နတ်ဘုရားတို့၏ဘုရင်စာစဉ်-၁အခန်း (၁)မနက်ခင်း တစ်ခုမှာ ဆန်းဖယ်သာ မြို့ကြီး တစ်ခုလုံးက အမှောင်ထုကနေ စတင် လင်းလက်ခါစမှာပဲ ရှိနေတုန်းအချိန် ဆန်းဖယ်သာမြို့ရှိဇောင် မိသားစု ကလန်တွင်...လူငယ်လေး တစ်ယောက်က သူကိုယ်ပေါ်မှာ နွေးထွေးတဲ့ စောင်တွေကို ဖယ်လိုက်ပြီး အိပ်ရာထဲကနေ ခုန်ထွက်လိုက်ပြီးတော့ အဝတ်အစားတွေကို ချက်ချင်း ကောက်ဝတ်လိုက်ပါ။ မျက်စိတစ်မှိတ်လောက် အတွင်းမှာပဲ အားလုံး ပြီးစီး သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဇောင်ကလန်ထဲက လူတွေက အိပ်မောကျနေတုန်းပဲ ရှိသေးတယ်။ အထူးသဖြင့် အစေခံတွေတောင် မနိုးကြသေးပါဘူး။ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးနဲ့အသက် ဆယ့်သုံးနှစ်နဲ့ ဆယ့်လေးနှစ်ကြား လူငယ်လေး ကလေးဆန်တဲ့ မျက်နှာတို့ ပိုင်ဆိုင်ထားပေမဲ့ သူက အရမ်း မချောနေပါဘူး။ ဒါပေမဲ့ အထူးသဖြင့် သူမျက်လုံးတွေက ကြည်လင် တောက်ပေနပြီးတော့ တိုက်ခိုက်ချင် စိတ်တွေနဲ့ ပြည့်နှက် နေပါတယ်။"ငါက သိပ်မကြာခင်သိုင်း အဆင့် ၂ ကို ရောက်တော့မယ် အဲဒီအခါကျမှ ဇောင်ကလန်က လူတွေကို ပါးစပ်ပိတ် သွားအောင် လုပ်ပစ်လိုက်မယ်"အဲဒီ လူငယ်လေးရဲ့ နာမည်က ဇောင်ဖန် ဖြစ်ပြီးတော့ သူကလွန်ခဲ့တဲ့ နှစ်ဝက်လောက် ကတည်းက ဇောင်ကလန်ရဲ့ ဂိုဏ်းခွဲ တစ်ခုဖြစ်တဲ့ သစ်ရွက်စိမ်း မြို့ကနေ အရမ်း ထူးချွန်တဲ့ အတွက်ကြောင့် ဇောင်ပင်မ ကလန်ကြီးထဲကို ရောက်လာခဲ့တာပဲ ဖြစ်တယ်။သစ်ရွက်စိမ်း မြို့မှာတော့ သူကသူ့အသက်အရွယ် သိုင်းအဆင့် ၁ ကို ပထမဆုံး ရောက်ရှိခဲ့တဲ့ ပါရမီရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီးသာမန်လူ တစ်ယောက် ဘဝကနေ သိုင်းလောကထဲကို ဝင်လာခဲ့ပါတယ်။ ရွာမှာရှိတဲ့ လူတိုင်းက သူ့အစွမ်းအစကို ချီးကျူးကြပြီး သူ့အနာဂတ်က တိုင်းဆလို့ မရလောက်အောင်ပဲလို့ ပြောသြသလို သူ့ရွာသားတွေနဲ့ သူမိဘတွေက သူ့အပေါ် အရမ်းကို မျှော်လင့် ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဇောင်ရွာရဲ့ အရမ်း ထူးချွန်တဲ့သူ တစ်ယောက် ဖြစ်လာဖို့ ဘယ်လောက် ကြိုးစားခဲ့ရတယ် ဆိုတာ ဇောင်ဖန် တစ်ယောက်ပဲ သိတယ်။ သစ်ရွက်စိမ်းရွာက ဇောင်ကလန်ရဲ့ အဓိက ဌာနခွဲတစ်ခုဖြစ်ပြီး ငါးနှစ်ပြည့်တိုင်းမှာ ဇောင်ပင်မကလန်ကို ထူးချွန်တဲ့လူ နှစ်ယောက် ပို့ခွင့်ရှိတယ်။ ဇောင်ဖန်နဲ့အတူတူ ဝင်ခွင့်ရတဲ့ သူက ဇောင်ယူ ဖြစ်ပြီး သူမက ဇောင်ဖန်ထက် နှစ်လပဲ နောက်ကျပြီး