ကြောက်ဖို့ကောင်းတဲ့ လှောင်အိမ်ထဲကနေ လွှတ်မြောက်လာတဲ့ ငှက်ကလေးက လောကကြီးထဲကို တောင်ပံဖြန့်ပြီး ပျံသန်းလာခဲ့တယ်။
စိုးယုစံတစ်ယောက် Mမြို့ကို ရောက်သွားပြီးတော့ ရွှေရတီဦးနဲ့ တိုက်ခန်းမှာ အတူသွားနေခဲ့တယ်။ ထိုအထိအရာအားလုံးက အဆင်ပြေချောမွေ့နေပေမဲ့ သူမရထားတဲ့အလုပ်က ရုတ်တရက်ကြီး လူမလိုတော့ပဲဖြစ်သွားတယ်။
ဒါကြီးက လုံးဝကို စိတ်ညစ်ဖို့ကောင်းလွန်းတယ်။ သူမထပ်ပြီး အလုပ်ရှာခဲ့တယ်။ အားလုံးကအတွေ့အကြုံရှိမှ ခေါ်ချင်ကြပြီး သူမလို ဘာမှ မလုပ်ဖူးတဲ့သူကို မခေါ်ချင်ကြဘူး။ ၁လလောက်ကြာပြီး ကျောင်းဖွင့်ချိန်ရောက်လာတာတောင် သူမအလုပ်မရသေးဘူး။ ကျောင်းကိုလည်း သူမအဝေးသင်ပြောင်းလိုက်တယ်။
ရွှေရတီဦးကလည်း သူမကို အားပေးရှာပါတယ်။ အလုပ်မရလဲ သူတင်ကျွေးထားမတဲ့လေ။ ခုတောင် စိုးယုစံသူမအပေါ်တော်တော်လေး အားနာနေမိပြီ။ ဒါပေမဲ့ ဘုရားသခင်က သူမကို လျစ်လျူမရှုတဲ့ပုံပါပဲ။ အိမ့်နဒီနဲ့ ၁ ရက်လေးအတူအပြင်လိုက်သွားတာ ချက်ချင်းကြီး အလုပ်ရသွားတယ်။ စိုင်းလင်္ကာတို့ဆိုင်မှာ မိန်းကလေးအလုပ်သမားက လက်ထပ်လိုက်ပြီး အလုပ်ထွက်သွားတယ်လေ။
စိုးယုစံအလုပ်ရသွားတာကြောင့် ပျော်ရွှင်တက်ကြွစွာ ပြန်လာခဲ့လိုက်တယ်။ ပျော်လွန်းအားကြီးလို့ သူမဘေးက ရွှေရတီဦးရဲ့ လက်ကို ဆွဲထားရင်း လှမ်းကို မြောက်ဆွမြောက်ဆွလျှောက်နေမိတယ်။
အခန်းရှေ့ရောက်သွားတော့ သူမကိုင်ထားတဲ့လက်က သူမကို ဆွဲထားခဲ့တယ်။ စိုးယုစံ ချက်ချင်း ရွှေရတီဦးကို လှည့်ကြည့်မိတယ်။ ရွှေရတီဦးက သူမရဲ့ ခေါင်းကို ကိုင်ရင်း နေရာမှာတင်မေ့လဲသွားတယ်။ သူမလှမ်းဆွဲလိုက်ပေမဲ့ ရွှေရတီဦးရဲ့ကိုယ်ကို သူမမနိုင်တာကြောင့် သူမရောပါလဲကျသွားခဲ့တယ်။
"ရတီ ရတီ ဘာဖြစ်တာလဲ"
စိုးယုစံ ထထိုက်လိုက်ပြီး လဲကျနေတဲ့ ရွှေရတီဦးကို လှုပ်နိုးမိတယ်။