ဆယ်တန်းစာမေးပွဲတွေနီးပြီမို့အခန်းထဲကအခန်းပြင်မထွက်ပဲကျောင်းရောက်တာနဲ့ စာအုပ်အစုအပုံကြားတွင်ထိုင်နေတတ်သော ထိုအစ်မလေးကို တစ်နေ့တစ်ခေါက်အနည်းဆုံးသွားမကြည့်ရလျှင်မနေနိုင်ပါ။ ကိုယ်တို့ရှစ်တန်းတွေကအရင်ဖြေရမှာဖြစ်ပေမဲ့ သူမတို့စာမေးပွဲကပိုအရေးကြီးသည်မဟုတ်ပါလော။
ထိုအစ်မသေးသေးလေးမှာ တည်ငြိမ်ပြီးမာနကြီးသယောင် အေးဆေးသယောင်လေးဖြစ်ပြီးစာကြိုးစားသော်လည်း သူမနှင့်ရင်းနှီးတဲ့သူတွေကိုတော့ဖော်ဖော်ရွေရွေရှိလှသည်။ မုန့်ဈေးတန်းသို့ တစ်ရက်တစ်ခေါက်တောင်မှပုံမှန်မလာသောအစ်မလေးမှာ စာသင်နှစ်အစတုန်းကတော့ မုန့်ထွက်ဝယ်စားလေးရှိပါသည်။
ထိုအချိန်သည် သူ့အတွက်တော့ အစ်မပေါက်စလေးနားကပ်ရသောအချိန်များပင်ဖြစ်သည်။
"အစ်မ မုန့်ဝယ်ကျွေးဦး"ဟုဆိုလိုက်တိုင်း လူအုပ်ကြားမှမုန့်ဝယ်ပြီးထွက်လာသောအစ်မလေးမှာ
"အယ်ငါတောင်ပိုက်ဆံမရှိဘူး "ဟုဆိုကာသူမလက်ထဲတွင်တော့လေဖောင်းမုန့်ဆိုက်စုံကိုင်ထားတတ်လေသည်။
"တစ်ခုတော့ကျွေးလေအများကြီးဝယ်လာတာဘယ်ပိုက်ဆံရှိတော့မလဲ "ဟုဆိုကာတစ်ခုကိုဇွတ်ဆွဲယူလိုက်ရင် လက်မလွှတ်နိုင်သေးပဲ သူမ၏မုန့်ထုပ်ကိုသံယောဇဥ်မပြတ်စွာငေးကြည့်နေလေသည်။ ထိုအခါတွင်တကယ်ကိုအလွတ်မပေးပဲသူမ၏မုန့်ကိုဆွဲယူ၍ ထိုနားမှအဝေးဆုံးသို့ပြေးသွားလျှင် တစ်ခါတရံအသံစူးစူးလေး၏ခေါ်သံကိုကြားရတတ်လေသည်။
နံရံအကွယ်တစ်ခုကနေပြန်ချောင်းကြည့်လျှင်သနားစရာမျက်နှာလေးနှင့်ငိုမဲ့မဲ့ရုပ်လေးကိုထပ်တွေ့ရတတ်သေးသည်။
ရင်ခုန်ရသောအခိုက်အတန့်များပါတကား..