သိုင်းအဆင့်၁ ကို ရောက်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သစ်ရွက်စိမ်းရွာကနေ ထွက်ခဲ့ပြီးတဲ့နောက် မှာ ဇောင်ဖန်ရဲ့စိတ်တွေက တိုက်ခိုက်ချင်စိတ် အပြည့်နဲ့ တက်ကြွနေပြီး ဇောင်ပင်မ ကလန်မှာ သူ့အရည်အချင်းတွေ ပြခွင့်ရပြီဆိုပြီး ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဇောင်ကလန်ကို ရောက်တဲ့အခါကျမှ သူက ရေတွင်းအောက်ခြေ ဖားလေးတစ်ကောင် ဖြစ်နေမှန်း နားလည် လာခဲ့ရတယ်။လူဦးရေ အရလည်း သစ်ရွက်စိမ်းရွာက လူတစ်ရာလောက်ပဲ ရှိပြီးသူနဲ့ရွယ်တူက ၇ယောက် ၈ယောက်လောက်ပဲ ရှိတယ်။ ဇောင်ပင်မ ကလန်မှာတော့ လူဦးရေက သောင်းနဲ့ချီရှိပြီး သူတို့က နယ်မြေဒေသတွေ မိုင်းတွေနဲ့ သယံဇာတတွေ အများကြီးကို ထိန်းချုပ် ထားခဲ့ကြတယ်။ သစ်ရွက်စိမ်း ရွာမှာတော့ သူက အစွမ်းအစရှိတဲ့သူ တစ်ယောက် အရမ်း ထူးချွန်တဲ့သူ တစ်ယောက် လိုတောင် တချို့က ထင်ကြပေမဲ့ ဇောင်ကလန်မှာတော့ သူ့အသက်အရွယ်နဲ့ ဆိုရင်တော့ အဆင့်နိမ့် အပြင်တပည့် တစ်ယောက်သာသာ အဆင့်ပဲရှိတယ်။ဇောင်ကလန်မှာ တချို့ သူနဲ့ သက်တူရွယ်တူ လူငယ်အများစုက အဆင့်နှစ်ကို ရောက်နေကြ ပြီးတော့ တချို့ထူးချွန်းတဲ့ သူတွေဆို အဆင့်၃ကိုတောင် ရောက်နေကြပြီလေ။တကယ့် အမှန်တရားကို သိမြင်ပြီးတဲ့ အခါမှာတော့ ဇောင်ဖန်က သူဟာ ဘာမှမသိပဲ အသားလွတ် ဘဝင်မြင့် နေခဲ့တာမှန်း နားလည် သွားခဲ့တယ်။ ရွာက သူနဲ့ အတူလာခဲ့တဲ့ ဇောင်ယူကလည်း သူနဲ့ တဖြည်းဖြည်း ဝေးကွာလာပြီး သူမက ဇောင်ကလန်ရဲ့အထူးချွန်ဆုံး အပြင်တပည့် သုံးယောက်ထဲက တစ်ယောက် ဘေးကို သွားခိုလှုံခဲ့တယ်။ သစ်ရွက်စိမ်းရွာက အချိန်တွေက ပြန်ကြည့်ရင် ဇောင်ယုက ဇောင်ဖန်ကို အရမ်း အထင်ကြီးပြီး အရမ်း ချစ်မြတ်နိုးခဲ့တယ်။ ဒါပေမဲ့ဇောင်ဖန်က သိုင်းပညာကိုပဲ ဂရုစိုက်ပြီး သူမကို လျစ်လျူရှုခဲ့တယ်။ အခုတော့ ဇောင်ဖန်က ပိုပြီး ပူပင်လာပြီး သူ့ရဲ့သိုင်းပညာ လေ့ကျင့်ခန်းတွေကိုပဲ အပြင်းအထန် အားစိုက် တော့တယ်။ ဇောင်ဖန်က ဇောင်ကလန်မှာ ထိပ်ဆုံး စာရင်းထဲကို ဝင်ရမယ်ဆိုပြီး ဆုံးဖြတ် ထားပါတယ်။ပြီးတော့ သူ သစ်ရွက်စိမ်း ရွာကိုလည်း အရှက်ရပြီး ပြန်မသွားချင်ဘူးလေ။ကိုယ်လက် သန့်စင်ပြီးတာနဲ့ ဇောင်ဖန်က ဇောင်ကလန်ရဲ့ လေ့ကျင့်ခန်း လုပ်တဲ့ ကွင်းပြင်ဆီကို ပြေးသွားခဲ့ပါတယ်။အဲဒီကို ရောက်တဲ့ အခါမှာတော့ ဇောင်ဖန်က လက်နှစ်ဖက်နဲ့ လေတွေကို စုစည်းပြီး သူတို့ရွာရဲ့ သံမဏိမီးတောက် လက်သီးသိုင်းကို စကျင့် လိုက်တော့တယ်။ သံမဏိမီးတောက် လက်သီးသိုင်းက အဆင့်အနိမ့်ဆုံး သိုင်းတစ်ခု ဖြစ်ပေမဲ့ ဇောင်ဖန်က သေသေချာချာ အစွမ်းထက်အောင် လေ့ကျင့်တယ်။ အစီအစဉ်အရ ဆိုရင် သိုင်းပညာတွေကို မူလအဆင့် အနိမ့်အဆင့် အလယ်အဆင့် အမြင့်ဆုံးအဆင့် အထွတ်အထိပ် အဆင့် ဆိုပြီးတော့ အစဉ်အတိုင်း သတ်မှတ် ထားပါတယ်။ ပိုပြီး အဆင့်မြင့်လေလေ ပိုအစွမ်းထက်ပြီး လေ့ကျင့်တဲ့သူကိုလည်း အရမ်း အကျိုး ဖြစ်စေပါတယ်။ မူလ အခြေခံသိုင်းတွေက အဆင့်အနိမ့်ဆုံး သိုင်းပညာဖြစ်ပြီး ကိုယ်ခန္ဓာကို သန်မာစေပင်မဲ့ တိုက်ခိုက်နိုင်စွမ်း ကတော့ သိပ်မများပါဘူး။ ဒါပင်မဲ့ ဇောင်ဖန်ရဲ့ အနေအထားက အရမ်း အဆင့်မြင့်တဲ့ သိုင်းတွေကို လေ့ကျင့်ခွင့် မရှိဘူးလေ။ "ငါ့အဆင့် ၁ ကိုရောက်နေတာ အတော်ကို ကြာနေပြီ ဒါပေမဲ့ ငါအဆင့်နှစ်ကို ရောက်ဖို့လည်း တော်တော်ကို အချိန်ယူရဦးမှာပဲ။ အတော်ကြာကြာ လေ့ကျင့်ပြီးတဲ့ အခါမှာတော့ ဇောင်ဖန်ရဲ့ အသက်ရှူနှုန်းတွေ မြန်လာပြီး သူ့တစ်ကိုယ်လုံးလဲ ချွေးတွေနဲ့ ရွှဲနစ်နေခဲ့ပါတယ်။ အမှန်ဆို ဇောင်ဖန်ရဲ့ အစွမ်းအစက သူများတွေ ထက်တော့ မနိမ့်ကျဘူး ... သူဘာဖြစ်လို့ သူများတွေကို မမီလဲဆိုတော့ အဆင့်မြင့် သိုင်းပညာတွေကို လေ့လာခွင့် မရလို့ပဲ။ ပြီးတော့ သူက တချို့ လူတွေလိုလည်း မချမ်းသာဘူး တချို့ဆို သူတို့ရဲ့ သိုင်းပညာ တိုးတက်ဖို့အတွက် အစွမ်းထက်တဲ့ ဆေးတွေကို အသုံးပြုကြတယ်။ တချို့က ပြောကြတာကတော့ ဇောင်ကလန်ထဲက တပည့် တချို့ဆိုရင် မွေးကတည်းက သူတို့ခန္ဓာကိုယ်တွေ ကြံ့ခိုင်အောင် အစွမ်းထက် ဆေးဝါတွေ အသုံးပြုကြတယ်တဲ့။ အသက် ဆယ်နှစ် မပြည့်ခင်မှာပဲ သူတို့က အဆင့်၁ကို ရောက်နေကြပြီး တခြားလူတွေထက် နှာတစ်ဖျား သာနေပြီလေ။ စထွက် ကတည်းကိုက ဇောင်ဖန်က သူတို့နောက်မှာ အများကြီးကို ပြတ်ကျန်ခဲ့ပြီ မဟုတ်ပါလား။ နောက်တစ်နာရီလောက် ကြာတော့ နေမင်းကြီးက တဖြည်းဖြည်း ထွက်လာပြီး တချို့ သင်တန်းသားတွေကလည်း လေ့ကျင့်ကွင်းထဲကို တဖြည်းဖြည်း ဝင်လာခဲ့ကြပါတယ်။ အများစုက ဇောင်ဖန်ကိုမြင်တဲ့ အခါမှာတော့ အေးစက်စက် အကြည့်တွေနဲ့ မနှစ်မြို့သလို နှာခေါင်းရှုံ့လိုက် ကြပါတယ်။ အဲဒီလို ခံစားရတာက ဇောင်ဖန် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဇောင်ကလန် ဂိုဏ်ခွဲတိုင်းက လာတဲ့ လူတိုင်းလိုလို ခံစားနေကျ အဖြစ်တစ်ခုပါပဲ။ ဇောင်ဖန်က သူ့အတွေးထဲ နစ်မျောနေစဉ်အတွင်း သူ့နောက်ကနေ အသံတစ်သံကို ကြားလိုက်ရပါတယ်။ "ဟေ့ကောင် ... တံမြက်စည်းရိုး အဲဒီမှာ ရပ်နေစမ်း..."