Chapter 1

46 3 8
                                    

အခန်း ၁ ။   ။ ရန်သူများ

ရွှေဂွန်းနယုန် မွေးကတည်းက "ထင်ရှားထက်စေနှင့် မပေါင်းရ"ဟူသော အမိန့်စာတမ်း ထုတ်ပြန်ထားခဲ့သည်။

အထင်ကရမြို့တစ်ခုက နာမည်ကြီးအိမ်နှစ်ခု။ ဘိုးစဥ်ဘောင်ဆက် မုန်းတီးလာခဲ့ကြပြီး မိသားစုနှစ်ခုကြားတွင် စည်းတစ်ခု ခြားထားခဲ့ကြသည်မှာ ကြာခဲ့လေပြီ။

နယုန်မိသားစုဟာ မင်းမျိုးမင်းနွယ်မှဆင်းသက်လာသည်ဟု ပြောစမှတ်ပြုရလောက်အောင် သူတို့ရဲ့အသွင်အပြင်သည် မဟာဆန်၏။ စကားပြောသိမ်မွေ့သလို၊ အမူအရာလည်း ယဥ်ကျေးသည့် ထိုမိသားစုက ခေတ်အဆက်ဆက် ပန်းတိမ်လုပ်ငန်းဖြင့် အသက်မွေးကြပြီး ယခုအခါ ကျောက်မျက်ရတနာလုပ်ငန်းကိုပါ ချဲ့ထွင်လာခဲ့ပြီဖြစ်သည်။

မိသားစုဝင် ငါးယောက်ရှိတဲ့အနက် ရွှေဂွန်းနယုန်ရဲ့မိခင် ဒေါ်နီလာမြရည်က အိမ်တော်ရဲ့ အခရာ ဖြစ်သည်။ ခင်ပွန်းဖြစ်သူကိုတော့ ရံဖန်ရံခါမှတွေ့ရတတ်ပြီး လက်ဝတ်ရတနာများ ဒီဇိုင်းဆွဲ‌သည့် အခန်းထဲတွင်သာ အချိန်ကုန်ဆုံးတတ်သည်။ သို့သော် ဦးညံဝန်းက စီးပွားရေးအမြင်ရှိသူတစ်ယောက်ဖြစ်ရာ ဒေါ်နီလာမြရည်နှင့်လက်ထပ်ပြီးနောက် အနည်ထိုင်နသော မိသားစုလုပ်ငန်းကို ဆန်းသစ်တီထွင်ကာ ပိုမိုတိုးတက်အောင်ဆောင်ရွက်ခဲ့သဖြင့် လူတိုင်းကလေးစားကြသည်။ အသက်ငါးဆယ်ကျော်လို့မထင်ရပဲ နုပျိုတဲ့ရုပ်ရည်ကြောင့် အသက်လေးဆယ်စွန်းစွန်းဒေါ်နီလာမြရည်ထက်ပင် ငယ်သယောင်ထင်ရလေသည်။ ထိုရုပ်ရည်နဲ့ အရပ်အမောင်းကို အမွေဆက်ခံသူက သားအကြီးဆုံး ရွှေဂွန်းနယုန်။ အဖေတူသားတစ်ဖြစ်လဲ ပြီးပြည့်စုံတဲ့အမွေခံလေးက ပိုးမွေးသလိုမွေးခြင်းခံခဲ့ရသည်။ ညီမငယ် ငွေယွန်းဝသုန်ကို ကိုယ်ဝန်ရတဲ့အချိန်ထိတောင် ရွှေဂွန်းက တစ်အိမ်လုံးရဲ့ အချစ်တော်ကလေး ဖြစ်နေဆဲပင်။

ရွှေဂွန်းနှင့်ယှဥ်လျှင် ငွေယွန်းသည် အလိုလိုကို မှေးမှိန်သွားသလို ခံစားရလေသည်။ သူမအတွက်တော့ အစ်ကိုဖြစ်သူဟာ မြင့်မားလွန်းတဲ့ရွှေတောင်ကြီးဖြစ်ပြီး သူမဘယ်တော့မှ ကျော်တက်နိုင်မှာမဟုတ်ဟု ယုံကြည်ထားသည်။

Star-crossed Lovers (ချစ်လှစွာသောရန်သူ)Donde viven las historias. Descúbrelo ahora