အခန်း ၁

1.2K 43 8
                                    

Unicode

ပတ်ဝန်းကျင်ကမှုန်ပျပျ။ ကောင်းစွာမိုးမလင်းသေးသော်လည်း အမှောင်ချည်းမဟုတ်။ ပုဂံမြို့မဈေးသို့ ရောင်းရန်သွားသည့် ပတ်ပတ်လည် ရွာငယ်တွေဆီက ပျံကျဈေးသည်တို့က အထမ်းကိုယ်စီ လှည်းကိုယ်စီနှင့်။ မရှေးမနှောင်းပင် အုန်းမောင်းခေါက်သံ တဒုတ်ဒုတ်က ဘဘုန်းကြီးကျောင်းက ထွက်ပေါ်လာသည်။ ကျေးငှက်တို့ကလည်း တညံညံ။ ဘကြီးသောင်းစိန်ရဲ့ကြက်ဖကြီးလည်း ခြံတိုင်ထိပ်တက်၍ တွန်နေပြီ။ ပုဂံမြို့ကအိမ်တိုင်းလိုလို ရေနံဆီမီးခွက်လေးတွေထွန်းပြီး ဆွမ်းချက်ထကြပြီ။ အရာအားလုံးက ပုံမှန်လုပ်ရိုးလုပ်စဉ်သာ။ သို့သော် မြို့အုပ်မင်းကြီး အိမ်‌ရာ၌ကား မတူပေ။ အိမ်ရှိလူကုန် ရင်တုန်နေကြသည်မှာ အိမ်တော်၏ သည်းသည်းလှုပ် အရှင်သခင်လေး ဘိလပ်က ယနေ့ပြန်ရောက်မည် ဖြစ်သောကြောင့်ပင်။

"ဟဲ့ ရွှေမိရယ် ငါ့သားသက်ညိုလေးက ဆီများရင်မစားဘူးမို့ ဆီ‌လျော့ချက်ပါ ပြောထားရက်နဲ့တော် ညည်းနှယ်အေ"

"ကျုပ်နည်းနည်း လက်လွန်သွားတာပါ အကြီးရင်ရယ် သက်ညိုလေးအတွက် သီးသန့်ပြန်ချက်ထားလိုက်ပါ့မယ်"

"အော် မယ်ထွေး ညည်းကလည်းတစ်မှောင့် ခုမှထရသလား ကြက်ဖတွန်နေပြီတော်ရေ့ မျက်နှာမြန်မြန်သစ်ပြီး ဒေါ်ကြီးညိုစိန်ကို သွားကူလှည့် သူ့ခမျာ ညည်းအသက်ထက် တစ်ဝက်ကျော်ကြီးရက်နဲ့ သူပဲဒိုင်ခံလုပ်နေရှာတာ ညည်းတို့က အလိုက်သိမှပေါ့အေ"

"ဟုတ်ကဲ့ပါ ကြီးရင်လှရယ် အထွေး ညက ဇာတ်ပွဲကပြန်တာ နောက်ကျသွားလို့ပါ"

"မောင်လှကြိုင်ရေ ကျုပ်မနေ့က ယူခဲ့တဲ့ ကံ့ကော်ခက်လေးတွေ ကားရှေ့ခန်းမယ် ယူသွားပါအုံး သက်ညိုလေးက သူပြန်လာရင် ကံ့ကော်စည်းနဲ့ ကြိုပါတဲ့တော်"

ဦးမင်းညို အိမ်ပေါ်ထပ်မှ ဘုရားဝတ်တက်ဆင်းလာတော့ ကြားလိုက်ရသည်က အိမ်ကြီးရှင် မရင်လှရဲ့ မရိုးနိုင်သော ဓာတ်စက်များ။ မရင်လှက ပုဂံမြို့မျက်နှာဖုံး သူဌေးကြီးဦးဘရင်ရဲ့ သမီးအချောအလှ။ မာနကြီးလှပါသည် ဂုဏ်မောက်လှပါသည် ဆိုသော ထိုအမျိုးသမီးကို အရယူခဲ့သော ဦးမင်းညိုပါပေ။ သူနဲ့လက်ထပ်ပြီးမှ ဇနီးသည်ရဲ့ စိတ်ဓာတ်လေးတွေကို တဖြည်းဖြည်းချင်းပြုပြင်ပေးခဲ့သည်။ မရင်လှက မာနအခံရှိပေမယ့် နဂိုကတည်းက တပါးသူကို ထိခိုက်နစ်နာစေမှာမျိုးလုံးဝမပြော။ သူ့ကျနာစေ ကိုယ့်ကျသာစေ စိတ်ဓာတ်မျိုးလည်း မရှိသောကြောင့်သာ ဦးမင်းညို လိုရာပုံသွင်းနိုင်ခဲ့ခြင်းပင်။ မရင်လှက အပြောမချို‌ပေမယ့် စိတ်သဘောဖြူသည်။ ပေးလည်းပေး ကျွေးလည်းကျွေး ပြောလည်းပြောသည့် လူမျိုးပင်။

ချစ်သော သက်ညိုWhere stories live. Discover now