ဖတ် ... သံမဏိလို မာကျောတဲ့ လက်တစ်ဖက်က ဇောင်ဖန်ရဲ့ ပခုံးပေါ်ကို ကျရောက် လာခဲ့ပါတယ်။ "မင်း...ပါလား..."အဲဒီအချိန်မှာ ဇောင်ဖန်က ဟန်ချက်ပျက်ပြီး လဲကျတော့မတတ် ဖြစ်သွားတယ်။ သူ ကျင့်ထားတဲ့ သိုင်းက သူ့ခန္ဓာကိုယ် အနေအထားကို ရုတ်တရက် ချိန်ပေးလိုက်လို့သာ မလဲကျသွားတာ။ သူ ပခုံးပေါ်လက်တင်တဲ့သူက အနက်ရောင်ဝတ်စုံ ဝတ်ထားပြီး ကြွက်သားတွေနဲ့ ထွားကျိုင်းတဲ့ လူငယ်တစ်ယောက်။ သူကအခုမှ ဟန်ချက် ပြန်ထိန်းလိုက်တဲ့ ဇောင်ဖန်ကို ကြည့်လိုက်ပါတယ်။ သူမျက်လုံးထဲမှာတော့ အထင်သေးတဲ့စိတ်တွေ အနိုင်ယူလိုစိတ်တွေနဲ့ ပြည့်နှက် နေပါတယ်။"ဇောင်ကွန် ... မင်း ဒါဘာလုပ်တာလဲကွ..."ဇောင်ဖန်က ဇောင်ကွန်ကို ဒေါသသံနဲ့ မေးလိုက်ပါတယ်။ဇောင်ဖန်က ဇောင်ပင်မကလန်ကို လာတော့ သူတို့ နှစ်ယောက်ကြားမှာ အဖုအထစ်လေးတွေ နည်းနည်း ရှိခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဇောင်ကွန်က ဂိုဏ်းခွဲက လာတဲ့သူ မှန်သမျှကို လှောင်ပြောင် နေပြီးတော့ ဇောင်ဖန်နဲ့ ပြဿနာ တက်ခဲ့လို့ပဲ။ အဲဒါကြောင့် ဇောင်ကွန်က ဇောင်ဖန်ကို အငြိုးထားပြီး ဇောင်ဖန်နဲ့တွေ့တိုင်း အရှက်ရအောင် အမြဲ လိုက်လုပ် နေပါတယ်။"ဇောင်ကွန်... မင်းအဆင့်နဲ့ဆို ဂိုဏ်းခွဲက လာတဲ့ တောသား တစ်ယောက်ကို ဆယ်ကွက်တည်းနဲ့ အနိုင် မတိုက်နိုင်ဘူးလားကွ ..." ဘေးက လူငယ်တစ်ယောက်က မေးလိုက်ပါတယ်။"ဆယ်ကွက်... ဟုတ်လား ..." ဇောင်ကွန်က သိုင်းအဆင့်နှစ်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီလေ။ "ဒီကောင်ကို ဆယ်ကွက် မလိုပါဘူး သုံးကွက်ဆို အေးဆေး နိုင်ပါတယ်ကွာ"ဘေးက နောက်လူငယ် တစ်ယောက်က လှောင်ပြောင် ရယ်မော လိုက်ပါတယ်။"သုံးကွက်... တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင် သုံးကွက်တည်းနဲ့ ဇောင်ဖန်ကို နိုင်ဖို့တော့ မလွယ်ဘူးနော်" အနားက ကျောင်းသား တစ်ယောက်က ပြောလိုက်ပါတယ်။"သုံးကွက် ... ဟားဟား..." ဇောင်ကွန်က မနှစ်မြို့နဲ့ပုံစံနဲ့ ရယ်လိုက်ပြီးတော့ "မင်းတို့အားလုံးက ငါ့ကို အထင်သေး နေကြတာပဲ ဒီလို ကောင်လောက် ကတော့ ငါ သိုင်းတစ်ကွက်တည်းနဲ့ နိုင်ပါတယ်ကွာ""တစ်ကွက်တည်း..."