လက်ထဲတွင်ညိုညစ်ညစ်စာရွက်လေးကိုကိုင်ကာသူမခေါင်းငိုက်စိုက်ကျနေမိတာ နာရီမှမိနစ်လက်တံနှစ်ပတ်ပြည့်တော့မည် ။ရင်ထဲတွင်အမျိုးအမည်မဖော်ချင်တော့သောခံစားချက်ပေါင်းများစွာဖြင့် လက်ထဲတွင်ဆုပ်ကိုင်ထားမိသောစာရွက်လေးအားနောက်ထပ်တစ်ကြိမ်စိုက်ကြည့်မိပြန်သည် ။
အဖြူရောင်စာရွက်ပါးကလေးပေါ်မှာမင်းမူနေသောညိုညစ်ညစ်အကွက်လေးများကဒီစာကိုရေးရင်း သူ မည်မျှပင်ငိုကြွေးခဲ့သည်ကိုသက်သေခံနေသည်။
နာရီအားတစ်ချက်ကြည့်မိတော့ခြောက်နာရီထိုးလုပြီ ။ သူမဒီအတိုင်းဆက်ထိုင်နေ၍မဖြစ်တော့ မဖြေရှင်းချင်တော့သော ဖြေရှင်းစရာမလိုတော့သောအတွေးများနှင့်အတူထိုင်ရာမှထရပ်လိုက်ပြီး လက်ထဲတွင်ကိုင်ထားသောစာရွက်ကလေးအား စာရေးစားပွဲပေါ်ရှိ Diary စာအုပ်လေးကြားသို့သေချာညှပ်လိုက်သည် ။ ထိုစာကလေးဟာသူ့ဆီမှပထမဦးဆုံးနှင့်နောက်ဆုံးအကြိမ်အဖြစ်ရရှိသောရင်တွင်းမှတ်တမ်းလေးသာ ။"ဟူး...."
သက်ပြင်းမောတစ်ခုကိုသူမချလိုက်ကာ ကုတင်ပေါ်တွင်အဆင်သင့်ပြင်ထားသော မြန်မာဝတ်စုံလေးကိုလဲလှယ်ဝတ်ဆင်လိုက်သည် ။ထို့နောက် ပခုံးအောက်ထိရှည်နေပြီဖြစ်သောသူမဆံနွယ်များအား ပထမဦးဆုံးအကြိမ်အဖြစ်ကိုယ်တိုင်ထုံးဖွဲ့လိုက်သည် ။ ပြင်ဆင်၍ပြီးသွားသောသူမပုံစံအားမှန်ထဲတွင်တစ်ချက်ကြည့်ကာရုတ်တရက်ပေါ်လာသောအတွေးတို့ကြောင့် မျက်ရည်ဝဲသွားမိသည် ။
တစ်ချိန်ချိန်တွင် သူဒီလမ်းကိုရွေးသွားနိုင်တာသိပေမယ့် သူမကြိုတင်မပြင်ဆင်ထားမိခဲ့ ။ ဆို့နင့်လာသောခံစားချက်တို့ကြောင့် ကြမ်းပြင်တွင်ဆောင့်ကြောင့်ထိုင်ကာ ငိုချလိုက်မိသည် ။
သူမဆီမှသူတစ်ကယ်ပင်ကျောခိုင်းထွက်ခွာသွားလေပြီ ။🍂🍂
December 31
မောင်ဘုန်းခန့်သွင် နှင့် မနွေတန်ခူး တို့၏
"မဂ်လာဧည့်ခံပွဲ "
ခန်းမထဲဝင်ဝင်ချင်း မဂ်လာစင်မြင့်ထက်တွင်ရေးထိုးထားသည့်သူ့နာမည်လေးကိုတွေ့လိုက်ရပြန်တော့ သူ့ကိုပိုင်ဆိုင်ရသည့်လူအတွက်သူမဝမ်းသာမိပြန်သည် ။ နှလုံးသားနူးညံ့ပြီးအရမ်းချစ်တတ်သည့်သူ့ကို ထိုလူဟာကံကောင်းလွန်းသောကြောင့်သာပိုင်ရခြင်းပင် ။
ခန်းမထဲမျက်လုံးဝေ့ကာကြည့်မိတော့ သူမအားဖိတ်စာပို့လိုက်သည့်ကာယကံရှင်ကိုမတွေ့ရ ။ သူမနှင့်မရင်းနှီးသောမျက်နှာများကြောင့်ချောင်ကျကျတစ်နေရာတွင်ထိုင်ရန်ခြေလှမ်းမိတော့ နာမည်ခေါ်သံနှင့်အတူအနားရောက်လာသောလူတစ်ယောက် ။
ပန်းနုရောင်သတို့သားဝတ်စုံကိုကျော့မော့စွာဆင်မြန်းထားသောထိုလူဟာသူမကိုခပ်ဖျော့ဖျော့အပြုံးတစ်ခုပေးလာသည်။