393 61 18
                                    

[Zawgyi]

"ဒီနားမှာ မိုးယိုနေတာမို့ ဟိုဘက် ပြတင်းပေါက်နားကခုံမှာ ထိုင်လိုက်နော်"

ဇလားအသေးတစ်လုံးယူကာ အိမ်နောက်ဖေးမှ ထွက်လာတဲ့ထယ်ယောင်းဟာ ယွန်းဂီကို တိုတိုတုတ်တုတ်သာ ပြောရင်း ပြတင်းပေါက်ဘက်ကို မေးငေါ့ညွှန်ပြလိုက်သည်။ပြီးနောက် မျက်နှာကြက်ထောင့်စွန်းမှ ယိုစိမ့်နေသော မိုးစက်တွေကို အ၀တ်စုတ်တစ်ထည်ဖြင့်အရင်သုတ်ပြီးမှ မိုးယိုသောနေရာတည့်တည့်တွင် ဇလားကိုချိန်ဆထားလိုက်သည်။ယွန်းဂီကတော့ ထယ်ယောင်းပြောသည့် ပြတင်းပေါက်နားရှိခုံတွင်သာ ထိုင်နေလိုက်သည်။

မိုးယိုနေသည့်ထောင့်များတွင် ဇလားတစ်လုံးစီဖြင့် လိုက်ခံနေသည်မို့ ထယ်ယောင်း မဆိုသလောက် အလုပ်ရှုပ်နေသည်။အိမ်ကဆွေးနေပြီမို့ရော ပြင်စရာရှိသည်များကို မပြင်ရသေးသည်မို့ပါ ဤလိုမိုးကြီးချိန်ဆို ဒုက္ခရောက်ရပြီ။ပိုက်ဆံကလည်း တူရီးသားနှစ်ယောက် စားဝတ်နေရေးလောက်သာ ရပြီး အပိုငွေမရှိသည်မို့ အိမ်ပြင်ဖာထေးဖို့ကိုလည်းမတတ်နိုင်သေးပေ။ထယ်ယောင်း တစ်ယောက် စိတ်ညစ်ညစ်နှင့်ပင် သက်ပြင်းရှည်ချမိသည်။

အ၀တ်စုတ်တွေကိုထားဖို့ အိမ်နောက်ဖေးကိုပြန်ဝင်တော့မှ ယွန်းဂီအား ဒီအတိုင်းကြီး ထိုင်စောင့်နေခိုင်းတာမျိုး မဖြစ်ချင်တာမို့ တစ်ခုခုဖြင့် ဧည့်ခံရမည်ကို သတိရှိသည်။

"နွားနို့ ...မဟုတ်ဘူး ...
ကော်ဖီသောက်မလား"

"မသောက်တော့ဘူး ... ကျေးဇူးပါ"

ပြတင်းပေါက်နားထိုင်ရင်း အပြင်ဘက်ကို မှိုင်တိုင်တိုင်ဖြင့် ငေးနေသော ယွန်းဂီသည် ထယ်ယောင်းအား အပြုံးတစ်ခုဖြင့်သာ ခေါင်းညင်းညင်းခါရင်း စကားဆိုတုံ့ပြန်သည်။ထယ်ယောင်းလည်း ခေါင်းငြိမ့်ပြရင်းသာ အိမ်နောက်ဖေးဆီကို ၀င်သွားလိုက်သည်။

မိုးအေး၍ နှာတရှုံ့ရှုံ့ဖြစ်နေသော ယွန်းဂီသည် ခပ်​ပြေပြေသာ လေထုထဲပျံ့နှံ့သော မြေသင်းရနံ့ကြောင့် ကိုယ်တိုင်ပင် မသိအောင်ပြုံးမိသည်။ပြတင်းပေါက်တံခါးတစ်ခြမ်းဖွင့်ထားသည်မို့ တိုးဝေ့ဝင်သော လေအေးတို့ကြောင့် အနည်းငယ် ခြေဖျားလက်ဖျား
စိမ့်ချမ်းချမ်းလေးဖြစ်လာသည်မို့ ကိုယ်ကိုအနည်းငယ်ကျုံ့လိုက်မိသည်။

Everlasting STAY • taegi (Eden Contest)Where stories live. Discover now