Chapter-29

16.8K 1.6K 138
                                    

Unicode

ဘဝနှင့် အလှည့်အပြောင်း ၈

(စွန့်လွှတ်ခြင်း၏ လမ်းစ)

လူသွားလူလာရှုပ်ယှက်ခတ်နေသော ဆေးရုံဝန်း။ နေ့လည်စာနားချိန်မို့ ထမင်းထွက်ဝယ်ကြသော ရောင်စုံဝန်ထမ်းတွေကိုငေးရင်း ဆေးရုံရှေ့ကခုံတန်းလေးမှာ ချစ်နိုင်းထိုင်နေတာဖြစ်သည်။ ဂျူတီကုတ်ဖြူဖြူဝတ်ထားသည့် ချစ်နိုင်းက ပုဏ္ဍရိပ်ပင်တွေကြားမြုပ်နေသည်မို့ လမ်းသွားလမ်းလာတွေက သတိထားမိကြပုံမရ။

ဟိုးခပ်လှမ်းလှမ်းက ကားရပ်နားရာနေရာမှာတော့ အထုပ်တင်ကာပြန်သည့်အဖွဲ့နှင့် အခုမှရောက်ကာအထုပ်ချနေသူများဖြင့် နေပူပူအောက်မှာတောင် လူများကာဆူညံနေကြသည်။ လူနာကို တွဲရင်းလျှောက်လာကြသည့် မိသားစုဝင်တွေ၊ အရေးပေါ်ကားတွေ ၊ တွန်းလှည်းသံတွေဖြင့် ဆေးရုံဝန်းကြီးက အရင်ရက်တွေအတိုင်းပင်။

"ဆရာသမားက ဒီရောက်နေတာပဲ"

အသံနှင့်အတူ အနားရောက်လာသည့် ကတ္တီပါဖိနပ်အနက်ရောင်လေး။ စွမ်းဟိန်းက ဂျူတီကုတ်ကို ခေါင်းပုံခြုံထားရာမှဆွဲချရင်း ချစ်နိုင်းဘေးမှာဝင်ထိုင်လာသည်။ ကျွိခနဲ မြည်သွားသောသစ်သားခုံလေးထက် ချစ်နိုင်းတစ်ဖက်တိုးပေးလိုက်သည့်တိုင် နှစ်ယောက်ကြား အရမ်းခွာမရ။ ဗန်ဒံပင်အရိပ် ကျိုးတို့ကျဲတဲအောက်မှာ စွမ်းဟိန်းက ချစ်နိုင်းဘက်အတင်းတိုးကပ်နေသည်။

"ဂျူတီပြီးတာကို အိမ်မပြန်ပဲ ဘာလုပ်နေတာလဲ။ ထမင်းစားပြီး ပြန်သွားပြီထင်တာ သာကြီးက ရှေ့မှာမင်းထိုင်နေတယ်ပြောလို့"

"ဒီတိုင်းပါပဲကွာ အိမ်မပြန်ချင်သေးလို့"

"မနက်က ဆူခံရလို့ စိတ်ညစ်နတာလား။အဲ့လိုပါပဲကွာ နောက်ကျအဆင်ပြေသွားမှာပါ။ ချစ်နိုင်းအောင်လေးက ဒီလောက်တော်တာကို"
ပုခုံးကို ခပ်ဖွဖွပုတ်ရင်းပြောလာသည့် စွမ်းဟိန်း။ ချစ်နိုင်းပြုံးမိပေမဲ့ ဒီစကားက သူ့ကိုစိတ်သက်သာရာ မရစေခဲ့ပါဘူး။ ဒီရက်တွေထဲ ခေါင်းကိုက်စရာတွေများလွန်းလို့ စိတ်ချမ်းသာတယ်ဆိုတာကိုပင် မေ့နေခဲ့ရသည်မဟုတ်ပါလား။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Donde viven las historias. Descúbrelo ahora