12⛅️

1.7K 185 6
                                    

ဒူးနှစ်ဖက်ကိုပိုက်ထားလျက် မျက်နှာမှောက်ကာ ငိုနေရင်းနဲ့မှ သုန် ခေါင်းပြန်မတ်ကာ စိတ်ကိုစုစည်းလိုက်သည် ။ ရှိုက်သံတွေကို အတင်းမျိုချပစ်ပြီး မျက်ရည်တွေကို အကြမ်းပတမ်းဆွဲသုတ်ပစ်လိုက်သည်။

ဘယ်သူ့ကိုမှ မယုံရဲတော့တာလည်း အဲ့မိန်းမကြောင့် ၊ ဘယ်အမျိုးသမီးနဲ့မှ မပတ်သတ်ရဲတော့တာလည်း အဲ့မိန်းမကြောင့် ၊ မစားနိုင်မသောက်နိုင်နဲ့ အိပ်ယာထဲ ဘုန်းဘုန်းလဲ စာမေးပွဲတွေကျပြီး ကျောင်းပြောင်းဖို့အတွေးဝင်ခဲ့တာလည်း အဲ့မိန်းမကြောင့် ၊ ကိုယ့်အခန်းထဲမှာ ကိုယ်နေရင်း ခြောက်လှန့်နေခဲ့တဲ့ ပုံရိပ်တွေကြောင့် နေ့တိုင်းညတိုင်း အရူးလိုငိုခဲ့ရတာလည်း အဲ့မိန်းမကြောင့် ၊ လူတွေကြားထဲရောက်တဲ့အခါ မတော်တဆ ကြည့်ခံရရုံနဲ့တောင် သိမ်ငယ်စိတ်ဝင်ပြီး လန့်နေခဲ့ရတာလည်း အဲ့မိန်းမကြောင့် ၊ ဒီနှစ်တွေထဲ ရရှိခဲ့တဲ့ စိတ်မလုံခြုံမှု ၊ စိတ်ဒုက္ခတွေအားလုံးက ဒီမိန်းမကြောင့် ။

အဲ့လိုမိန်းမမှန်း သိသိရက်နဲ့ ၊ အဲ့လိုမိန်းမနဲ့ ပတ်သတ်နေတဲ့ အရာတွေကို ခုချိန်ထိ အနားမှာထားထားမိနေတာကို သတိမထားခဲ့နိုင်လောက်တဲ့အထိ သုန်က ရူးနေခဲ့တာလား။

အဲ့ဒီနေ့ကတည်းက ပျောက်ချင်းမလှပျောက်သွားပြီး လူကိုအမှိုက်တစ်စလို စွန့်ပစ်ခဲ့တဲ့ မိန်းမ ၊ အဲ့လိုမိန်းမနဲ့ ချစ်ခဲ့ရတာ ၁နှစ်တောင် မကြာခဲ့ဘူးဆိုပေမဲ့ မနှစ်ကအထိ နေ့တိုင်းနီးပါး နာကြင် ကြေကွဲပြီး ငိုယိုပြိုလဲခဲ့ရတာနဲ့တင် တော်သင့်ပြီ မဟုတ်လား။ ၇နှစ်လုံး ဒီရင်မှာ နာရတာနဲ့တင် မလုံလောက်လို့ ဒီမိန်းမကိုမြင်လိုက်တာနဲ့ ဆောက်တည်ရာမရဖြစ်မိသေးတယ်ပေါ့ ဟုတ်လား ဟော်သုန်။

ဗီရိုထဲက အဝါရောင်တွေပါမက အခန်းထဲမှာရှိတဲ့ အဝါရောင်နဲ့ပတ်သတ်သမျှ ပစ္စည်းတွေအားလုံးကို ဆွဲချပြီး သုန် အမှိုက်ပုံးထဲထည့်လိုက်သည်။ တစ်ခန်းလုံးကို မျက်လုံးဝေ့ကြည့်ပြီးမှ အောက်ထပ်ကို တဒုန်းဒုန်းပြေးဆင်းလာတော့ အိမ်ရှေ့မှာ အလုပ်ရှုပ်နေတဲ့ အမေက လှမ်းကြည့်သည်။

"မေ ... သုန့် အခန်းကို ပြန်ပြင်ချင်တယ်"

"ဟင် ဘာဖြစ်လို့လဲ ဟော်သုန် ရုတ်တရက်ကြီး"

foramomentWhere stories live. Discover now