အနားမှာရှိတဲ့ ကျောင်းသားတွေရဲ့ မျက်နှာမှာ အံ့ဩတုန်လှုပ်တဲ့ အမူအရာတွေ ထွက်ပေါ် လာကြပါတယ်။ဇောင်ဖန်က မျက်မှောက်ကြုတ် လိုက်ပြီးတော့ တဖြည်းဖြည်း ဒေါသ ထွက်လာခဲ့တယ်။သူနဲ့ဇောင်ကွန်နဲ့ သိုင်းအဆင့်တစ်ခုပဲ ကွာတာ မဟုတ်လား... တကယ်လို့ ဇောင်ကွန် သေချာ တိုက်မယ်ဆိုရင် သုံးကွက်ထဲမှာ နိုင်ဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး ... ဒါပေမဲ့ တစ်ကွက်တည်း ဆိုတာတော့ ဒါ ဇောင်ဖန်ကို အရှက်ခွဲတာပဲနေမှာ... ဇောင်ကွန်ရဲ့ ရန်စတဲ့မျက်လုံးတွေကို ကြည့်ရင်း ဇောင်ဖန်ကတော့ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားလိုက်တယ်။ ငါ တစ်ကွက်တည်းနဲ့ မရှုံးရင်တောင် ဒီကောင်ကတော့ ငါ့ကို အရှက်ခွဲဦးမှာပါပဲ။ ငါ သူ့လှည့်ကွက်ထဲ ဝင်သွားလို့ မဖြစ်ဘူး။"ဇောင်ကွန် ငါဒီနေ့ လေ့ကျင့်ခန်း လုပ်ထားတာ အရမ်း ပင်ပန်းနေတယ်။ မင်းနဲ့ မယှဉ်ချင်သေးဘူး ငါ ရက်နည်းနည်းလောက် နားပြီးမှ ပြိုင်ကြရအောင်"ဇောင်ဖန်က မျက်နှာသေနဲ့ ပြောလိုက်ပြီး ဘာမှထပ်မပြောပဲ လေ့ကျင့်ကွင်းကနေ ထွက်လာခဲ့လိုက်တယ်။ ဇောင်ဖန် ထွက်သွားတာကို ကြည့်ရင်း ဇောင်ကွန်က တုံ့ခနဲ ဖြစ်သွားပြီးမှ "ကောင်းပြီလေ ... ငါးမြွေထိုးလေး.. မင်းကို ငါဒီနေ့တော့ လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ ပြန်တွေ့ရင်တော့ ငါမင်းကို တစ်ကွက်တည်းနဲ့ အနိုင်ယူပေးမယ် ဆိုတာ မမေ့နဲ့ကွာ" "တစ်ကွက်တည်းနဲ့ အနိုင်ယူမယ်... ကြည့်ရတာ ဒီကောင်က နောက်တစ်ခါကျရင် ငါ့ကို အလွတ်ပေးမယ်ပုံ မပေါ်ဘူး ... ဇောင်ဖန်က စိတ်ထဲ သေချာ စဉ်းစားလိုက်ပါတယ်။"ငါ သိုင်းအဆင့်နှစ်ကို မြန်မြန် ရောက်မှဖြစ်တော့မယ် ဒါမှ ဇောင်ကွန်ကို သေချာ ယှဉ်ပြိုင်နိုင်မှာ" အဲဒီလို တွေးရင်းနဲ့ ဇောင်ဖန် ခေါင်းထဲကို ဖိအားတွေ ဝင်လာပါတယ်။လေ့ကျင့်ကွင်းက ထွက်လာပြီး ဇောင်ဖန်က အိမ်ကိုပဲ တန်းပြန် လာလိုက်တယ်။ ဇောင်ဖန်က ဇောင်ကလန်ကို ကျောင်းသားအဖြစ် ဝင်နိုင်တဲ့အတွက် သူမိဘတွေကလည်း ဇောင်ကလန်မှာ နေလို့ရလာတယ်။ ဒါက သူမိဘတွေ အတွက် ဂုဏ်တက်စရာ တစ်ခုပဲ။ဒါပေမဲ့ ဇောင်ဖန်ကတော့ အခုလက်ရှိ သူ့အခြေအနေက သူမိဘတွေကို မျက်နှာ ငယ်စေတယ်လို့ သူထင်နေတယ်။ သူ့ရွာက လူတွေကိုလည်း ဂုဏ်တက်အောင် မလုပ်ပေးနိုင်ဘူးဆိုပြီး စိတ်ဓာတ် ကျနေတယ်။ "သား ပြန်လာပြီ "အဲဒီအသံကြားတော့ အိမ်ထဲကနေ တည်တည်ငြိမ်ငြိမ်နဲ့ လူတစ်ယောက် ထွက်လာတယ်။ အဲဒီလူက ဇောင်ဖန်ရဲ့အဖေ ဇောင်တိုင်ရန်ပဲ ဖြစ်ပါတယ်။"ဖန်အာ... အထဲကို မြန်မြန်လာခဲ့ သား ဗိုက်ဆာနေပြီမလား... မြန်မြန်လာစား" ဇောင်ဖန်ရဲ့အမေ ဇောင်ရှီက မီးဖိုချောင်ထဲက စားစရာတွေ ယူလာရင်းနဲ့ ပြောလိုက်တယ်။ဇောင်ဖန်က သူအိမ်ပြန်လာတိုင်း နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားလိုက်ရပါတယ်။ "ကျေးဇူးပဲအမေ... တော်တော်ကို စားကောင်းတာပဲ" ဇောင်ဖန်က ပါးစပ်ထဲ ပလုတ်ပလောင်း ဝါးရင်းနဲ့ ပြောလိုက်တယ်။ဇောင်ဖန်က စားရင်းနဲ့ သူ့အဖေနဲ့ အမေ မျက်နှာတွေက တည်တည် ကြည်ကြည် ဖြစ်နေတာတွေ့တော့ "အဖေနဲ့ အမေ ဘာပြဿနာများ ရှိနေလို့လဲ... "အဲဒီအသံကြားတော့ ဇောင်ဖန် မိဘတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်း ကိုယ်စီ ချလိုက်တယ်။ "ငါပဲ ပြောလိုက်တော့မယ်... သိပ်မကြာသေးခင်ကပဲ ဇောင်ကလန် အကြီးအကဲတွေဆီက ပို့လိုက်တဲ့စာ ရောက်လာတယ် ဇောင်ကလန်က အခု စည်းကမ်းအသစ် ထုတ်လိုက်ပြီ... တကယ်လို့ ဂိုဏ်းခွဲကလာတဲ့ ကျောင်းသားတွေက သိုင်း အဆင့်နှစ်ကို မရောက်ခဲ့ဘူးဆိုရင် ဇောင်ကလန် မိသားစု သိုင်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတော့ဘူး။ ပြီးတော့ အသက် ၁၅ မတိုင်ခင် သိုင်းအဆင့်၃ ကိုမရောက်ရင် မရောက်တဲ့ ကျောင်းသားကို အိမ်ပြန်ပို့မယ် ဆိုပြီး ပြောတယ်" ဇောင်ဖန်ရဲ့အဖေက တည်ငြိမ်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။အဲဒါကြားတော့ ဇောင်ဖန်က အသက်ရှူ ရပ်သွားသလို ခံစားလိုက်ရတယ်။ "ဘယ်လို ... ဇောင်မိသားစု သိုင်းပြိုင်ပွဲက လူငယ်တွေ သူတို့အစွမ်းကို ထုတ်ပြခွင့်ရတဲ့ပွဲပဲ အနိုင်ရတဲ့လူက ဆုကြီးကြီးမားမား ရနိုင်ပြီး ဇောင်ကလန်က သေချာ လေ့ကျင့်ပေးတဲ့ အတွင်း တပည့်တောင် ဖြစ်နိုင်တယ်။ ဒါက အပြင် ကျောင်းသားတွေအတွက် ငါးကနေ နဂါးကို ပြောင်းနိုင်မယ့် အခွင့်အရေးပဲလေ။တကယ်လို့ ဒီအခွင့်အရေးကို ဆုံးရှုံးသွားရင် ဇောင်ကလန်ကနေ အထုတ်ခံလိုက်ရတာနဲ့ ဘာထူးမှာလဲ... ပြီးတော့ နောက်ဆုံး စည်းကမ်းကလည်း ဇောင်ဖန်ရဲ့ နှလုံးသားမှာ တင်းတင်းကျပ်ကျပ် ခံစားရစေတယ်။ အသက် ၁၅မတိုင်ခင် သိုင်းအဆင့် ၃ ကိုရောက်ရမယ် ... မရောက်ရင် ဂိုဏ်းခွဲကို ပြန်ရမယ်။"မဖြစ်နိုင်ဘူး ... ဒါလုံးဝကို မဖြစ်နိုင်ဘူး" ဇောင်ဖန်က လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရင်းနဲ့ ရေရွတ်လိုက်တယ်။ သူသာ ရွာပြန်ပို့ခံရရင် သူနဲ့သူမိဘတွေ မျက်နှာ ဘယ်သွား ထားရမှာလဲ ...