ရွှမ်းကွမ်ပင်မတပ်စခန်း။
ပေါက်စလေးတို့အိမ်ကနေ နောက်ကျမှထွက်လာခဲ့တာမို့ တပ်စခန်းဆီရောက်တော့ မိုးအတော်ချုပ်နေပြီ။
ဗိုလ်ချုပ်ရှောင်းရဲ့မှန်လုံဂျစ်ကားလေး ဂိတ်တံခါးကိုမောင်းဝင်လာတော့ တာဝန်ကျတဲ့တပ်သားလေးက ကမန်းကတန်းထရပ်ပြီး အလေးပြုနှုတ်ဆက်တယ်။
ဂိတ်တံခါးကိုဖြတ်ပြီးတဲ့အခါ ဒါရိုက်ဘာက ကားကိုအရှိန်လျှော့ရင်း တပ်တွင်းကားလမ်းလေးအတိုင်း ခပ်ဖြည်းဖြည်းလေးပဲ မောင်းလာတယ်။ ရိပေါ်ကတော့ ကားနောက်ခန်းထဲမှာထိုင်ရင်း ဟိုငေးသည်ငေးပေါ့။
တပ်စခန်းဧရိယာက တော်တော့်ကိုကျယ်ဝန်းတဲ့အပြင် ဗိုလ်ချုပ်ရှောင်းနေတဲ့အိမ်အထိရောက်ဖို့ကလည်းတော်တော်လေး မောင်းရသေးတယ်။
ဝင်ဝင်ချင်းမှာ အထိမ်းအမှတ်ကျောက်တိုင်တွေစိုက်ထူထားတဲ့ လေ့ကျင့်ရေးကွင်းတစ်ခုရှိပြီး ဟိုးဘက်အခြမ်းမှာတော့ ခန်းမဆောင်အကျယ်ကြီးတစ်ခုကိုလှမ်းမြင်နေရတယ်။ အဲ့ဒါတွေရဲ့အလွန်မှာတော့ အနည်းငယ်အိုဟောင်းနေတဲ့ ထမင်းစားဆောင်ကြီးတစ်ခုရှိနေပြန်တယ်။ ဘေးနားမှာလည်း စိုက်ခင်းမြေကွက်သေးသေးလေးတွေ ဝန်းရံလို့။ တပ်ထဲမှာဆိုရင် ကုန်ကျစရိတ်သက်သာအောင် အသီးအနှံတွေ ကိုယ်တိုင်စိုက်ကြတယ်လို့ ဖေဖေကပြောပြဖူးတယ်။ အဲ့ဒါတကယ်ပဲကိုး။
လူနေအိမ်ရာတွေကတော့ တပ်ရဲ့ ဟိုးအနောက်ဘက်အစွန်ဆုံးမှာ။ ဆက်သွားရင်တော့ တောတန်းတွေပဲရှိတော့တယ်။
ဗိုလ်ချုပ်တွေနဲ့ တပ်ကြပ်မိသားစုတွေက ကိုယ်ပိုင်ခြံဝန််းလေးနဲ့ သီးသန့်ကန့်ထားတဲ့ တိုက်အိမ်လေးတွေမှာနေကြတယ်။ တပ်သားအငယ်တွေ နေတဲ့အဆောင်ကတော့ လေးထောင့်ပုံစံ ပတ်ချာလည်ဖွဲ့စည်းတည်ဆောက်ထားတဲ့ တစ်ထပ်တိုက်ပုပုလေးတွေ။ အလယ်က မြေကွက်လပ်မှာလည်း အဝတ်လှန်းစင်လေးတွေ ညီညီညာညာစီတန်းထားသေးတယ်။
ညပိုင်းအားလပ်ချိန်ဖြစ်တာကြောင့် ထင်ပါရဲ့။ တပ်သားငယ်တွေက အခန်းထဲမှာမနေဘဲ လွတ်လွတ်လပ်လပ်သွားလာနေကြတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ရှောင်းရဲ့ကားကိုလည်းမြင်ရော လုပ်လက်စအလုပ်တွေအကုန်ရပ်ပြီး တရိုတသေအလေးပြုကြတယ်။
YOU ARE READING
𝖦𝖾𝗇𝖾𝗋𝖺𝗅 𝖷𝗂𝖺𝗈'𝗌 [ 𝖧𝗂𝖺𝗍𝗎𝗌 ]
Fanfiction" ကျွန်တော်က လိမ္မာတဲ့ကောင်လေးမဟုတ်ဘဲ ဆိုးနေရင် ဘယ်လိုလုပ်မလဲ?" " ကိစ္စမရှိဘူး ဆိုးပါ။ မင်း ကိုယ့်အပေါ် ဆိုးလို့ရတယ်" 𝖤𝗏𝖾𝗋𝗒 𝖼𝗈𝗇𝗍𝖾𝗇𝗍 𝗂𝗇𝖼𝗅𝗎𝖽𝖾𝖽 𝗂𝗇 𝗍𝗁𝗂𝗌 𝖿𝗂𝖼𝗍𝗂𝗈𝗇 𝗂𝗌 𝗌𝗂𝗆𝗉𝗅𝗒 𝗃𝗎𝗌𝗍 𝗆𝗒 𝗂𝗆𝖺𝗀𝗂𝗇𝖺𝗍𝗂𝗈𝗇. 𝖮�...