[Unicode]
ခွန်းမြတ်ဇော်တစ်ယောက် ဆေးခန်းအရှေ့ရှိ အုတ်ခုံပေါ်တွင်ထိုင်ကာ ခန့်ညားပိုင် ပြန်လာအခေါ်ကို စောင့်ဆိုင်းနေပါသည်။ ခဏလေးဟုသာပြောပြီး ရေးကြီးသုတ်ပြာ ထွက်ခွာသွားသော ခန့်ညားပိုင်မှာ ယခု တစ်နာရီနီးပါးကြာသည်အထိတိုင် ပေါ်မလာသေးပါချေ။ သို့သော်လည်း "သေချာပေါက် ပြန်လာခဲ့မယ်"ဟု ကတိပေးသွားသည့်အတွက် နေမကောင်းနေသည့်ကြားမှ ခွန်းမြတ်ဇော် အကြာကြီး ထိုင်စောင့်နေခြင်းဖြစ်၏။ ဆရာဝန် ထိုးပေးသောဆေးကြောင့် ချက်ချင်းလက်ငင်းဆိုသလို အဖျားကျပြီး လန်းလန်းဆန်းဆန်းရှိလာ၍သာ တော်ကာကျသည်။ သို့မဟုတ်ပါက ခွန်းမြတ်ဇော်မှာ ခန့်ညားပိုင်၏ ပြန်အလာအား ထိုင်စောင့်နေဖို့ရန်လည်း အဆင်ပြေမည်မဟုတ်သလို ၊တစ်ယောက်တည်း ထပြန်သွားဖို့ရာလည်း ဒုက္ခများရဦးမည်ပင်။ ဘယ်အရပ်ဒေသဆီသို့ ပေါက်ရောက်သွားပြီမှန်းမသိသော ခန့်ညားပိုင်အပေါ် ခွန်းမြတ်ဇော် စိတ်ထဲမှ တနုပ်နုပ်နှင့် ဒေါသထွက်နေတော့လေ၏။
"ဟေး... ချာတိတ်..."
ခွန်းမြတ်ဇော်သည် မိမိကို တစ်ယောက်ထဲ ပစ်ထားခဲ့သော ခန့်ညားပိုင်အား ပေါ်လာနိုး ၊ပေါ်လာနိုးနှင့် ခေါင်းတမျှော်မျှော်စောင့်ဆိုင်းရင်း မကျေမနပ်ဖြစ်နေသောအခိုက်တွင် အနောက်ဘက်မှ သူ့အား လှမ်းခေါ်သည်ဟု မသိစိတ်ထဲက ယူဆရသောအသံကြောင့် ခေါင်းတစ်ချက်လှည့်ကြည့်လိုက်ပါသည်။ ထိုအခါ မြင်တွေ့လိုက်ရသည်မှာ အစောပိုင်းက သူနှင့် တုန်ကင်နံပါတ်ချင်း လဲလှယ်ပေးခဲ့သော အမျိုးသားပင်ဖြစ်၏။ ထိုအမျိုးသားသည် ဆေးခန်းပေါက်ဝမှနေ၍ သူ့ထံပါးသို့ ဦးတည်ကာ တည့်တည့်မတ်မတ်ကြီး လျှောက်လှမ်းလာပါသည်။ ၎င်း၏ လမ်းလျှောက်ပုံမှာ ကိုယ်နေဟန်ထား ကြွကြွရွရွနှင့် ခြေတစ်လှမ်းချင်းစီတိုင်း စမတ်ကျသောကြောင့် မော်ဒယ်တစ်ယောက်အလား မှတ်ထင်ရ၏။
သူသည် ခွန်းမြတ်ဇော်အနားသို့အရောက်တွင် အုတ်ခုံ၌ ဝင်ထိုင်လိုက်ပါသည်။ ခွန်းမြတ်ဇော်ကတော့ သူ့အား ဂရုမစိုက်ဘဲ အရှေ့ဘက်ရှိ ကားလမ်းမကြီးကိုသာ အကြည့်လွှဲထားသည့်အတွက် သူတစ်ချက် ပြုံးမိ၏။
YOU ARE READING
𝐓𝐇𝐄 𝐂𝐈𝐆𝐀𝐑𝐄𝐓𝐓𝐄 (𝐇𝐢𝐚𝐭𝐮𝐬)
Teen Fictionစိတ်ဒဏ်ရာတွေကို စီးကရက်သောက်ပြီး ဖြေဖျောက်တတ်တဲ့ ကောင်လေးတစ်ယောက် . . . အဲ့သလိုမျိုး စီးကရက်ကြိုက်တဲ့ ကောင်လေးကိုမှ စီးကရက်စွဲသလို စွဲလမ်းသွားမိတဲ့ ကောင်လေးနှစ်ယောက်နဲ့ အိမ်ထောင်သည် အမျိုးသားတစ်ယောက် . . . ချစ်ခြင်းကို အဓိပ္ပါယ်သတ်မှတ်ပုံတွေ မတူညီက...