နွေဦး ပြန်လာခဲ့ပြီ

28 3 0
                                    

ကျိုးခဲယွီ ဆိုသော အော်သံများ ပတ်ဝန်းကျင်တွင် ကျယ်ကျယ်လောင်လောင်ကြားနေရသော်လည်း သူ ယဲ့ယဲ့ကလေးသာ ပြုံးပြမိသည်။ သူ့ရဲ့ပုံစံသည် ‌အေးစက်သော ရေခဲမင်းသားလေးသဖွယ်။ Host ၏ ဟာသများကို သူ တုံ့ပြန်သည့်အနေဖြင့် ခပ်အက်အက် ရယ်သည့်အခါ ရယ်မည်။ သူ၏ နီးစပ်သောသူများမှ လွဲ၍ ကျန်သောသူများက သူ အဆင်မပြေသည်ကို မြင်ကြမည်မဟုတ်။ အတိတ်က ကိစ္စတွေကို ထားခဲ့ကြပြီဖြစ်ကြောင်း ဒီလူအုပ်က သက်သေပင်။ ကျိုးခဲယွီကိုယ်တိုင်နှင့် လက်ဆယ်ချောင်းကျော်ရုံလောက်လေး လူအချို့ကသာ အတိတ်ဝဲဂယက်ထဲ တဝဲလည်လည်ရှိနေကြဆဲဟုသာ ဆိုရမည်ဖြစ်သည်။

Fansite များ ဓာတ်ပုံရိုက်ရ အဆင်ပြေစေရန် လှည့်ပတ်ပြုံးပြပေးရင်း ရင်းနှီးကျွမ်းဝင်နေသော မျက်နှာတချို့ကို ပြန်မြင်မိတော့ ဒဏ်ရာရှိနေသည့် နှလုံးသားလေးက နာသည်။ ကျိုးခဲယွီ ယင်ဟောက်ယွီကို ကိုယ်စားပြုသည့် ရေဒီယိုလေးရဲ့ ပဲ့ကိုင်ရှင်တွေ။ တစ်ယောက်သောသူရဲ့ ပျောက်ကွယ်မှုနောက် ကျိုးခဲယွီလည်း ကျန်ရစ်ခဲ့သလို သူတို့လည်း နေရစ်ခဲ့ရသည်။ ကောင်းမွန်သော အတိတ်တစ်ခုရှိခဲ့သည်ဟုဆိုရလျှင် သူတို့သည်လည်း အတိတ်မှ မထွက်နိုင်သော သူများဖြစ်သည်။ ပျက်သွားသော မျက်နှာကို အသိစိတ်ကပ် ချက်ချင်းပြန်ပြင်ရင်း fan တွေကိုင်ထားသော စာရွက်များဆီ အာရုံကို ပို့လိုက်သည်။ ထိုစဉ် ထောင့်တစ်နေရာတွင် ရှိနေသော စာရွက်ဖြူလေးက သူ့အာရုံကို အလုံးစုံ သိမ်းပိုက်သွားခဲ့သည်။ "နွေဦး ပြန်ရောက်ပြီ"

ကျိုးခဲယွီအတွက်တော့ နွေဦးဆိုသည်မှာ Patrick ဟု ‌သူခေါ်တတ်သည့် ယင်ဟောက်ယွီပင်။ စကားလုံးလေးကြားလိုက်ရုံနှင့်ပင် လူကို နွေးထွေးပျော်ရွှင်သော ခံစားချက်ကို ပေးနိုင်သည့်သူ။ နွေဦးတစ်ခုတွင် ဘဝသစ်တစ်ခုကို သူရောက်ခဲ့သည်။ ထိုနွေဦးတွင်ပင် သူ့ဘဝကို နွေဦးကဲ့သို့ ပန်းများဖြင့်လန်းဆန်းစေသော ယင်ဟောက်ယွီဟု ခေါ်သည့် လူတစ်ယောက်ကို ရှာတွေ့ခဲ့သည်။ ထိုနွေဦးနှင့်တူသောသူက သူ့ဘဝထဲကို နေရာတစ်ခုအတိအကျဖြင့် နွေဦးတစ်ခုတွင် ဝင်လာခဲ့သည်။ နွေဦးပြန်လာပြီဆိုတဲ့အသိကလေးကပင် သူ့ရင်ထဲ မက်မွန်ပန်းနံ့များ ရလာစေသည်အထိ။

