အခန်း ၂ ။ ။ ရေစက်ဆိုး
ရွှေဂွန်းနယုန်ဆိုသည်ကား နယုန်မိသားစုရဲ့ သားကြီး။ နောင်တစ်ချိန်တွင် မိသားစု အမွေအနှစ်အားလုံးကို ဆက်ခံရမည့်လူ ဖြစ်သည်။ အခုအချိန်မှာတော့ ထိုကောင်လေးရဲ့ မျက်ကွင်းနှစ်ဖက်လုံးက အညိုရောင်သမ်းနေပြီး စာသင်ခန်းရဲ့ရှေ့ဆုံးတန်းမှာထိုင်ကာ အိပ်ငိုက်နေသည်။ အနုပညာဆန်တဲ့လက်ချောင်းတွေက မေးရိုးသွယ်သွယ်ကိုထောက်လျက် သူ့ရှေ့ကပရိုဂျက်တာကို စိတ်မပါတပါငေးကြည့်နေတာတောင် အရှိန်အဝါက တစ်ခန်းလုံးကို လွှမ်းမိုးထားနိုင်သည်။ ဘာလုပ်လုပ် ကျောက်သားပန်းပုရုပ်လေးလို ကျက်သရေရှိလှတဲ့ ထိုသခင်လေးရဲ့မနေ့ညက အကြောင်းအရာတွေကိုတော့ ဘယ်သူမှစိတ်ဝင်စားပုံမပေါ်ပါ။
မိသားစု အမှတ်တံဆိပ်ပါတဲ့ ရှေးဟောင်းလည်ဆွဲလေးကို မေမေကြီးဆီမှ လက်ခံရရှိခဲ့စဥ်က ဘယ်တော့မှမပျောက်စေပါဘူး ဟုကတိပေးထားခဲ့သည်။ အခုတော့ သူက လည်ဆွဲလေးတစ်ခုကိုတောင် သေချာမထိန်းသိမ်းနိုင်ခဲ့ဘူးပဲ။ ဒီပုံစံအတိုင်းသာဆို အနာဂတ်မှာ မိသားစုကို ဘယ်လိုဦးဆောင်ရမလဲ။
ရွှေဂွန်း ပုံသွင်းထားတဲ့ ဆံပင်တွေကို စိတ်ပျက်လက်ပျက် ထိုးဖွလိုက်သည်။ ထို့နောက် သင်ခန်းစာကို အာရုံစိုက်မရတဲ့အတူတူ ဟိုနားဒီနား လျှောက်ကြည့်တဲ့အခါ မမြင်ချင်ဆုံးမျက်နှာတစ်ခုကို တွေ့လိုက်ရသဖြင့် စိတ်ပျက်မှုက နှစ်ဆတိုးသွားတော့သည်။ အမြင်များမှားတာလားဆိုပြီး မျက်လုံးကိုပွတ်ကြည့်ပေမယ့်လည်း ပုံရိပ်ကပျောက်မသွားတဲ့အပြင် ပိုပြီးတော့တောင် ထင်ရှားလာသည်။
"မဖြစ်နိုင်ပါဘူး!"
ရွှေဂွန်း လန့်သွားတာမို့ မသိလိုက်ခင်မှာပဲ မတ်တပ်ရပ်ပြီးသား ဖြစ်နေလေသည်။ ရုတ်တရက်ကြီး ကောက်ခါငင်ကာ ထလာတဲ့ကျောင်းသားကြောင့်-
"မရှင်းတာ တစ်ခုခုရှိလို့လား"
ဆရာမက အမြင့်သံနဲ့ မေးလိုက်သည်။ သို့သော် ရွှေဂွန်းရဲ့အာရုံကတော့ အခန်းပြင်က တစ်စုံတစ်ယောက်ဆီကိုသာ စုပြုံပြီး ကျရောက်နေ၏။