ထိုအစ်မလေးသည် စာရေးရသည်ကိုအလွန်ဝါသနာပါလှသည်။ ကျောင်းစာဘက်တွင်လဲထူးချွန်ပြန်လေသည်။ ထို့ကြောင့်သူမအားများများတွေ့လိုလျှင် ပြိုင်ပွဲများများပြိုင်ပါဟုပင်ဆိူရပေမည်။ ထူးချွန်စာမေးပွဲများမှအစ စကားရည်လုပွဲအထိအစ်မလေးမှာနေရာတကာပါတတ်လေသည်။
အစ်မလေးနှင့်နေရာတကာလိုက်လို၍ ထိုအတတ်ပညာများကိုလဲ အချိန်ရှိသခိုက်ကြုံတိုင်းကြိုးစားလေ့ကျင့်ရသေးသည်။
အိမ်ကမေမေသည်ကား စာပိုကြိုးစားလာသောသူ့သားငယ်ကိုပို၍အရိပ်တကြည့်ကြည့်နှင့်လိုအပ်တာလိုက်လုပ်ပေးရင်းဂုဏ်ယူနေတတ်၏ ။ အစ်မလေးကြောင့်ဟုသိလျှင်တော့ဘာပြောမည်မသိ။
အစ်မလေးလူရည်ချွန်ဝင်ဖြေမည်ဟုသိ၍ သူလည်းကျောင်းကိုယ်စားပြုလူရည်ချွန်အလောင်းအလျာဖြစ်အောင်အသည်းအသန်ကြိုးစားရသည်။
အားကစားဆရာနှင့် အပ်ကာလေ့ကျင့်ရပြန်သည်။ ဆယ်တန်းကျောင်းသူကြီးအစ်မပေါက်စလေးမှာလည်း ထိုသင်တန်းဆရာနှင့်ငယ်စဥ်တည်းကလေ့ကျင့်လာသည်ဟုကြားဖူးသောကြောင့် ထိုဆရာဆီမှာ သင်တန်းအပ်ရန်မနည်းကြိုးစားလိုက်ရသည်။
ဆရာတစ်ယောက်တည်း၏လက်အောက်တွင့်လေ့ကျင့်ချိန်သိပ်မတူတတ်သော်လည်းထိုအစ်မလေး ကျူရှင်လွတ်ချိန်များနှင့်သူ၏လေ့ကျင့်ချိန်တိုက်လျှင်တော့ပျော်ရတော့သည်။
အစ်မသေးသေးလေးမောချိန်ရေပြေးတိုက်လိုက်၊ ချွေးထွက်နေသောသူမ မျက်နှာကိုငေးလိုက်နဲ့တကယ့်ကိုအလုပ်ရှုပ်သောနေ့ရက်များပါပဲ။
မကြာပါ လူရည်ချွန်စာမေးပွဲကိုကျောင်းတွင်း၊မြို့နယ်နှင့် ခရိုင်အဆင့်ဆင့်ဖြေပြီးသည့်အချိန်မှာတော့ တကယ်လူရည်ချွန်စစ်စစ်ဖြစ်လာရတော့သည်။ ချစ်လှစွာသောအစ်မလေးနဲ့တူတူပေါ့။
မြို့နယ်အဆင့်ပြီးချိန်သည်သူ့အတွက်အမှတ်တရများပင်တည်း။
ကျောင်းမှအစ်မလေး၏ပါတနာဖြစ်သောကိုယ်စားပြုအစ်ကိုတစ်ယောက်မှာ အစ်မလေးနှင့်အတူခရိုင်အဆင့်မတက်ရသောကြောင့်အစ်မလေးနားပိုကပ်ခွင့်ရသောကြောင့်ပင်တည်း။
ထို့ပြင် မြို့နယ်စုံညီတွင်အစ်မလေးနှင့်လူရည်ချွန်ဝတ်စုံဆင်တူဖြင့်ဓာတ်ပုံတစ်ပုံကိုလည်းရိုက်လိုက်ရသေးသည်။စာကြည့်တိုက်ထဲတွင် သုံးထပ်ကွမ်းလူရည်ချွန်အစ်မလေး၏ဓာတ်ပုံဘေးတွင်သူ့ဓာတ်ပုံလေးချိတ်ခွင့်ရသည်ကိုပင်တစ်ချိန်တွင် မင်္ဂလာဆောင်ဓာတ်ပုံထဲတွင်ဓာတ်ပုံဘောင်တစ်ခုတည်းတွင်ရှိရမည်ဟုတွေးရင်းကြည်နူးမိပြန်သည်။
ဒီလိုနဲ့ရှစ်တန်းနှစ်ဟာ သူအနေနှင့်ထူးချွန်ဆုအများဆုံးရသောနှစ်တစ်နှစ်ဖြစ်လာတော့သည်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _
