18

1.9K 221 4
                                    

(Unicode)

"ခင်ဗျားက ကျွန်တော်ကို စပြီးဆွဲထားမိရင် နောင်တရမှာမလို့ ကျွန်တော်ပဲ စဆွဲထားပါ့မယ်၊ ချစ်ခြင်းမေတ္တာဆိုတဲ့အကြောင်းကို ခပ်ဖြည်းဖြည်း ရှင်းပြနိုင်မလားခင်ဗျ"

သူက ဤသို့ ခပ်အေးအေးပင် စကားဆိုတော့ ဆုပ်ကိုင်ထားမိသည့်လက်က တဖြည်းဖြည်း အေးလာသယောင် ခံစားရသည်။ အလင်းသစ်၏ စူးရှသော မျက်ဝန်းအတွင်းရှိ မျက်ဆံဝိုင်းနက်နက်ကလေးများမှာ ဂနာမငြိမ်*ပဲ သူ့ကိုကြည့်လိုက်၊ သူ၏ လက်များကို ကြည့်လိုက်ဖြင့် အံ့ဩနေခဲ့ပုံပင်။

"မြူက .."

"ရှင်းပြနိုင်မလား ခင်ဗျာ"

ထိုစဉ် သွားတန်းဖြူဖွေးဖွေးကလေးများ ပေါ်သွားအောင် ရယ်လိုက်သော အလင်းသစ်ပါပေ။ နှုတ်ခမ်းပါးပါးလေးများက လေးကိုင်းသဏ္ဍာန် ဘေးသို့ကော့ညွတ်တက်သွားပြီး ပါးချိုင့်နက်နက်ကလေးက ထင်းကနဲပေါ်လာခဲ့လေသည်။ ဤသည်မှာ သူချစ်ခဲ့ဖူးသူနှင့် မတူသော အရာကလေးပင်။ မြူသည် လွတ်နေသော လက်တစ်ဖက်ဖြင့် အလင်းသစ်၏ ပါးချိုင့်ကလေးထဲ လက်ညှိုးကလေးထည့်ကြည့်မိတော့ အလင်းသစ်မှာ ကြောင်အသွားသကဲ့သို့ ခေတ္တငြိမ်သွားပြီးမှ သူ့ကို မော့ကြည့်သည်။

"မြူ့ရဲ့ ဆံပင်ညိုညိုတွေကို ကိုယ်ပွတ်သပ်လို့ရမလား"

မဆိုစလောက်လေးအရပ်ကွာနေသော်ငြား၊ လှမ်းကာ ပွတ်သပ်လိုက်လို့ရနေသော်ငြား အလင်းသစ်က ခွင့်တောင်းစကားကို ပြုသောကြောင့် မြူမှာ ဘယ်သို့ ငြင်းနိုင်ပါအံ့နည်း။

"သဘောရှိပါ ခင်ဗျ"

လက်ချောင်းအေးအေးလေးများကြောင့် ခံစားချက်တွေက အနည်းငယ် ဗြောင်းဆန်လာတော့သည်။ နူးညံ့နေမည်ဖြစ်သော ဆံသားများထက်ဝယ် အလင်းသစ်၏လက်ချောင်းများက စုန်ဆန်ပြေးလွှားနေခဲ့ပါ၏။ သိပ်ကို မက်မောစရာကောင်းသော အထိအတွေ့ပင်။

"ခင်ဗျား လက်တွေအေးနေတာပဲ"

"ဟုတ်မယ်၊ ကိုယ်က စိတ်လှုပ်ရှားရင် လက်တွေအေးတတ်တယ်"

သူ့ခေါင်းပေါ်ကလက်ကို လက်ကောက်ဝတ်မှကိုင်ကာ ဖယ်ချလိုက်ပြီး သူ့လက်ဖဝါးများထဲ အလင်းသစ်လက်ဖဝါးများကိုထည့်၍ ဆုပ်ကိုင်လိုက်သည်။

မြူ - The MistWhere stories live. Discover now