ညှို့ မီးဖိုချောင်ထဲမှ ထွက်လာပြီး ဆိုင်မှ ထွက်သွားပြီဖြစ်တဲ့ နှစ်ယောက်ကို ကြည့်နေခဲ့တယ်။
သူမတို့ ဆိုင်ရှေ့စရောက်ကတည်းနဲ့ ညှို့ သူမတို့ကို မြင်ပြီးသားပင်။
ထိုအချိန်က ခွေးလေးကြောင့် မကြောက်မရွံလမ်းမပေါ် ပြေးဆင်းသွားတဲ့ ရွှေရတီဦးက သူသိတဲ့ တစ်ယောက် မဟုတ်ဘူးလို့တောင် သူထင်မိတယ်။
ဒါပေမဲ့ သူမအနားက သွန်းနေခြည်က သူမအစစ်ဖြစ်ကြောင်းပြောနေတယ်။
ထို သွန်းနေခြည်ဆိုသည့်ကလေးမက ရွှေရတီဦး တစ်ယောက်ထဲနဲ့သာ ပေါင်းတတ်တာလေ။"မင်းသူတို့ကို သိလို့လား"
မီးဖိုချောင်ထဲကထွက်လာပြီး ပြန်သွားပြီ ဖြစ်တဲ့ ကလေးမနှစ်ယောက်ကို နောက်မှ မမှိတ်မသုန် စိုက်ကြည့်နေတဲ့ ညှို့ကို စိုင်းလင်္ကာ မေးလိုက်တယ်။ ဒါပေမဲ့ အဖြေမရဘဲ မေးခွန်းသာ ပြန်ရလာတယ်။
"ငါကမေးရမှာ မင်းကသူတို့နှစ်ယောက်ကို ဘယ်လိုသိတာလဲ"
"ငါ ဟိုတစ်နေ့ကပြောတဲ့ ညီမလေးရဲ့ သူငယ်ချင်းတွေလေ မင်းကရောဘယ်လိုသိတာလဲ"
"ငါ့အမေရဲ့ နောက်အိမ်ထောင်က ပါလာတဲ့ သမီး"
"မင်းကို အိမ်ကထွက်ပြေးအောင်လုပ်လိုက်တဲ့ကလေးမပေါ့ ဘယ်အယောက်လဲ ပိုရှည်တဲ့ တစ်ယောက်လို့တော့ ငါမထင်ဘူး သူ့မှာ မောင်တစ်ယောက်ရှိသေးတယ် ညကတောင်ဒီမှာ အိပ်သွားသေးတယ် နည်းနည်းပိုပုတဲ့ တစ်ယောက်လား သူကဆိုးတဲ့ပုံလည်းမပေါ်ပါဘူး"
စိုင်းလင်္ကာ သူ့ရဲ့အမြင်ကို ပြောလိုက်ခြင်းပင်။
ဒါပေမဲ့ ညှို့က သူ့ကို မင်းမသိပါဘူးဆိုတဲ့ ပုံစံနဲ့ စွေကာကြည့်လာတယ်။
ထိုအချိန်မှာ ဆိုင်ကို လာနေကျ customer တစ်ယောက် ရောက်လာခဲ့တယ်။
သူတို့ဆိုင်ကို လာတဲ့ သုံးပုံတစ်ပုံက ပန်းချီကြောင့်ဆိုရင် ကျန်တဲ့ သူအများစုက ညှို့ကြောင့်လာသူတွေဖြစ်တယ်။ ညှို့က နာမည်နဲ့လိုက်အောင် ညှို့ငင်နိုင်တဲ့ မျက်နှာနဲ့ခန္ဓါကိုယ်ကို ပိုင်ဆိုင်ထားတယ်လေ။