စာမေးပွဲတွေလဲပြီးကျောင်းတွေလဲပိတ် အစ်မလေးတို့စာမေးပွဲတွေပြီးချိန်မှာ သူကတော့ အတန်းသစ်အတွက်ကျူရှင်တွေပြေးတက်နေရချိန်ဖြစ်လေသည်။ အစ်မလေးကျေးဇူးနဲ့ ထိပ်ဆုံးအဆင့်စာရင်းဝင်ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီး၍ စာကိုပို၍စိတ်ထည့်ရတော့သည်။ အဆင့်ကျလျှင်ပို၍ဝေးရမည်မဟူတ်လား။ အစ်မလေးလိုထက်မြက်ပြီးကြိုးစားလွန်းတော်လွန်းတဲ့သူနားမှာအသုံးမကျတဲ့ ငချွတ်လေးတစ်ယောက်အဖြစ်လိုက်ကပ်နေလျှင်စိတ်ရှုပ်စရာဖြစ်မည်ပင်။
သို့သော် မကပ်ပဲမနေနိုင်၊ တစ်လကနှစ်လ ၊နှစ်လက သုံးလဖြစ်လာတော့ပို၍ပင်လွမ်းလာရသည်။ တစ်ပုံတည်းသောအစ်မလေးနှင့်ရိုက်ခဲ့ဖူးသည့်ဓာတ်ပုံလေးမှာ စာကြည့်စားပွဲပေါ်တွင်သေ သပ်ကျနစွာနေရာကိုအပိုင်ယူထားလေသည်။ရယ်ပြနေသောအစ်မလေးသည် သူ့အားစာလုပ်မလုပ်စောင့်ကြည့်နေသလိုပင်။
ကျူရှင်သွားလိုက်စာလုပ်လိုက်နှင့်ကျောင်းမဖွင့်ခင်အချိန်အတွင်း၌ပင် အားလပ်ချိန်ဟူ၍မရှိ။
"သား ဒီတစ်ချိန်ပြီးရင်ဒီနေ့အတွက်ပြီးပြီမလား "
ကျူရှင်လိုက်ပို့ရင်းအချိန်ဇယားအလွတ်ကျက်ထားသောမေမေ့ဆီမှစကားသံထွက်လာလေသည်။
"ဟုတ်မေမေဒီနေ့တွက်တော့ပြီးပါပြီ၊ ၆နာရီလာကြိုရမှာနော်"ဟုပြောရင်းကားပေါ်မှဆင်းကာကျူရှင်သို့ဝင်ခဲ့လေသည်။
ကျူရှင်ဆင်းချိန်တွင်မထင်မှတ်ပဲ မြင်လိုက်ရသည်ကား
ချစ်လှစွာသောအစ်မလေး...
အစ်မလေးကမေမေ့ကားပေါ်မှာ...
လှုပ်ရှားနေသောရင်ခုန်နှုန်းတွေကိုမသိမသာ အငြိမ်နေဖို့တောင်းပန်တိုးလျှိုးရင်း..
ကားနားတွင်သွားရပ်လိုက်သည်။
မှန်တံခါးကိုအစတည်းကမတင်ထားသောအစ်မလေးမှာ ရယ်ပြနေပြန်သည်။ ထိုနေရာတွင်ပင် တိမ်တွေပေါ်မြောက်တက်သွားသလိုခံစားလိုက်ရသည်။
"အော်သားဝင်လေ နောက်မှာထိုင်မလို့လား"ဟုမေးလာသောမေမေ့ကြောင့် ကားရှေ့ခန်းတံခါးကိုဖွင့်၍ပင်ဝင်ထိုင်လိုက်သည်။ မျက်လုံးများကားနောက်ကြည့်မှန်ထဲမှ အစ်မလေးဆီသို့...။
"မေမေအစ်မလေးကဘယ်လိုလုပ်..."သူ့စကားပင်မဆုံးလိုက်
"သမီးယမင်းသော်ကသားနဲ့အတူတူလူရည်ချွန်ရဖူးတယ်မလား သားရဲ့ပွဲတွေလိုက်ရင်းမေမေလဲသမီးယမင်းသော်ရဲ့အမေနဲ့ရင်းနှီးနေတာ။