ဘယ်တုန်းကမှ မမေ့ဖူးခဲ့သည့် မှတ်ဉာဏ်များသည် အစဉ်လိုက် ပြန်ပေါ်လာခဲ့သည်။ သိမ်းဆည်းထားခဲ့သည့် မျက်ရည်တာရိုးဘောင်က မှတ်ဉာဏ်တို့၏ ရိုက်ခတ်ဒဏ်ကို မခံနိုင် အရှိန်အဟုန်ဖြင့် စီးကျလာတော့သည်။ ကျိုးခဲယွီတစ်ယောက် ဘာကိုမှ ဂရုမစိုက်နိုင်တော့။ စင်ပေါ်မှ ဆင်းကာ ထိုစာ မြင်လိုက်ရသော ထောင့်ဆီသို့သာ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့မိသည်။

ပြန်တွေ့လျှင် နွေဦးကို ဖယ်ရှားခဲ့သော တရားခံကို မေးမြန်းကာ ဖယ်ထုတ်ပစ်ရန်လည်း ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ပြီးလျှင်တော့ လွမ်းခဲ့ရသမျှကို ဖွင့်ထုတ်ကာ ထွေးပွေ့ထားလိုက်တော့မည်။ ဒီနွေဦးကို စောင့်နေခဲ့ကြသူတွေ အများကြီးရှိကြောင်း၊ ကိုယ်ဟာ နွေဦးကို ဘယ်တော့မှ မမေ့ခဲ့ကြောင်း၊ မက်မွန်ပွင့်တွေကလည်း လွမ်းနေကြောင်း၊ ငိုသံတွေကို ကြားခဲ့သည့် မက်မွန်ရွက်တွေအကြောင်း အကုန်ပြောပြမည်။ "နွေဦးရေ မင်းကို အရမ်းလွမ်းနေခဲ့ရတာ"

သူပြေးထွက်လာသည့်အတွက်ကြောင့် အနောက်က လူတစ်အုပ်က ရုတ်ရုတ်သဲသဲဖြစ်ကျန်ခဲ့ကြောင်းလည်း သူသိသည်။ ထားလိုက်ပါတော့လေ၊ ဒီအဆောင်အယောင်တွေကြား သူ ဟန်ဆောင်နေခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ သူ့ကို နားလည်သူများကတော့ ဒီလို ပြေးထွက်ခဲ့ခြင်းကို အပြစ်ဆိုကြမည်မထင်။ အိပ်မက်ဆီသို့ သွားရာလမ်းတွင် သူ့နှလုံးသားဆန္ဒကို သိမ်းထားရမည်ဆိုသော စံသတ်မှတ်ချက်များကို ဖောက်ထုတ်ပစ်မည်။ နွေဦးမရှိခဲ့စဉ် သူ့ဘဝက သေနေခဲ့သည်ဖြစ်သောကြောင့် ကျန်တာက ဘာမှ အရေးမကြီးတော့။

"ဒီတစ်ခါတော့ ကိုယ့်ကမ္ဘာမှာ နွေဦးရာသီတစ်ခုတည်းကိုပဲ ၁၂ လပတ်လုံး ထားရှိစေတော့မယ်။ ပန်းတွေနဲ့ပဲ ဝေပါစေတော့"

You've reached the end of published parts.

⏰ Last updated: Oct 13, 2021 ⏰

Add this story to your Library to get notified about new parts!

အချစ်ဟာ နွေဦး ပြီးတော့ နေဝင်ချိန်တွေWhere stories live. Discover now