အပိုင်း ၁

205 29 2
                                    

Unicode

"ခုထိမအိပ်သေးဘူးလား"

ဗလုံးဗထွေးထွက်ပေါ်လာတဲ့ဖေဖေ့အသံကြောင့် ပါကေးကြမ်းပြင်ပေါ် ခြေဖျားလေးတွေထိရုံ ဖွဖွနင်းလျှောက်နေတဲ့ခြေထောက်တွေကို ရပ်တန့်ပစ်လိုက်ရသည်။ဂျင်းဂျာကင်အောက်ကတီရှပ်နှင့်ကျောပြင်ဟာ တသားတည်းကပ်နေတဲ့အထိ စိမ့်ထွက်နေတဲ့ချွေးတွေက ဖြတ်ခနဲအေးစက်သွားရကာ ဖြစ်လာသမျှရင်ဆိုင်ရမှာပဲဆိုတဲ့စိတ်နှင့် အောက်နှုတ်ခမ်းကို အပေါ်သွားချွန်ချွန်လေးနှင့် ဖိကိုက်လိုက်သည်။
ပင့်သက်ရှိုက်လိုက်ရင်း ခေါင်းကို အနောက်ဆီတဖြည်းဖြည်းလှည့်ရတဲ့အချိန်ကို ကမ္ဘာနှင့်နေရဲ့အကွာအဝေးလောက်ထိ ကြာလိုက်စေချင်သည်။မျက်စုံအစုံက အနောက်ဘက်က အိပ်ခန်းနံရံဆီ အခြေကျတဲ့အခါ သက်မဲ့ပရိဘောဂတွေကလြဲရင် ကျန်တာဘာမျှမတွေ့။ဘေးဘယ်ညာကိုမျက်လုံးဝေ့ဝဲကစားကြည့်ပေမဲ့ ဘာမှမတွေ့။တဆက်တည်းမှာပဲ အိပ်မောကျခြင်းနှင့်ရောနှောနေတဲ့ငြင်းသံအီအီကို ကြားလိုက်ရကာမှ သက်ပြင်းကို ကြိတ်ချရသည်။

ဖေဖေယောင်နေပြန်ပြီ။

ကိုယ့်ကိုယ်ကိုယ်မယုံကြည်တောင် အိပ်ဆေးအပေါ်တော့ မေးခွန်းမထုတ်သင့်ဘူးမလား။

အားနေတဲ့ဘယ်ဘက်လက်ကိုမြှောက်ရင်း နဖူးပေါ်ကိုလက်ချောင်းသွယ်သွယ်ထိပ်ဖျားလေးတွေနှင့် ကြုံတတ်ရန်ကောဆိုတဲ့သဘော နှစ်ချက်သုံးချက်ဆင့်ခေါက်ပြီးနောက် အိမ်တံခါးမကြီးဆီ ရှေးကနည်းတူ ခြေကိုဖွရင်း သွက်သွက်လေးလျှောက်လာလိုက်သည်။

...

အရှိန်နှင့်ပွတ်သပ်ကျီစယ်သွားသော ဆောင်းလေတစ်သုတ်ကြောင့် ဂျင်းဂျာကင်ရဲ့ကာကွယ်နိုင်စွမ်းကို ထိပါးသွားရကာ စိမ့်ခနဲဖြစ်သွားသည်။စိတ်လောနေတာရော၊အပူတွေများနေတာကြောင့်ပါ အိမ်ထဲမှာချွေးပြိုက်ပြိုက်ကျခဲ့ပေမဲ့ အပြင်ဘက်ရာသီဥတုကတော့ ဘက်မလိုက်စွာ တာဝန်ကျေပြနေလေပြီ။ပခုံးပေါ်လွယ်ထားတဲ့ကျောပိုးအိတ်ထဲက ကုတ်ရှည်ကို ထုတ်ဝတ်လိုက်ချင်ပေမဲ့ နှောင့်နှေးနေမှာစိုးတာကြောင့် အာငွေ့တစ်ချက်မှုတ်ထုတ်ရင်း beanieကို နားရွက်တွေဖုံးတဲ့အထိ ဆွဲချလိုက်ပြီး ဆောင်းဒဏ်ကိုဒူပေဒဏ်ပေခံနေကျလူလို ခြေလှမ်းတွေကို ပိုသွက်လိုက်သည်။

မြှားနတ်မောင်မသိလိုက်တဲ့နှင်းရည်လိမ်းသပ်စမနက်ခင်းWhere stories live. Discover now