23

1.8K 203 6
                                    

(Unicode)

"အာ .. ကိုကို"

ပါးစပ်ထဲ ဝင်ဆံ့နိုင်အောင် လှီးထားသော ပေါင်မုန့်ကြက်ဥကြော်အတုံးသေးလေးများကို မြူက ခက်ရင်းသေးသေးဖြင့် သူ့အားလှမ်းကာခွံ့ပါ၏။ Steering wheel ကိုကိုင်ထားရသည်ကြောင့်ရော၊ ကားလမ်းမကို ဂရုတစိုက် ကြည့်ရသည်ကြောင့်ရော အလင်းသစ် မနက်စာစားရေးတာဝန်က မြူ့လက်ထဲသာ ဝကွပ်အပ်ခြင်းခံလိုက်ရတော့သည်။

"ဘယ်ကတည်းက ပြင်ထားတာလဲ"

"ကိုကို အိပ်နေကတည်းကလေ"

"သားကိုထားခဲ့ရတာ တစ်မျိုးပဲ"

"အော် ဘာလို့ခေါ်မှာလဲ၊ မသိရင် ကျွန်တော်တို့ မင်္ဂလာဦးခရီးထွက်လာတာကျနေတာပဲ နော်"

"မြူ !"

"ဗျ"

သူကဖြင့် လှမ်းဟန့်သော်ငြား မြူမှာ မသိလိုက်သလိုပင် ပေါင်မုန့်စားမပြတ်။ သီချင်းလေးညည်းကာ ပြင်ပရှူခင်းများကိုငေးကြည့်နေသော မြူသည် ယခုလိုအချိန်များတွင် ကလေးလေးကဲ့သို့ပင် အပူအပင်ကင်းကင်း။

"တစ်ယောက်တည်း နယ်ပြောင်းနေရတာ မခက်ခဲဘူးလား၊ ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ"

"ဒီတိုင်း  စိတ်သက်သာရာရမလားလို့ပါ"

"မြူ သူ့ကို သိပ်ချစ်သလား"

သုံးစက္ကန့်လောက်ငြိမ်သွားသည့် တစ်ခဏကို အလင်းသစ်က မရေတွက်ဖြစ်တော့။

"ကိုကို ကျွန်တော့်ကမ္ဘာထဲဝင်လာတဲ့နေ့ကစပြီး သူ့အကြောင်းမတွေးဖြစ်တော့ဘူးဗျ"

တဒိတ်ဒိတ်ခုန်နေသည့် နှလုံးသားမှာ ရင်ခုန်ရ၍လား၊ ရင်တုန်ရ၍လား သူမသိပါ။ ဖြစ်နိုင်သည်က သူမျှော်လင့်ထားခဲ့သည်မှာ ဤသို့သောစကားမျိုးမဟုတ်ချေ။

"ကိုကို့ကို ပိုချစ်တာပါ" ဟူသော တိကျေသေချာ၊ ပြတ်သားရေရာသည့် အဖြေမျိုးဖြစ်သည်။ ထိုအဖြေမျိုးကိုမှ မြူကရှောင်ကွင်းလို့ သွားချေပြီ။ Steering wheel မကိုင်ထားသော လက်တစ်ဖက်က အနည်းငယ် တုန်ယင်နေပြီဖြစ်သော်ငြား မြူက သူ့လက်ကိုလှမ်း၍ အုပ်ကိုင်လေသည်။

"ကိုကို့လက်တွေအေးနေတယ်"

" ... "

"ကိုကို စိတ်ပူစရာမလိုပါဘူး၊ ကိုကိုက ကျွန်တော့်ရဲ့ အလင်းသစ်ပါ"

မြူ - The MistWhere stories live. Discover now