။"ဒီစည်းကမ်းကလည်း ဂိုဏ်းခွဲက ကျောင်းသားတွေ အတွက်ပဲ မဟုတ်လား..." ဇောင်ဖန်ရဲ့ အမေကလည်း မနှစ်မြို့တဲ့ အသံနဲ့ ဝင်ပြောလိုက်တယ်။ "အဖေနဲ့ အမေ စိတ်ချပါ ကျွန်တော် ဇောင်မိသားစု သိုင်းပြိုင်ပွဲမတိုင်ခင် သိုင်းပညာအဆင့်၂ ကို ရောက်အောင် ကြိုးစားပါ့မယ်" ဇောင်ဖန်က အံကြိတ်ရင်း တုန်ယင်နေတဲ့အသံနဲ့ ပြောလိုက်တယ်။ "အခုက အချိန်နှစ်လ လိုသေးတယ် ဒါပင်မဲ့ တစ်လကြိုပြီး သိုင်းပြိုင်ဖို့ စာရင်းပေးရမှာ သိုင်းပညာ အဆင့် ၁ ကနေ အဆင့် ၂ ကို တစ်လအတွင်း ရောက်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး"ဇောင်တိုင်ရန်က ခေါင်းခါရင်းနဲ့ ပြောလိုက်တယ်။ ဇောင်ဖန် ကိုယ်တိုင်ကလည်း သူ့ကိုယ်သူသိတယ်။ တကယ်လို့ အချိန်နှစ်လလောက် ရှိသေးရင် သူအဆင့်၂ ကိုရောက်ဖို့က ၃၀ရာခိုင်နှုန်းလောက် ရှိသေးတယ်။ တစ်လအတွင်း ရောက်ဖို့ကတော့ သူကိုယ်သူ မယုံဘူး။ အချိန် တော်တော် ကြာကြာ တိတ်ဆိတ်နေပြီးမှ သူ့အမေက ကျလုဆဲဆဲ မျက်ရည်တွေကိုသုတ်ရင်း "ဖန်အာ ဘာပဲဖြစ်ဖြစ် သားအတွက် အမေတို့က ဂုဏ်ယူပြီးသားပါ မအောင်မြင်တော့လည်း အမေတို့ရွာပြန်ပြီး သာမန်လူဘဝနဲ့ အေးအေးဆေးဆေး နေကြတာပေါ့"သူ့အဖေကလည်း ခေါင်းညိတ်ရင်းနဲ့ "ဟုတ်တာပေါ့ ငါတို့ သစ်ရွက်စိမ်းရွာကိုသာ ပြန်သွားရင် မင်းကလဲ အထူးချွန်ဆုံး ကျောင်းသား ဖြစ်နေဦးမှာပဲလေ ... ဖီးနစ်ငှက်ရဲ့ အမွေးထက် ကြက်တစ်ကောင်ရဲ့ ခေါင်းကမှ ပိုကောင်းပါတယ်ကွာ"သူတို့ မိဘတွေ အတွက်ကတော့ သူတို့ကလေးကို လုံလုံခြုံခြုံနဲ့ အေးအေးဆေးဆေးပဲ နေစေချင်တယ်လေ။ဇောင်ဖန်က သူ့ခေါင်းကို ကြမ်းကြမ်းတမ်းတမ်း ခါရင်းနဲ့ "ကျွန်တော်ကတော့ ရွာပြန်ပြီး သာမန်ဘဝနဲ့ မနေနိုင်ဘူး ကျွန်တော် သစ္စာဆိုထားတယ် ဒီဇောင်ကလန်မှာ အမြင့်ဆုံးနေရာကို ရောက်ပြီး ဆန်းဖယ်သာမြို့ကလည်း ကျွန်တော့်အိမ် ဖြစ်ရမယ်... "ဇောင်ဖန်က ငိုရင်းနဲ့ အော်ပြီးတော့ အိမ်ထဲကနေ ပြေးထွက် သွားတယ်။"ဖန်အာ ... သား... ခေါင်းမမာစမ်းပါနဲ့..." သူမိဘတွေက လှမ်းအော်ခေါ် လိုက်တယ်။အဲဒီအချိန်မှာပဲ ... ဘုန်း... ဆိုတဲ့အသံနဲ့ မိုးကြိုးမုန်တိုင်းတွေက အော်ဟစ်ပြီး အပြင်မှာ မိုးတွေ စရွာလာတယ်။ ဇောင်ဖန်ကတော့ စိတ်ဓာတ်ကျပြီး ငိုရင်းနဲ့ပဲ မိုးရွာထဲကို ပြေးထွက် သွားတယ်။ လျှပ်စီးနဲ့ မိုးကြိုးတွေက တဖျတ်ဖျတ် လက်နေပြီး ဇောင်ဖန်ရဲ့ မျက်နှာကိုတောင် အမှောင်ထဲမှာ မြင်နိုင်တယ်။ "ဟာ သွားပြီး..."