[Unicode]
အခန်း(၁၆) [ခိုးထွက်လာပြီ]
အနက်ရောင်ခြယ်ကောင်းကင်နဲ့လိုက်ဖက်စွာ ငွေရောင်တလက်လက်တောက်ပနေသော ကြယ်စုကြယ်ဝေးများ။နီယွန်ရောင်လမ်းမီးတိုင်များအောက်ရှိ သွေ့ခြောက်နေသောကတ္တရာလမ်းမထက် အထုပ်အပိုးများစွာနှင့်ခေါင်းငိုက်စိုက်ကျနေသော ကောင်ငယ်လေးတစ်ဦး။မြင်ကွင်းမှာ မလိုက်မဖက်ဖြစ်နေသော်လည်း ကြည့်ရဆိုးမနေပဲ ညှို့ဓာတ်တစ်စုံတရာထွက်ပေါ်နေသလို။လမ်းသွားလမ်းလာများရဲ့ အကြည့်ကလဲ ထိုကောင်လေးထံမှာ မခွာနိုင်ကြပေ။
ဂျင်းအနွေးထည်ဖျော့ဖျော့လေးဝတ်ဆင်ထားပြီး အနက်ရောင်လျှာထိုးဦးထုပ်ကို ရှေ့သို့ငိုက်စိုက်ကျနေအောင်ဆောင်းထားသော ထိုကောင်လေးကို တတီတီမြည်နေသောဖုန်းကောလ်တစ်ခုက နှောက်ယှက်နေဟန်။အကြည့်များကိုရှေ့တည့်တည့် ကတ္တရာလမ်းမထက်သို့ပို့ထားရာမှ ရုတ်တရက်စိတ်အနှောက်အယှက်ဖြစ်လာဟန်တူသည်။ ဦးထုပ်ချွတ်လိုက်ကာ ကောင်းကင်သို့မော့ကြည့်ပြီး လေပူတချက်မှုတ်ထုတ်လိုက်သောအခါ ဖြာထွက်နေသောလမ်းမီးတိုင်၏အရောင်ကြောင့် ထိုကောင်လေး၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါ၏။ယောက်ျားလေးတန်မဲ့အလွန်လှသော မျက်လုံးလေးထဲတွင် အနက်ရောင်ကောင်းကင်မှ ကြယ်စုကြယ်ဝေးတို့ကိုေခတ္တတွေ့လိုက်ရသလို။ကောင်ငယ်လေး ငိုထားသည်ထင်သည်။နီရဲနေသောနှာဖျားနှင့် အရည်လဲ့နေသောမျက်ဝန်းဝိုင်းလေးက မကြာသေးခင်ကမှ ဒီကောင်လေးငိုထားကြောင်း ပြောပြနေ၏။
အကြိမ်ရေဆက်တိုက်မြည်နေသောဖုန်းသံက ကောင်လေးအားထိုးဆွနေဟန်။ ဝေခွဲမရဖြစ်နေသောစိတ်အစုံက မျက်နှာထက်တွင်ရှင်းရှင်းလင်းလင်းပေါ်နေ၏။
"ဟဲလို"
နောက်ဆုံးတော့ လက်လျှော့မည့်ဟန်မရှိသည့်ဖုန်းအား သူကိုင်လိုက်ပါပြီ။
"သွင် "
"....."
တစ်ဖက်ဖုန်းထဲမှဩရှရှအသံလေးသည်လည်း ကောင်လေးတစ်ယောက်ပဲဖြစ်ဟန်တူသည်။
"သွင် စိတ်ဆိုးနေတုန်းလား"
"...."
မေးခွန်းသာရှိပြီး အဖြေမရှိသောဖုန်းခေါ်ဆိုမှုဖြစ်သော်လည်း တစ်ဖက်ကကောင်လေးက စိတ်ထဲထားပုံမပေါ်။
أنت تقرأ
𝗪𝗛𝗢?
غموض / إثارةကျွန်တော့်ကို မင်းမြင်နိုင်တယ်။ဒါပေမဲ့ ကျွန်တော်ရှိနေတဲ့နေရာကို မင်းမရောက်နိုင်ဘူး။ကျွန်တော်က မင်းအနားမှာအမြဲရှိပေမဲ့ မင်းသာမရှာခဲ့ရင် မင်း ကျွန်တော့်ကိုဘယ်တော့မှမတွေ့နိုင်ဘူး