အပြစ်အနာ

50 7 18
                                    

အပြစ်အနာ

လောကမှာ လူတိုင်းချို့ယွင်းချက်ကိုယ်စီရှိကြသည်ကတော့ အဆန်းရယ်လို့မဟုတ်။ သိသာမြင်လွယ်တဲ့ အပြစ်အနာနဲ့ မမြင်ရတဲ့ အပြစ်အနာရယ်လို့တော့ ကွာကောင်းကွာမယ်ထင်ရဲ့။

ကျွန်တော်သည် ငယ်စဉ်ကပင် မတော်တဆမှုတစ်ခုကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသူဖြစ်သည်။ ဘယ်ခြေထောက်ရဲ့ဒူးမှစပြီး အောက်ပိုင်းအစိတ်အပိုင်းသည် ကျွန်တော့်ရဲ့မွေးရာပါ အစိတ်အပိုင်းတစ်ခုမဟုတ်။ ခြေတုတစ်ချောင်းမျှသာဖြစ်သည်။

ကျွန်တော့်လိုပင် ကိုယ်လက်အင်္ဂါဆုံးရှုံးဖူးသည့်သူများကိုမြင်ဖူး၊ ပက်သက်ဖူးသည်ဖြစ်၍ ကျွန်တော်သည် ကျွန်တော့်အဖြစ်အား များစွာကြေကွဲဝမ်းနည်းခြင်းတော့မဖြစ်မိပါ။ လမ်းလျှောက်နိုင်သည်။ ကျောင်းကိုသွားနိုင်သည်။ မည်သူ့အကူအညီမျှမပါပဲ ကိုယ့်ဝယာဝစ္စအမှုကို ကိုယ်တိုင်ပြုနိုင်၏။ သို့သော် ကျွန်တော့်ရဲ့ ချိူ့ယွင်းချက်အနာအဆာသည် ဖုံးကွယ်လို့ရသည်တော့မဟုတ်။ ထိုကဲ့သို့ပင် ဖုံးကွယ်လို့မရသည့် အပြစ်အနာရှိသည့် ကလေးမလေးတစ်ဦးနဲ့ ကြုံဆုံဖူးတဲ့အဖြစ်ကို ကျွန်တော်အမြဲလိုအမှတ်ရလျက်ရှိလေသည်။

ကျွန်တော့်ရဲ့ခြေတုတစ်ဖက်ကို ဖြုတ်၍ လွတ်ဟာနေတဲ့ လေဟာနယ်ကိုမြင်ရတိုင်း မိရွှေဝါဆိုတဲ့ ကလေးမလေးကို သတိရမိသည်။ ကျွန်တော့်ရဲ့ခြေတုတစ်ဖက်ကို တရှိုက်မက်မက်နဲ့ အနမ်းပေးဖူးသည့် သနားစရာမြင်ကွင်းထဲမှ သူမရဲ့မျက်နှာကို ယခုထက်တိုင် မှတ်မိနေပါသေးသည်။

မိရွှေဝါတို့ကျောင်းကို ကျွန်တော်ပြောင်းရတော့ စာသင်နှစ်ဝက်တစ်ခုရဲ့အလယ်ကြီးဖြစ်သည်။
အခန်းထဲကို ဝင်သွားတော့ ခြေတုတစ်ဖက်နဲ့လမ်းလျှောက်ပုံထူးခြားသည့်ကျွန်တော့်ကို အစက လူတွေ သိပ်ပြီးသတိမထားမိကြသေးပါဘူး။ ကျွန်တော်ကထိုင်ခုံမှာထိုင်ပြီး ဘောင်းဘီရှည်ကိုခေါက်တင်လိုက်တော့မှပဲ တစ်တန်းလုံးသတိထားမိသွားကြသည်။ အစကတော့ ကျွန်တော့်အား သနားစရာသတ္တဝါတစ်ကောင်နှယ်ကြည့်ကြပါသေးသည်။ ကျွန်တော်အဖို့ သူတို့ရဲ့သနားဂရုဏာသက်ခြင်းကို နည်းနည်းလေးမှ မလိုအပ်မှန်း နောက်ကျသူတို့သိလာကြမှာဖြစ်သည့်အတွက်ကြောင့်မို့လည်း ထူးထူးထွေထွေတော့မခံစားရပါလေ။

The Storm and short storiesDonde viven las historias. Descúbrelo ahora