ်လို လူကနေပဲ သေပြီး မကျွတ်မလွတ်ဘ၀နဲ့ လှည့်ပတ်သွားနေရတဲ့လူတွေမှန်းနားလည်လာတယ်။ သူတို့လည်း လူတစ်မျိုးပဲလို့ တွေးမိလာတဲ့အချိန်မှာ အရမ်းကြောက်မိတာမျိုးတွေ မရှိတော့ဘူး။ နည်းနည်းတော့ ကြောက်သေးပေါ့နော်။ အဲ့လို နည်းနည်းကြောက်တတ်တဲ့အရွယ်တုန်းက သရဲတစ်ခါမြင်ဖူးတယ်။
အမတို့အမေရဲ့မောင်နှမတွေက တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတယ်။ မောင်နှမက စုစုပေါင်းခြောက်ယောက်ရှိတယ်။ အမေ့အထက်မှာ အမကြီးနှစ်ယောက် အောက်မှာ မောင်လေးသုံးယောက် အမရဲ့အမေကတော့ တတိယမြောက်သမီးပေါ့။ ဆိုတော့ကာ ဆော့မယ်ဆိုလည်း ဒီလူတွေပဲစုပြီး အပြင်လူတောင် သိပ်မလိုဘူးလေ။ အဲ့တော့ မောင်နှမလိုတစ်မျိုး သူငယ်ချင်းလိုတစ်မျိုး ပေါင်းနေလို့ရကြတာပေါ့။ အမက ငယ်ငယ်လေးတည်းက ဦးလေးအကြီးနဲ့ အငယ်ဆုံးဦးလေးအိမ်ကလွဲပြီး ကျန်တဲ့လူတွေအိမ်ကို လျှောက်လည်တတ်တယ်။ နွေရာသီကျောင်းပိတ်ရင် ဘယ်သူ့ဆီမှာနေချင်တယ်တို့ တစ်ခါတစ်လေကျရင်လည်း မနေတော့ဘူး လမ်းထဲက သူငယ်ချင်းတွေနဲ့ပဲ ဆော့တော့မယ်တို့ လုပ်တတ်တယ်။
အဲ့တုန်းက အမ ခြောက်တန်းလောက်ဖြစ်မယ်။ သိမ်ဖြူကဦးလေးအလတ်ရဲ့အိမ်ကို နွေရာသီပိတ်ရက်ဖြစ်နေတော့ တစ်ပတ်လောက် သွားလည်ပါရော။ အဲ့မှာ ဝမ်းကွဲအမတွေလည်း ရောက်လာကြတော့ ပွဲပဲလေ။ တစ်နေကုန်ဆော့ကြတာမှ ဗြောင်းကိုဆန်နေတာပဲ။ ပထမနှစ်ရက်မှာ ဘာမှမဖြစ်ဘူး။ တတိယနေ့လည်း ရောက်ရော ဇာတ်လမ်းကစလာတယ်။ သူတို့အိမ်က အမသိပ်မပြောပြတတ်ပေမယ့် အိမ်ကြီးတစ်လုံးထဲမှာ အခန်းလေးခန်းကန့်ထားပြီး တခြားမိသားစုတွေလည်းနေကြတာမျိုး။ ဦးလေးကကျတော့ အောက်ထပ်ကညာဘက်မှာနေတယ်။ အိမ်ကလည်းတော်တော်လေးကျယ်ပေမယ့် ဧည့်သည်ကအရမ်းများနေတော့ လူကြီးတွေက အခန်းထဲမှာအိပ်ပြီး ကလေးတွေကျတော့ အိမ်ရှေ့က ဘုရားစင်အောက်မှာ ခြင်ထောင်လေးထောင်ပြီး သိပ်တယ်။