The Storm

126 12 23
                                    

လေထုထဲမှာ အဖြူရောင်သဲမှုန်တွေ ရွေ့လျားနေကြသည်။ လမ်းချိုးလမ်းထောင့်တွေထဲပါမကျန် ခြံထဲဝန်းထဲနဲ့ အိမ်တွေထဲထိပါ သဲမှုန်သဲစတို့ဖြင့် ဖုံးလွှမ်းနေပြီးလျှင် ညနေခင်းနေဝင်ရုံရှိသေး တစ်မြို့လုံး အလင်းပျောက်နေလေပြီ။ မိုးကောင်းကင်မှာ ရွေ့လျားလှုပ်ရှားနေတဲ့ အမည်းရောင်တိမ်လိပ်ကြီးတွေကြောင့် တောင်စွယ်ထဲပြေးဝင်သွားတဲ့ နေလုံးနီနီကြီးရဲ့ ရောင်စဥ်ဖြာတို့ကိုပင် မိုးကုပ်စက်ဝိုင်း၌ မတွေ့ရတော့ချေ။ ပင်လယ်ကမ်းခြေနဲ့အလှမ်းဝေးသေးတဲ့ ရပ်ကွက်ငယ်လေးဆိုပေမယ့်လည်း လေနဲ့အတူ ခရီးနှင်လာတဲ့ သဲမှုန်တို့သည် တစ်မြို့လုံးကို ဝါးမြိုတော့မည့်အတိုင်းပင်။

တစ်ရပ်ကွက်လုံးတိတ်ဆိတ်နေကြသည်။ အိမ်တံခါးတို့ကိုလည်း ပိတ်ထားကြသည်။ ဖျင်အမိုးလိပ်တို့ကိုပင် ဖြုတ်သိမ်းပြီးလျှင် စျေးဆိုင်တို့လည်း ဒီနေ့မှာ စောစောနားကြလေသည်။

ကျွန်တော်သည် ဒီနေ့မှ နေနီနဲ့ချိန်းဆိုထားသည်။ တွေ့နေကြနေရာမှာ တွေ့ကြမည်ဖြစ်သည်။ အခုလို တစ်ရပ်ကွက်လုံး ဆိတ်ငြိမ်နေသောအချိန်ကိုပင် ကျွန်တော်ကပို၍သဘောကျပါသည်။ နေနီ့မိဘတွေလည်း ဒီတစ်ပတ်အိမ်မှာမရှိကြဘူးဆိုတော့ ကျွန်တော်နဲ့နေနီ နှစ်ယောက်တည်းလွတ်လပ်စွာရှိကြရတော့မည်။ လူတွေလည်း အိမ်တံခါးပိတ်နေကြသည်မို့ ကျွန်တော်နဲ့နေနီ ချိန်းတွေ့ကြသည်ကို မည်သူမျှ သတိပြုမိကြမည်မဟုတ်တော့ပေ။

သို့ပေမယ့်လည်း နေနီနဲ့ ချိန်းထားသည့်အချိန်ရောက်နေပြီဖြစ်တောင် ကျွန်တော့်မှာအခုထိ အိမ်ကနေမထွက်နိုင်သေး။ အကြောင်းမှာ မေမေနဲ့ လုံမီ့ကြောင့်ပင်ဖြစ်သည်။ မေမေသည် လုံမီ့ကို အံ့သြမှင်သက်သော မျက်လုံးဝိုင်းကြီးတွေနဲ့ တွေတွေကြီးစိုက်ကြည့်နေသည်။ အိမ်ရှေ့ခန်းက သစ်သားစားပွဲပေါ်မှာတော့ လုံမီ့ရဲ့လွယ်အိတ်က ပွင့်လျက်ရှိပြီး စားပွဲပေါ်၌ ပစ္စည်းတွေပြန့်ကျဲနေသည်။ ပြန့်ကျဲနေသော ပစ္စည်းတွေမှာ လုံမီပိုင်သောပစ္စည်းတွေတော့မဟုတ်။ ယောကျ်ားလေးသုံး ခေါင်းလိမ်းဆီဗူးတွေလည်းပါသလို၊ ယောကျာ်းလေးဝတ် ခါးပတ်တစ်ခုလည်းပါသည်။ ဘီးကုတ်၊ ခေါင်းစီးကြိုး၊ နာရီ၊ နားကြပ်၊ ဘီးနဲ့မှန်တွေ။ ထို့အပြင် ခေါက်ပိုက်ဆံအိတ်လေးတစ်လုံးနဲ့ တခြားသော စုံစိနေသည့် ပစ္စည်းပစ္စယာတွေ။ မေမေသည် လုံမီ့ကိုတလှည့်ကြည့်လိုက်၊ ထိုပစ္စည်းတွေကို တစ်လှည့်ကြည့်လိုက်နဲ့ ပါးစပ်ကြီးမှာ မစိနိုင်ဖြစ်နေရသည်။

The Storm and short storiesWhere stories live. Discover now