Chapter 45

11K 1.1K 61
                                    

Chapter 45: ထာဝရ။

တတ်ကြွနေသည့် လူငယ်လေးက နံနက်ခင်း၏ ရွှေအိုရောင်သဲ့သဲ့ ရောင်ခြည်အောက်၌ မြူးကြွနေဟန်။ ညိုညက်သော အသားအရည်သည် နေရောင်အောက် ပွင့်ဖူးနေသည့် ပန်းပွင့်ညိုလေးလို..။ နက်ရှိုင်းစွာ ပေါ်လွင်နေသည့် ပါးချိုင့်တို့ကလည်း... ထင်းခနဲ ပေါ်ထွက်လာပါသည့် နူးညံ့ညင်သာမှုအတိုင်း...။ အပြုံးတို့ကို တစ်ယောက်သောသူထံသို့ ရက်ရက်ရောရော ပေးကမ်းနေ၏။

ပြာလွင်လွင် ကောင်းကင်ယံက ဖြူလွလွ တိမ်စိုင်တွေနှင့် ခြယ်မှုန်းထားလေပြီး ၊ သူ့ကမ္ဘာကတော့ ပန်းရောင်နုရောင်ဖျော့ဖျော့အင်္ကျီနှင့် အနက်ရောင်ပုဆိုးကို ဆင်မြန်းဝတ်ဆင်ထားခဲ့ကြောင်းကို မိုးမှောင် မြင်လေသည်။ သူ့ကိုသူ ငုံ့ကြည့်မိပြန်တော့ သာမာန်ထသွားထလာ မီးခိုးရောင်ရှပ်တစ်ထည်ရယ်၊ နီညိုရောင် ပုဆိုးကို ဖြစ်ကတတ်ဆန်း စွတ်မိလာပုံရသည်။ ဒါမှန်းသိရင် သူ့လင်းဒီပါ့လို ဆင်တူလေး ဝတ်လာတာပေါ့။ အခုကျတော့မှ သွားလဲ၍ မရပေပဲ။ ပြီးတော့ လင်းဒီပါ့၏ ဖြူဝင်းသော ကြွေထည်လို အသားအရည်မျိုးကပဲ ဒီလိုအင်္ကျီအရောင်နှင့် လိုက်ဖက်သည်လေ။ သူ့လို အသားမဲက ဒါမျိုးသွားဝတ်ရင် လင်းဒီပါဟာ ကြိတ်ရယ်နေပေလိမ့်မည်။

လင်းဒီပါ တတ်ကြွနေသည့် လူငယ်လေး၏ အနောက်ကို တည်ကြည်စွာ အပြုံးသေးသေးလေး ဆင်မြန်းထားရင်း လိုက်ပါ၏။ ဒီကောင်ငယ်လေးက ၁၈နှစ်ပြည့်မွေးနေ့ကို တော်တော်လေး ပျော်နေသည်ပင်။ မိုးမှောင်၏ အထင်ကရချစ်ဖွယ်ကောင်းနေတတ်ပါသည့် ပါးချိုင့်တို့သည်လည်း ငွားငွားစွင့်စွင့် ပွင့်လန်းနေသေးသည်။

နတ်တောင်...။ မကွေးတိုင်း၊ ဆင်ဖြူကျွန်းရွာလေး၏ မနီးမဝေး၌ တည်ရှိသော အထင်ကရ နာမည်ကြီးဘုရားတစ်ဆူဖြစ်သည့် ငါးမျက်နှာဘုရားနှင့် ဆက်စပ်ခေါ်လေ့ရှိသော တောင်။ ထိုကောင်ငယ်လေးသည် ဤဘုရားသို့ တော်တော်လေး လာချင်နေပုံရသည်။ နတ်တောင်ဟု ခေါ်ဝေါ်ကြသော်လည်း အရမ်းမြင့်မားသည့်တောင်ဟု ခေါ်ဝေါ်၍လည်း မရသလို၊ သာမာန်မြေနိမ့်ပိုင်းဟုလည်း ခေါ်ဝေါ်ညွှန်းဆို၍ မရပါသော နယ်မြေတစ်ခု။ လင်းဒီပါ ဤအညာမြေသို့ ရောက်ရှိတာ သုံးနှစ်နီးပါးရှိပြီဖြစ်သော်လည်း... တစ်ချို့အရာတွေကို သေချာ မသိပါပေ။

 မိုးမှောင် ( Complete )Wo Geschichten leben. Entdecke jetzt