part 23

5.4K 381 10
                                    

ကျွန်မ၏ ရင်ခုန်သံများကို ထိန်းချုပ်ရင်း ကုတင်ပေါ်ကဆင်းလိုက်သည်။သူက ကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်နေဆဲ။

" ဆရာမမေမေပြန်သွားပြီလား၊ ခုနက အပင်အောက်မှာစောင့်နေတာတွေ့တယ်"

"ပြန်ကြပြီလေ၊ နိုင်နဲ့မေမေကိုလည်းတို့သနားတယ်ကွယ်"

သူ့မျက်နှာသည် ဟန်ဆောင်နေသည့်ကြားထဲကပင် ဝမ်းနည်းရိပ်များ လွှမ်းလျှက်ရှိသည်။သူ့ကိုကျွန်မသနားလာသည်။

"ဆရာမမေမေက ဆရာမနဲ့နိုင်အ​ကြောင်းသိထားပုံရတယ်နော်"

"တို့အိမ်ကထွက်သွားကတည်းက မေ့မေ့ကို တိုင်ပင်ပြီးသွားတာပါ၊ မေမေက နားလည်ပေးပါတယ်၊ လောကကြီးမှာ တို့ကိုနားအလည်ဆုံးသူက မေမေပဲ"

ဆွေးမြည့်လှသော အသံကြောင့် ထိုင်ခုံပေါ်မှာ မည်သို့ထိုင်မိလိုက်မှန်းပင်မသိ။သို့သော်လည်း သူငိုမနေပါ။

ဆရာမသည် ငြိမ်သက်နေသည့် ကန်ရေပြင်နှင့်တူသော မျက်လုံးများကို သူ့အမေဆီကအမွေရထားခဲ့သည်။တည်ငြိမ်အေးဆေးလှသော သူ့အကြည့်များက လှုပ်ခတ်လာသော ကျွန်မစိတ်ကို ပုံမှန်ပြန်ဖြစ်စေသည်။

"ဆရာမ အဲ့ဒီအချိန်တုန်းက ပင်ပန်းခဲ့မှာပဲနော်"

"စိတ်ရောလူရောဆိုပါတော့၊ အိမ်နဲ့ဝေးရာမှာတစ်ယောက်တည်းရပ်တည်ရတာ မလွယ်ပါဘူး၊
ဒါပေမယ့် ကြာခဲ့ပြီပဲ၊ တို့ဒီအ​ကြောင်းတွေကို ရယ်ရယ်မောမောနဲ့ ပြန်ပြောနေနိုင်တာလည်း ကြာပါပြီ "

နှစ်ဦးသား တိတ်ဆိတ်သွားကြသည်။သူကျွန်မကို ကြည့်နေသော်လည်း ကျွန်မကို မြင်ပုံမရ။လွန်ခဲ့သော နှစ်များဆီကအတိတ် ပုံရိပ်များကို လိုက်လံရှာဖွေနေသောသူ၏ မျက်လုံးများကဲ့သို့ပင် မှုန်ရီဝေဝါးနေသည်။

သူ့ကိုနှစ်သိမ့်နိုင်မည့် စကားလုံးများကို စဥ်းစားနေ၍ ကျွန်မသည်လည်းတိတ်ဆိတ်နေပါသည်။

တအောင့်ကြာမှ အသိဝင်လာကာ စကားစပြောသည်။

"တို့ကြောင့် မင်း ငိုင်သွားပြန်ပြီလင်းလက်ရယ်၊
အရာရာဟာကောင်းဖို့ဖြစ်လာတာလို့ပဲ တို့သဘောထားပါတယ်၊ တို့ကြောင့် မင်းဝမ်းမနည်းစမ်းပါနဲ့၊ တစ်ကယ်လို့ဒီကိစ္စတွေသာ မဖြစ်ခဲ့ဘူးဆိုရင် တို့ဘဝဟာ တစ်နည်းတစ်ဖုံတော့ပြောင်းလဲနေလိမ့်မယ်၊အဲ့ဒီလိုဆိုရင် တို့နဲ့မင်းတွေ့ချင်မှတွေ့မှာ၊အခုတော့ ဖန်လာတဲ့ကံကြမ္မာကိုတောင် ကျေးဇူးတင်ရဦးမယ်၊ မဟုတ်ဘူးလား"

တမ်းတတတ်သည်Where stories live. Discover now