- ONE -

1.3K 152 8
                                    

/UNICODE/

မည်းနက်သော ဟူသည့် နာမဝိသေသနာ အထူးပြုသော နာမ်သည်ကား ဤညပင်.....

လခြမ်းကွေးလေးတစ်ခုကား မဟူရာည၏ မှောင်မိုက်မှုကို မတွန်းလှန်နိုင်မှန်း သိသွားသည့်အလား တိမ်ဆိုင်တစ်ချို့ကြား ပုန်းကွယ်သောအခါ အလင်းမဲ့သောည ဖြစ်ရတန်၏ ။

အေးစက်သော လေပြင်းတစ်ချက်ကြောင့် တောအုပ်တစ်ခုလုံးရှိ သစ်ပင်များ ‌ကြမ်းတမ်းစွာ ယိမ်းနွဲ့နေသည်မှာ နတ်ဆိုးများခုန်ပေါက်နေသည့်အလား.....

ဆွဲငင်စွာ အူလိုက်သော အသံက လေပြင်းတိုက်ခတ်သံကလွဲ တိတ်ဆိတ်နေသော တောအုပ်အလယ်မှာ ဟိန်းထွက်လာသည် ။

ထိုဟိန်းအူသံကြောင့် သတ္တဝါငယ်များ ၎င်းတို့၏ တွင်းတွေ ကျင်းတွေကြားထဲ ပြေး၀င်ကုန်၏ ။
ပုစဉ်းတောင်ပံခတ်သံတောင် မကြားရတဲ့အထိ ဆိတ်ငြိမ်နေသော တောအုပ်ကြီးက ခြောက်ခြားဖွယ်.....

ထိုတောအုပ်ပြီးဆုံးရာ ချောက်ကမ်းပါးတစ်ခု၏ ထိပ်တွင် ရပ်နေသော လူတစ်ယောက်.....


အမဲရောင်ဆံနွယ်တွေက ရဲရင့်ခြင်း ၊ သန်မာခြင်း နဲ့အတူ သေခြင်းတရားဆိုတဲ့ အငွေ့အသက်တို့ကိုပါ ခံစားရစေနိုင်သည် ။
ထူထဲသော မျက်ခုံးများက စင်ရော်တောင်ပံများသဖွယ်...
အနက်ရောင် မျက်တောင်များ ၀န်းရံထားသည့် မျက်စံများသည် အပြာရောင်အဖြစ်ပြောင်းလဲနေသည် ။
ဆက်၍ ရှုစိမ့်ပါက ဓားတစ်လက်ကဲ့သို့ ထက်နေသော နှာတံပေါ်က မှည့်မှာ ဆွဲဆောင်မှုအချို့ ကိန်းအောင်းနေတာ တွေ့နိုင်သည် ။
ထိုမှတစ်ဆင့် ပန်းရောင်သန်းနေသော ခပ်ဖူးဖူးနှုတ်ခမ်းပါးနှင့် ထင်းနေသော မေးရိုးက အပြီးသတ်ကာ ပြည့်စုံသော မျက်နှာတစ်ခုအဖြစ် အဓိပ္ပာယ်ဖော်သည် ။

ကျယ်ပြန့်တောင့်တင်းသော ပုခုံးထက် အနက်ရောင် ၀တ်ရုံကို ခြုံတယ်လို့ ဆိုနိုင်ရုံသာ ၀တ်ထားသည် ။
ရွှေစတစ်ချို့ ကပ်နေသော ၀တ်ရုံအမဲက ဖြူဖွေးသော အသားအရေနှင့် ဆန့်ကျင်ဘက်ဖြစ်သော်လည်း ထိုအချက်ကပင် ပို၍ အရှိန်အဝါပြင်းစေသည် ။

အပြာရောင်လဲ့နေသော မျက်စံများ ကြည့်နေရာသည် ချောက်ကမ်းပါးအောက်က အဖြူရောင် ဝံပုလွေတစ်ကောင်.....

BLACKSWAN  |  SUNSUNWhere stories live. Discover now