အခန်း ၂

312 28 3
                                    

Unicode

ကြက်တွန်သံတညံညံနှင့်အတူ ကျင့်သားရနေသော မျက်လုံးတို့က မနက်လေးနာရီတိဆိုတာနဲ့ အော်တိုဖွင့်ပြီးသား။ ငယ်ငယ်က ဘွားဒွေးကြီးကြိမ်လုံးကြောက်၍ စောစောထခဲ့ရသည်။ ဘိလပ်ရောက်တော့ စာကျက်ဖို့စောစောထရသည်။ ကုတင်ဘေး စားပွဲပေါ်က ရေနံဆီမီးအိမ်လေးကို မီးညှိပြီး သက်ညို ခပ်သွက်သွက်ထလိုက်သည်။

"မနက်ဖြန်လပြည့်မို့ မနက်ငါးနာရီခွဲ အာရုဏ်ဆွမ်းလောင်းပွဲရှိသည်။ ပုဂံမြို့အလှပဂေးများအား လူစုံတက်စုံ ရှုစားလိုပါက ကြွခဲ့ပါ" လို့ မနေ့က အောင်ပုကိုယ်တိုင် တိုးတိုးကပ်မှာသွားသည်လေ။ နောက်ကျ၍မဖြစ် အဟွန်း။

ခဲရောင်ကွက်စိတ်ပုဆိုးကို ရှပ်လက်ရှည်အဖြူနှင့်တွဲဝတ်ပြီး အနောက်တိုင်းထုတ် ဈေးကြီးပေးရသော အကောင်းစားရေမွှေးကို သင်းသင်းကလေးဖြန်းလိုက်သည်။

အဝတ်အစားလဲပြီးသည်နှင့် အိမ်နံရံမှာ ချိတ်ထားသည့် သစ်သားဘောင်ကွက် မှန်ရှေ့မှာရပ်၍ ခေါင်းဖီးလိုက်သည်။ လှုပ်ရှားလိုက်တိုင်း ဝဲခနဲဖြစ်သွားတတ်သော ဆံပင်အိအိပျော့ပျော့လေးများက ခေါင်းလုံးလုံးလေးထက် ခပ်အုပ်အုပ်‌လေးဖြစ်၏။ ဘိလပ်ကယူလာတဲ့ ခေါင်းလိမ်းဆီမွှေးကို အပေါ်ကနေဖွဖွလေး လက်ကလေးနဲ့ပွတ်လိုက်တော့ မိုးသက်ညိုတို့ ပြင်ဆင်မှု ပြည့်စုံသွားချေပြီ။

အိမ်အပြင်ထွက်လျှင်ထွက်ချင်း တောင်မုတ်သုံလေတစ်သိုက်က သက်ညိုမျက်နှာကို ပြင်းရှရှတိုးဝှေ့လိုက်သဖြင့် အိပ်ချင်မူးတူးမျက်လုံးများပင် ကျယ်သွားရသည်။ ပုဂံမြို့ကြီးက နွေဦး၏ အငွေ့အသက်များအောက်တွင် သက်ဝင်လှုပ်ရှားစပြုလေပြီ။ အနီးတစ်ဝိုက်ရှိ အိမ်ကလေးများဆီမှ မီးရောင်လက်လက်ကလေးတွေ မြင်ရပြီ။ သက်ညိုတို့အိမ် မီးဖိုဆောင်ဖက်ဆီက ချက်ပြုတ်ကြော်လှော်သံများနှင့်အတူ မေကြီးနှင့် ရွှေမိတို့ စကားပြောသံတိုးသဲ့သဲ့ကိုလည်း ကြားနေရသည်။

ထိုစဉ် အိမ်ပေါက်ဝသို့ ဦးတည်လာသော မေကြီးက သူ့ကိုမြင်သွားကာ "ဆွမ်းလောင်းပွဲ သွားကြည့်မလို့လားသား မေကြီးကိုလည်း ဆွမ်းပုံးတွေကိုင်ကူပါအုံး"

ချစ်သော သက်ညိုWhere stories live. Discover now