#Unicode
"တစ်နေ့တစ်နေ့စားလိုက်အိပ်လိုက်လည်လိုက်ပတ်လိုက်နဲ့ နင်တို့အစ်ကို ကိုမသနားကြတော့ဘူးလား"၆နာရီဆိုတဲ့အချိန်ဟာမစောလှဘူးဆိုသည့်တိုင်အေးချမ်းမိုရ်တို့ရဲ့အိမ်ကတော့အဘွားဖြစ်သူရဲ့ဆူညံသံတွေနဲ့အစပြုနေပြီဖြစ်သည်။
ညောင်းညာနေသည့်ခန္ဓာကိုယ်ကိုအားပြုရင်းချမ်းမိုရ်ရဲ့လုပ်ငန်းခွင်ဝင်ဖို့တစ်နေ့တာဟာရောက်ရှိလာခဲ့ပြန်ပြီ။
"အသက်တွေကမငယ်တော့ဘူး ဒီအမေနဲ့ အစ်ကိုရှာကျွေးတာကိုလက်ဝေခံပြီးစားနေကြတဲ့နင်တို့အစားငါရှက်တယ်"
"အမေကြီးကလည်းဗျာ ပိုက်ဆံတစ်ထောင်လေးတောင်းတာကိုပူညံပူညံနဲ့"
အလတ်ကောင်ရဲ့ဆူဆောင့်နေတဲ့ပြန်အော်သံကြောင့်သူ့မှာမနေသာတော့တာမို့ အိပ်ရာထဲကလူးလဲထကာ ကျောပိုးအိတ်ထဲမှတစ်ထောင်တန်နှစ်ရွက်ကိုယူနှိုက်ပြီးအခန်းအပြင်ထွက်လာရသည်။
"ဟိုကောင်ရော့ဒီကလာယူ၊မေကြီးဆီမှာပိုက်ဆံအပိုမရှိဘူး၊အမေလည်းဒီလငွေမပို့သေးဘူး၊လူလိုနားလည်ဦး"
"ကိုကြီးကလည်းတစ်မျိုး ပေးမှာဖြစ်မပေးဘူး"
အလတ်ကောင်ကချမ်းမိုရ်ကမ်းပေးလိုက်တဲ့ပိုက်ဆံနှစ်ထောင်ကိုဆတ်ခနဲဆွဲယူကာအိမ်ပြင်သို့ဆူဆောင့်ကာထွက်သွားပြီဖြစ်သည်။
မွေးချင်းညီအစ်ကိုသုံးယောက်ရှိသည့်အနက်ချမ်းမိုရ်ကအကြီးဆုံးသားဖြစ်သည်။
အိမ်ထောင်ကွဲမေမေဟာချမ်းမိုရ်ငါးတန်းနှစ်မှာပဲနိုင်ငံရပ်ခြားမှာအလုပ်လုပ်ကိုင်ရင်းသားသုံးယောက်နဲ့အမေအိုကြီးကိုထောက်ပံ့နေတာမို့မချမ်းသာသည့်တိုင်အောင်ချမ်းမိုရ်တို့ဟာပြေလည်ပါသည်။
အဖေဆိုတာသက်ရှိထင်ရှားရှိနေသည့်တိုင်ဒီသားသမီးသုံးယောက်ကိုရှိတယ်လို့မထင်တာမို့ချမ်းမိုရ်တို့ကလည်းခပ်ကင်းကင်းသာနေဖြစ်သည်မှာဆယ်စုနှစ်ကျော်ကြာခဲ့ပြီ။
"အခန်းဝမှာငူငူငိုင်ငိုင်နဲ့ချမ်းမိုရ်ရယ်အလုပ်မသွားဘူးလား"