"မိုးတွေရွာတိုင်းမင်းကိုလွမ်းတယ် သိစိတ်ကရောမသိစိတ်ကရော..''
အခန်းရှေ့ကော်ရစ်တာပေါ်မှဖြတ်လျှောက်သွားရင်းဆိုသွားသောသီချင်းစာသားအချို့ ၊ ပြတင်းပေါက်နားမှထိုင်နေသောသူမ အတိုင်းသားကြားလိုက်ရသည်။ မိုးဖွဲဖွဲရွာနေသောဒီလိုနေ့မျိုးမှာအသင့်တော်ဆုံး သီချင်းတစ်ပုဒ်ကိုညည်းသွားတဲ့ လူကို သိချင်ဇောနဲ့ပြတင်းပေါက်ကနေခေါင်းပြူထွက်ပြီးကြည့်လိုက်မိသည်။
အငယ်တန်းက ကောင်လေး သုံးလေးယောက်တစ်စု ၊ အပေါ်ထပ်ကဖြစ်နိုင်သည်။ စာကြည့်တိုက်ဘက်သို့သွားနေရင်းသီချင်းတည ည်းညည်း စကားတပြောပြောနဲ့ ပေါ့ပါးလွတ်လပ်သောအတန်း ငယ်က ကလေးလေးများ။ ထိုထဲမှထင်းထွက်နေသော ရုပ်ရည်နှင့် ရှည်ထွက်နေသောအရပ်၊ ထို့ပြင် ထောင့်ချိုးတစ်ခုကိုကွေ့လိုက်၍ နောက်ကျောကိုမြင်နေရသည့်အနေအထားမှ မျက်နှာတစ်ခြမ်းကိုထပ်မံမြင်လိုက်ရသည်။ ယောက်ျားလေးတန်မဲ့ ချောလွန်းသောမျက်နှာ ၊ နဖူးပေါ်ဝဲဝဲကျနေသောဆံပင်ပျော့များ။
အော်ဒီကလေးသိပါတယ်။ ကိုယ်နဲ့မကြာခနဆိုသလိုတွေ့ရနေကျ။ ကျောင်းတွင်းပြိုင်ပွဲ ၊မြို့နယ်အဆင့်ပြိုင်ပွဲ ၊ စာရေးလားစာဖတ်လား စကားပြောပြိုင်ပွဲလား နေရာအစုံပါတတ်တဲ့ကောင်လေး။ အားကစားဘက်မှာလဲပါတတ်သေးရဲ့။ ထူးချွန်တဲ့ထိုကောင်လေးက သီချင်းကိုလဲ အသံနေအသံထားနဲ့ဆိုတတ်သေးတယ်တဲ့လား။
ထိုကောင်လေးတွေအုပ်စုကို လိုက်ကြည့်နေကြတဲ့ ကောင်မလေးတချို့၊ ဖြတ်သွားတာကိုကြည့်ရင်းတီးတိုးပြောနေကြတာလဲဟိုတစ်စုဒီတစ်စု။ ဒါကျောင်းရဲ့စတားပေါက်စလေးတွေပေါ့။ ဆယ်တန်းဆိုတဲ့အတန်းရောက်နေပြီးကျောင်းရဲ့အတန်းအကြီးဆုံးဆုကိုရထားတဲ့ သူမတို့မှာတော့ထိုသို့လုပ်ခြင်းမရှိပါ။ မသကာခနလိုက်ကြည့်မိရုံပေါ့။ အင်း...ပြီးတော့ အား လှတယ်လဲမရှိပါဘူး။ မိုးအေးတုန်း ဆရာမဝင်စာမသင်ရင်တောင်ကျူရှင်နဲ့ အိမ်ရောက်ရင်ထပ်တွေ့ရမယ့်ဂိုက်ဆီကိုတင်ပြရမယ့်စာတွေသင်ခန်းစာတွေမနည်းမနောမဟုတ်ပါလား။
စာမေးပွဲပေါ်စာမေးပွဲဆင့် ဆိုသည့်ဒီတစ်နှစ်တာကာလကို အကောင်းဆုံးဖြတ်ကျော်ဖို့ စာပြီးစာဖြစ်နေရမည်လေ။
အချစ်ကိုပင်လျှပ်တစ်ပြတ်မျှသာလို့တွေးမိတော့ ကိုယ့်ကိုယ်ကိုယ်မလုံမလဲ ဖြစ်ရင်းကြောင်အမ်းသွားရသည်။ ဒါအချစ်မှမဟုတ်ပဲ ။ သီချင်းသံလေးချိုလို့လိုက်ကြည့်မိရုံလေးပါ။ ဘေးမှာ အချိန်ရှိခိုက်မှောက်အိပ်နေသော သူငယ်ချင်းမလေးကိုလှုပ်နှိုးလိုက်ပြီး ကျူရှင်ရောက်လျှင် ရင်ဆိုင်တွေ့ရမယ့် test အတွက် စာပြန်နွှေးရန်သတိပေးလိုက်ရသည်။ ခဏတာဖြတ်ခနဲ သတိရမိပြီးစာအုပ်ပုံထဲနောက်တစ်ခါခေါင်းထိုးဝင်လိုက်သည်နှင့် အပြင်မှကျနေသောမိုးဖွဲဖွဲကော၊
ကောရစ်တာဆီမှဆူညံသံများကော အားလုံးနှင့်ဝေးကွာသွားတော့သည်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _