ကျွန်တော်ကလေ လူတစ်မျိုးဗျ ။ ဒီလိုပြောရင် ခင်ဗျားတို့က ပြန်မေးလိမ့်မယ် ။ လူက ဘယ်နှစ်မျိုးရှိသေးလဲဆိုပြီး ။ ကျွန်တော်မသိဘူး ၊ မသိဘူးဆိုတာထက် ဖြေဖို့စိတ်မဝင်စားတာလည်းပါတယ် ။
ပညာရှင်တွေသတ်မှတ်ထားတဲ့ပုံစံနဲ့ဆိုရင် Introvert Type ပေါ့ဗျာ ။ အဲ့ဒါပဲလားဆိုတော့လည်း မကပြန်ဘူး ။ ဟုတ်တယ် ပျင်းတဲ့နေရာမှာလည်း နှစ်ယောက်မရှိဘူး ။ အကယ်၍ရှိခဲ့ရင်တောင် နောက်တစ်ယောက်က ကျွန်တော့်အရိပ်ပဲဖြစ်လိမ့်မယ် ။
ကဲ... ဒါတွေထားဗျာ ။ အခုကျွန်တော်ပြောချင်တာ ကျွန်တော့်အကြောင်း ။ Introvert တစ်ယောက်က ဒီလိုပြောလာတယ်ဆိုတာ ခင်ဗျားတို့အတွက် ထူးဆန်းကောင်းထူးဆန်းနေမယ် ။ ဒါပေမယ့် ကျွန်တော်အခု တစ်ယောက်ယောက်ကိုမှဖွင့်မပြောလိုက်ရရင် ဆိုက်ကိုဖောက်သွားနိုင်တဲ့အနေအထားမှာရှိတယ် ။ ပြောတယ်ဆိုတည်းက ဆိုက်ကိုဖောက်နေတာပဲလေ ။ အဲ့ဒါတောင် ခင်ဗျားတို့က နားမထောင်ချင်ဘူးဆိုရင်တော့ ကျွန်တော် စဥ့်အိုးတစ်လုံးဝယ်ရတော့မယ် ။
ဟုတ်ပြီ ၊ ဒါဆို ကျွန်တော့်အကြောင်းလေးနားထောင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ထင်တယ် ။ မဖြစ်သေးလည်း နားထောင်ပေးဗျာ ။ စပြီနော် ၊ အရင်ဆုံး... ။ ပြောသာပြောရတာ ဘယ်ကစပြောရမှန်းတော့မသိဘူးဗျ ။ ကျွန်တော်က အဲ့ဒီလိုပဲ ဟက်ဟက်ပက်ပက် သိပ်မပြောတတ်ဘူး ။
ကျွန်တော့်နာမည်က ဟန်ရှင်းရှိန် ။ နာမည်ကြားလိုက်တော့ ကျွန်တော့်ကို ပြည်မကြီးဖွားလားဘာလားဆိုပြီးထင်သွားတယ်မလား ။ မဟုတ်ဘူးဗျ ၊ အဖေအမေအဘိုးအဘွားအကုန် ရေမရောတဲ့မြန်မာစစ်စစ် ။ အဖေနာမည်က ဦးထွန်းရှိန် ၊ အမေက ဒေါ်ကြည်ရှင်း ။ သူတို့နှစ်ယောက်ပေါင်းပြီး ကျွန်တော့်နာမည်ဖြစ်လာတာပဲ ။ ဟန်ကဘယ်ကနေပါလာလဲတော့ ကျွန်တော်လည်းမသိဘူး ။ ကျွန်တော့်နာမည်လှတယ် ကျွန်တော်ကြိုက်တယ် ။
လိုရင်းဆက်ရအောင် ။ ကျွန်တော်က ဂေးတစ်ယောက် ။ ဂေးဆိုမှတော့ အခြောက်လားလို့မေးရင်အခြောက်ပေါ့ဗျာ ။ ဒါမြန်မာပြည်မှာသတ်မှတ်ထားတဲ့ အခေါ်အဝေါ်ပဲ ။ ခေါ်ချင်သလိုခေါ် ၊ ကျွန်တော် ဂရုမစိုက်ဘူး ။ ဒါပေမယ့် အခြောက်ဆိုပြီး နွဲ့မလားဖတ်မလားဆိုပြီးတော့ အကဲလာမစမ်းလိုက်နဲ့ ။ ကျွန်တော့်လက်သီးက မေးမရွေးဘူး ။ သွားနှစ်ချောင်းလောက်ကတော့ အသာလေးကျွတ်သွားအောင်လုပ်ပေးလို့ရတယ် ။
YOU ARE READING