လို့ ဇောင်ဖန်က ရေရွတ်ရင်း သူ့ပေါ်ကို ဖိအား ကြီးကြီးမားမား ကျလာသလို ခံစားလိုက် ရတယ်။ သူ မော့ကြည့်လိုက်တဲ့ အခါမှာတော့ သူမြင်ရတဲ့ဟာက သူကို အံ့ဩ တုန်လှုပ် သွားစေတယ်။ သူ မွေးကတည်းက မိုးကြိုးတွေ ပင့်ကူအိမ်လို ဖွဲ့ပြီး ဖြစ်လာတာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ အဲဒီအချိန်မှာပဲ မိုးကြိုးတွေက တစ်စုံတစ်ခုရဲ့ စွမ်းအားအောက် ရောက်နေပြီး သူနေတဲ့ နေရာတွေကိုပဲ အက်ကွဲ လာစေတယ်။"ရှီး..."ဆိုတဲ့ အသံနဲ့အတူ အမည်းရောင် အလင်းတန်းလေးက မိုးကြိုးတွေကို ဖြတ်လာပြီးတော့ လှပတဲ့ အိပ်မက်ဆန်ဆန် လှိုင်းတွန့်လေးတွေ ဖြစ်ပေါ် လာပါတယ်။ မိုးကြိုးရဲ့ စွမ်းအားကိုတောင် လွန်ဆန်ပြီး ထွက်လာတယ် ဆိုတော့ ဒီဟာက တော်ရုံဟာတော့ မဖြစ်နိုင်ဘူး ထင်တယ်လို့ ဇောင်ဖန်က တွေးလိုက်တယ်။ အဲဒီအချိန်မှာပဲ သူ့ခြေထောက်တွေက မလှုပ်ရှားနိုင်တော့ဘူး။ သူ့ဆံပင်တွေက အဝတ်အစားတွေရောက မည်းနက်သွားပြီး သူ့နားထဲမှာ မိုးခြိမ်းသံတွေ အဆက်မပြတ် ကြားနေတယ်။လောကကြီး တစ်ခုလုံး တိတ်ဆိတ် သွားသလို ခံစားလိုက်တယ်။"ဒါက... ဒါက..." ဇောင်ဖန်က သူ့ခြေထောက်နားမှာ မျက်လုံးပုံစံ ထူးဆန်းတဲ့ အမည်းရောင် အလုံးလေးကို မြင်လိုက်ရတယ်။ ဒါလေးက မိုးကြိုးကိုဖြတ်ပြီး အနက်ရောင် အလင်းတန်းကို ဖြစ်ပေါ်လာစေတဲ့ အရာလား။"ဖောင်း ...ဖောင်း ..." ဆိုတဲ့ အသံနဲ့ အတူ အဲဒီမျက်လုံး ပုံစံလေးက ဇောင်ဖန်မျက်လုံးကို စိုက်ကြည့်ရင်းနဲ့ ဇောင်ဖန်ကလည်း အဲဒီမျက်လုံးက အသက်ရှိသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ အဲဒီမျက်လုံးပုံစံလေးက သူ့နှလုံးသားကို နွေးထွေးစေပြီးတော့ ရင်းနှီးသလို ခံစားရစေတယ်။ အဲဒီအချိန်မှာပဲ သူ့ကို တစ်စုံတစ်ယောက်က ခေါ်နေသလိုမျိုး ခံစားလိုက်ရတယ်။"ဖုန်း ..." ဆိုတဲ့အသံနဲ့ မျက်လုံးပုံစံ အနက်လုံးလေးက အရိပ်တွေ ပေါ်လာပြီး ဇောင်ဖန်ရဲ့ ဘယ်မျက်လုံးထဲကို ရွှတ်ခနဲ ဝင်သွားတော့တယ်။ "အား..."ဇောင်ဖန်က အသံကုန်အော်ရင်းနဲ့ မေ့လဲ သွားတော့တယ်။ သူ မေ့မလဲကျခင် တွေးမိလိုက်တာ ကတော့ "သွားပြီး... ငါ့မျက်လုံးတွေတော့ ကန်းပြီ ထင်တယ်... "***
YOU ARE READING
King Of Gods (နတ်ဘုရားတို့၏ဘုရင်)
Fantasyအကျဉ်းချုပ် လူတိုင်း ကိုယ်စီမှာ ကြီးမားတဲ့ အိမ်မက် နဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ရှိကြပါလိမ့်မယ် ... ဟိုးတစ်ချိန် နှစ်သန်းပေါင်း များစွာ အကြာက လောကကြီးထဲမှာ မဟာနတ်ဘုရား မျက်လုံး ရှစ်လုံး ဆိုတာဟာ ရှိခဲ့တယ် ။ ဒါပေမဲ့ အဲ့ဒီ မျက်လုံးတွေ ရဲ့ အထက် မှာ အလွန် စ...