အချိန်တို့သည် အကုန်မြန်ပေသည်။ တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ကို အကုန်မြန်လွန်းလှတာပါ။ ကျွန်မ အံ့သြမိပါသည်။ ဒီလိုကုန်ဆုံးသွားတဲ့အချိန်တွေကို ကျွန်မဘယ်လိုများ ဖြတ်သန်းကျော်လွှားခဲ့ပါလိမ့်။ တိတ်ဆိတ်လွန်းစွာ ဖြတ်သန်းလာခဲ့လို့များလား။ သတိထားမိလိုက်ချိန်မှာတော့ အရာအားလုံးသည် ပြောင်းလဲခဲ့ပြီးလေပြီ။ ဒါ့အပြင် ဒီလောက်အထိ ရှေ့ဆက်နိုင်ခဲ့လိမ့်မယ်လို့ ဟိုငယ်စဥ်တုန်းက ကျွန်မ မတွေးခဲ့မိ။ လူ့သက်တမ်းသည် စကြာဝဠာကြီးရဲ့သက်တမ်းနဲ့ နှိုင်းယှဥ်၍ မရစကောင်း။ တိုတောင်းလွန်းလှတယ်ဆိုတာ အခုလို အသက်လေးဆယ်ကျော်လာချိန်မှာ ဘယ်သူမဆိုတွေးမိကြမယ် မဟုတ်လော။ ကျွန်မတစ်ဦးတည်းက တွေးမိတာတော့ ဟုတ်မယ်မထင်။
တွေးမိဆိုလည်း အခြေအနေတွေက တွေးဖြစ်အောင် ထောက်ပံ့ပေးနေသည် မဟုတ်လော။ ဒီနေ့ကား သူငယ်ချင်း၏သမီးလေး ဘွဲ့ယူတဲ့နေ့။ သမီးလေးကတောင် ဒီအရွယ်ထိကြီးပြင်းလာပြီ။ ကျွန်မတို့လည်း တဖြည်းဖြည်းအိုလာရောပေါ့။ ဟိုးအရင် ကျွန်မတို့သူငယ်ချင်းတွေ အခု သမီးလေးအရွယ်လောက်တုန်းကပေါ့၊ တက္ကသိုလ်ကျောင်းသူအဖြစ်နဲ့ ဘဝရဲ့ဇာတ်ခုံအလှည့်တစ်ခုမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်ပျက်ခဲ့သည်။ ဒီအင်းယားကန်ဘောင်မှာ ထိုင်နေရင်း ကျွန်မ၊ အဲ့တုန်းက ကျောင်းသူဘဝလေးကို ပြန်တွေးမိလိုက်တော့ ကျွန်မကိုယ်ကျွန်မ ပြန်ငယ်သွားတယ် ထင်မိသည်။ သူငယ်ချင်းများကိုလည်း ပိုလို့လွမ်းမိပါသည်။ ငယ်ဂုဏ်ဖြင့် အလှဆုံးလှခဲ့ကြသည့် သူငယ်ချင်းများ၏ နုပျိုသောရုပ်သွင်များကိုလည်း ပြန်မြင်ယောင်ရင်းမှ အာရုံထဲမှာ ပို၍ပြတ်သားလာသည်။ သူတို့ရဲ့ ရယ်မောသံများလည်း နားထဲကြားယောင်လာပါသည်။
အခု သူတို့တွေ ဒီကျောင်းကြီးရဲ့အနီးမှာ မရှိတော့ပြီ။ ကံ့ကော်တွေ၊ ရေတမာတွေရဲ့ အဝေးမှာ ဘဝတစ်ခုအတွက် ရုန်းကန်နေကြလောက်ရောပေါ့။ ဒီအင်းယားကန်ကြီးကို တိုက်ဆိုင်မှုတွေကြုံတဲ့အခါ အောက်မေ့မိကြမှာပါ။ ထိုအခါ သူတို့အောက်မေ့မိတဲ့အထဲ ကျွန်မ ပါနိုင်ကောင်းပါရဲ့။
ဒီကျောင်းနဲ့အနီးဆုံးအရပ်များကို အခွင့်ကြုံတိုင်း ကျွန်မ လာတတ်ပါသည်။ ပြီးရင် တိတ်တိတ်ကလေး လွမ်းတတ်ပါသည်။ တိတ်တိတ်ကလေး နေတတ်တာ တကယ်ကို ကျွန်မအဖို့ အကျင့်ဖြစ်လို့နေပါပြီ။ တိတ်တိတ်ကလေး ချစ်တတ်သည်။ တိတ်တိတ်ကလေး လွမ်းတတ်သည်။ တိတ်တိတ်ကလေး နေတတ်သည်။
YOU ARE READING
The Storm and short stories
Short Storyငါတို့က ကမ္ဘာမြေပေါ်က အစက်အပြောက်လေးတွေ။ စကြာဝဠာကြီးထဲ ဘာမှမဟုတ်တဲ့ အစက်အပြောက်သေးသေးလေးတွေ။