အခုသမီးကလဲစာမေးပွဲဖြေပြီးအားနေတာရယ်၊ တက္ကသိုလ်တွေကလဲ မတက်ရသေးဘူးဆိုတော့ သားအတွက်စာလာသင်ပေးဖို့မေမေပြောကြည့်တာ။ သမီးကလဲရတယ်ဆိုလို့အဲ့တာသားအချိန်ဇယားနဲ့လွတ်မယ့်ရက်မေမေတွက်နေတာနဲ့ဒီနေ့မှခေါ်လာဖြစ်တော့တယ်"မေမေကမောသွားသယောင်စကားပြောတာကိုရပ်လိုက်သည်။ ထို့နောက်"သမီးကဘော်ဒါတွေလဲဂိုက်သွားလုပ်ပေးနေတယ်ကြားတယ်။ အဲ့တာသားနဲ့သမီးနဲ့ဒီနေ့အချိန်ညှိကြပေါ့။ သားတစ်ယောက်တည်းကျ ခုမှကိုးတန်းစတက်ပြီး ဘာသာရပ်အပြောင်းအလဲနဲ့ဆိုတော့ယောင်တိယောင်တောင်ဖြစ်နေမှာစိုးလို့ရယ်" မေမေကိုချက်ချင်းပင်ထိုင်ရှိခိုးချင်စိတ်ပေါက်သွားလေသည်။
အစ်မလေးမှာ အလိုက်တသိခေါင်းသာလိုက်ငြိမ့်နေလေသည်။
ဤသို့ဖြင့် ကြာသပတေးနေ့ညနေ၆နာရီမှ ၁၀နါရီထိသည် သူနှင့်အစ်မလေးတို့၏စာသင်ချိန်ဖြစ်လာရတော့သည်။ အစ်မလေးသည်တစ်ပတ်စာ သင်သမျှကိုပြန်လှန်လေ့ကျင့်ခိုင်းခြင်း၊ စာကျက်ကူခြင်း၊အမှတ်ပေးစည်းမျဥ်းအကြောင်းစသည်တို့ရှင်းလင်းပြောပြတတ်သည်။ အစကအပျင်းမကြီးသော သူသည်အစ်မလေးစပြီးစာကျက်ကူသည်နှင့်အပျင်းကြီးလူသားဖြစ်လာရတော့သည်။
တစ်ခါတလေတဂျက်ဂျက်နှင့်ရန်ဖြစ်ရပြီးအစ်မလေးမှာလည်းဒေါသတွေထွက်ကာစိတ်ဆိုးနေတတ်သည်။ သို့သော်ထိုသို့ကြည့်ရသည်ကိုပင်နှစ်သက်လွန်းသောကြောင့် အစ်မလေးနှင့်စာကျက်တိုင်းအမှားများပင်ဖြစ်နေရတော့သည်။
အစ်မလေးစိတ်ဆိုးလျှင်
"သုတမင်းထက်!!" ဟုအကျယ်ကြီးအော်တတ်လေသည်။ထိုအခါများတွင် အစ်မလေးသည်အခြားအချိန်များနှင့်နည်းနည်းမျှကွာခြားမသွားပဲချစ်ဖို့ကောင်းနေဆဲ ဖြစ်သည်။
စာလာသင်သောအစ်မလေးသည် ဆရာမပေါက်စလေးသကဲ့သို့ပင် ရေဘူး၊ ဝတ္ထုစာအုပ်၊ စာစစ်ဌာနကထုတ်တဲ့အမှတ်ပေးစည်းမျဥ်းစာအုပ်ထူကြီးနှင့် အဘိဓာန်စာအုပ်တစ်အုပ်အမြဲပါတတ်လေသည်။
"နင် ဒီဟာကိုကျက်တာဘယ်နခါရှိနေပြီလဲ ငါလဲရှင်းပြပြီးပြီ ရှေ့အချိန်ကလဲ bioချိန်ပဲမဟုတ်ဘူးလား ဘာတွေအူကြောင်ကြားဖြစ်နေတာလဲ အမှားတွေတန်းစီနေရော" လေသံကိုတမင်မာထားသောအစ်မလေး၏ အသံမှာ တုန်ယင်နေသည်။ ကျက်စာအတွက်စာလုပ်ရချိန်တိုင်း ဆူပူခံရမြဲ။ ထိုအချိန်များတွင်
ဧည့်ခန်းထဲမှမေမေသည်ပင် တီဗွီကိုအသံတိုးရင်း နေလေတော့သည်။
ဒီထက်ပို၍မစသင့်မှန်းသိသောကြောင့်
သွားဖြဲပြကာ ဖတ်စာအုပ်ကိုပြန်လုယူပြီး စာပြန်ကျက်ချင်ယောင်ဆောင်လိုက်ရသည်။ ဆယ်ငါးမိနစ်ခန့်အကြာမှ
"ရပြီအစ်မလေး"ဟုပြောလျှင်သေချာလို့လားဟူသောပုံစံဖြင့်မျက်ခုံးပင့်ကြည့်ေလသည်။
ထို့နောက်ဘာမှမပြောပဲအလွတ်ရေးစာအုပ်ကိုသာထိုးပေးသည်။
ကျက်ထားသမျှကို စာအုပ်နှင့်မျက်နှာကပ်ကာကုန်းရေးရတော့သည်။
အမှားဆိုလို့တစ်စက်ကလေးမှထောက်ပြစရာမရှိသော အကြမ်းစာအုပ်ထဲမှ စာမျက်နှာသည် သူ့ရှေ့ကမှင်နီဗရပွနှင့် စာမျက်နှာကိုလှောင်ပြောင်နေသလိုပင်။