(This fiction was for Fund Project)
ကျွန်တော်တို့ဟာ မထင်မှတ်ထားတဲ့ အချိန်မှာ မထင်မှတ်ထားတဲ့ လူအပေါ် ချစ်မိသွားတတ်ကြတယ်တဲ့။ လူသားတွေဟာ ကံကြမ္မာက စီရင်ဆုံးဖြတ်တဲ့အတိုင်း ကရတဲ့ ကြိုးဆွဲရုပ်တွေသက်သက်။ တစ်ခါတစ်ရံ ကံတရားက မှားယွင်းစွာ စီမံမိတဲ့အခါမှာတော့ ရင်းနှီးရတာက နှလုံးသားတွေ။ ဆုံးရှုံးမှုတွေက ကြီးမားပါရဲ့။
ချစ်တတ်တဲ့ သူတိုင်းကတော့ အချစ်ရဲ့အပေါင်းအပါဖြစ်တဲ့ ကြည်နူးမှု၊ ရင်ခုန်မှု တွေနဲ့ ရင်ဆိုင်ရမယ်။ ၀မ်းနည်းမှုတွေကလည်း ဒွန်တွဲလို့။ အချစ်ကို တွေ့တဲ့သူတိုင်းက နာကျင်မှုကိုလည်း ရင်ဆိုင်ရစမြဲပဲ။ ဒါပေမဲ့ ချစ်ခြင်းတရားဟာ လှပပါတယ်။
ကျွန်တော်ရဲ့ အလှတရားနဲ့ စတွေ့ခဲ့တဲ့ အဲ့ဒီနေ့ကတော့ နေသာနေခဲ့တယ်။×××
Gallery Curator တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ပန်းချီကားတွေကို လိုက်လံစုဆောင်းရတဲ့ တာ၀န်။ ရှေးဟောင်းအနုပညာလက်ရာတွေတင်မက ခေတ်နဲ့အညီ တစ်နေ့ထက်တစ်နေ့ ဆန်းသစ်လာတဲ့ လက်ရာတွေကိုလည်း နေရာပေးရသည်။ အခုနောက်ပိုင်း လေလံပွဲတော်တော်များများမှာ နေရာယူလာတဲ့ ပန်းချီကားတစ်ချပ်။ ပန်းချီဆရာက အသက်ငယ်ငယ်လေးပဲ ရှိသေးပေမဲ့ သူ့လက်ရာဟာ တကယ်ကို အနုပညာသက်၀င်တယ်လို့ လူပြောများနေကြ၏။ ဒါကြောင့် ကျွန်တော် ခြေဆန့်ရတော့တာပဲ။
လက်ထဲက လိပ်စာကတ်လေးတစ်ခုတည်းနဲ့ ကျွန်တော် ရောက်လာရတာက အခြေခံလူတန်းစားတွေနေတဲ့ ရပ်ကွက်တစ်ခုထဲ။ စည်ကားနေတဲ့ လမ်းသွယ်လေးထဲ ကားနဲ့၀င်မရတာမို့ လမ်းထိပ်မှာ ရပ်ခဲ့ပြီး လမ်းလျှောက်၀င်လာရသည်။ အိုဟောင်းနေသော အဆောက်အဦးတွေ၊ အရောင်မှိန်မှိန် ဆိုင်းပုဒ်ငယ်လေးတွေနဲ့ စားသောက်ဆိုင်တွေ။ ရပ်ကွက်ထဲ သူစိမ်းတစ်ယောက်၀င်လာတာကိုလည်း ခပ်မြန်မြန်ပဲ သတိထားမိလိုက်ကြပြီး လူတွေဟာ ကျွန်တော့်ကို လှည့်ကြည့်နေကြသေး၏။ ရှုပ်ယှက်ခတ်နေသော လူတွေကြားထဲ ရှပ်လက်တို အပြာနုရောင်နဲ့ ဘောင်းဘီရှည်အဖြူရောင်၀တ်ထားခြင်းက အရမ်းများ ထင်းနေခဲ့သလား။
ဈေးဆိုင်ခန်းများနဲ့ တည်းခိုခန်းတစ်ခုကို ကျော်ဖြတ်လာပြီးတဲ့နောက်မှာ ကျွန်တော် ခြေလှမ်းတွေ ရပ်လိုက်သည်။ လိပ်စာကတ်ထဲက ဖော်ပြထားတဲ့ နေရာအရတော့ ဒီနားတစ်ဝိုက်မှာပဲ။ တည်းခိုခန်းဘေးရှိ စွပ်ပြုတ်ဆိုင်တစ်ခုထဲက ဦးလေးကြီးတစ်ယောက်က ကျွန်တော့်ကို လှမ်းကြည့်နေသည်။ ထိုလူကြီးကို ကျော်ပြီး ဘေးဘက်ကို အကြည့်ရွှေ့တဲ့အခါမှ သတိထားမိလိုက်တာက။ လိုက်ကာစအမဲရောင်နဲ့ကာထားတဲ့ ဆိုင်ခန်းငယ်တစ်ခုနဲ့ ၎င်းရဲ့၀င်ပေါက်အပေါ်မှာ ချိတ်ထားတဲ့ ပန်းပွင့်ပုံ ပန်းချီကားတစ်ချပ်။
တစ်နေရာရာမှာ တွေ့ဖူးသလိုရှိနေသော ထိုပန်းပွင့်ကို ခဏစိုက်ကြည့်လိုက်ပြီးမှ အဖြေတွေ့သွားသလိုနဲ့ လက်ထဲက လိပ်စာကတ်သေးသေးလေးကို ပြန်ငုံ့ကြည့်ကာမှ။
Tiger Lily (ကျားလီလီ)။
ဟုတ်ပါသည်။ ထိုဆိုင်းဘုတ်ပေါ်က ပန်းပွင့်ပုံနဲ့ လိပ်စာကတ်ရဲ့ နောက်ခံအတွင်းသားမှာ ရိုက်နှိပ်ထားတဲ့ ပန်းပွင့်ပုံက တစ်ခုတည်း။
တည်နေရာကို ကျွန်တော် ရှာတွေ့ခဲ့ပါပြီ။