အထက်တန်းကျောင်းအပြီးနွေရာသီကျောင်းပိတ်ရက်တခု၌ ဆောင်ဟွန်းတို့အိမ်၏ဘေးချင်းကပ်ရပ်မှာ ဆူဆူညံညံအသံများကြားနေရသည်။
ဆောင်ဟွန်းအိပ်ခန်းဟာ ဘေးအိမ်နှင့်ပိုနီးကပ်သည်မို့ ခေါင်းရင်းပြတင်းပေါက်မှန်မှချောင်းကြည့်မိသည်။
ပထမတော့ဘာမှမမြင်ရ ခဏအကြာ ဆောင်ဟွန်းအိမ်ပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင် ပြတင်းပေါက်ကို အမျိုးသမီးတစ်ဦးက ဖွင့်လာပြီး ပြတင်းပေါက်မှတပ်ဆင်ထားသည့် အပြာနုရောင်လိုက်ကာစလေးကို ကြိုးဆွဲပင့်တင်နေသည်။
တဖက်အိမ်ဘက်သို့ရှင်းရှင်းလင်းလင်းမြင်ရချိန် ထိုပြတင်းပေါက်တည်ရှိရာ အိပ်ခန်းဆောင်သို့ လူတွေတစ်ယောက်ပြီးတစ်ယာက် ပစ္စည်းများသယ်ကာဝင်ထွက်သွားလာနေကြသည်။
နောက်အခန်းအတွင်းသို့ ဖုန်းတစ်လုံးကိုကိုင်ဆော့ရင်း ဝင်လာသည့်ကောင်လေးတစ်ယောက်။နက်ပြာရောင် ရှော့ပန့်ကို အပေါ်မှဘောလုံးအသင်းတစ်သင်း၏အားကစားအင်္ကျီနှင့် ဝတ်ဆင်ထားသောကောင်လေးဟာ သူနှင့်ရွယ်တူဖြစ်ဟန်တူသည်။
ဆောင်ဟွန်းထိုကောင်လေးကိုသေချာကြည့်မိနေတုန်း ကောင်လေးက ပြတင်းတံခါးပေါက်နားတွင်ရပ်ကာ မျက်လုံးများကိုဟိုကြည့်သည်ကြည့်ရွေ့လျားနေသည်။
ဆောင်ဟွန်း သူ့ဘက်ကပြတင်းတံခါးနှစ်ချက်ကိုအသာတွန်းဖွင့်လိုက်တော့ ကောင်လေးက သူ့ကိုသေချာကြည့်နေသည်။
ဆောင်ဟွန်းနှင့်ကောင်လေး အကြည့်ချင်းဆုံသွားတော့ ကောင်လေးက ပါးပြင်ဖောင်းဖောင်းလေးတွေမို့တက်သွားသည်အထိ ဆောင်ဟွန်းကိုပြုံးပြနှုတ်ဆက်လာသည်။
"ဟယ်လို မင်းကဒီမှာနေတာလား"
ဆောင်ဟွန်းက မျက်လုံးတွေကို ထိုကောင်လေးထံမှ အကြည့်လွဲထားပေမယ့်ခေါင်းကိုငုံ့ပြကာ ပြန်ပြုံးပြမိသည်။
"ငါက ဂျုံဆောင်း၊"
"ဆောင်ဟွန်းပါ "
ထိုနေ့ကစ မျက်လုံးဝိုင်းဝိုင်း၊ဂျုံလုံးလေးနှင့်တူသည့် ပါးဖောင်းဖောင်းနှင့် ကောင်လေးဟာ ဆောင်ဟွန်း၏ ပထမဆုံးအိမ်နီးချင်းဖြစ်ခဲ့သည်။