အပိုင်း(၁၀)

189 20 6
                                    

ဆောင်းရာသီ၏လေအေးထက် ချစ်ရသူလေးက လျစ်လျုရှုစိမ်းကားနေသည့်အဖြစ်က ပိုမိုအေးစက်နေသည့်နှယ်။ တခိုက်ခိုက်တုန်နေအောင် ချမ်းအေးနေသောအချိန်တွင်မှ အနွေးပါးလေးဖြင့် ချစ်ရသူလေး ပြန်အလာကို အအေးဒဏ်ကြား ရပ်စောင့်နေခဲ့သော်လည်း မှန်းချက်နှင့်မကိုက်စွာ သူပြန်ရလိုက်သည့် တုံ့ပြန်မှုက လျစ်လျူရှုမှုသာ။ သူတစ်ယောက်လုံး မျက်စိရှေ့၌ ရပ်နေသည့်တိုင် မမြင်ဟန်ဆောင်ကာ တိုက်ထဲဝင်သွားသူကြောင့် အနည်းငယ်နာကျင်သွားသော စိတ်ကိုခဏတာ လျစ်လျူရှုလိုက်ရင်း လေစိမ်းတို့တိုက်နေသူလေး နောက်သို့သာ ခပ်သုတ်သုတ် လိုက်သွားပြန်တော့ ကံတရားဆိုသည်က သူ့ဘက်၌ရှိမ‌နေသည့်နှယ်။ ဓာတ်လှေကားက တော်ရုံနှင့်ရောက်မလာခဲ့ပြန်။ လောနေသောစိတ်အစဉ်က ရောက်ရှိလာမည့် ဓာတ်လှေကားကိုလည်း စောင့်နိုင်စွမ်းမရှိတော့သည်မို့ ရိုးရိုးလှေကားကိုသုံး၍သာ ချစ်ရသူလေးထံ အရောက်သွားလိုက်ပါတော့သည်။

"ထယ်...ထယ်..."

သူတို့နှစ်ဦးသား၏ ကိုယ်ပိုင်နားခိုရာလေးဆီသို့ ရောက်လာခဲ့ပါသော်လည်း ထယ်ယောင်းအရိပ်အား ဂျောင်ဂု တစ်နေရာတွင်မှမမြင်မိ‌၍ ထယ်ယောင်းနာမည်ကို ဟစ်အော်‌ခေါ်နေရင်း ဧည့်ခန်းမှသည်အိပ်ခန်း၊ ထိုမှတစ်ဆင့် အတွင်းရေချိုးခန်းတို့အထိ လိုက်လံ၍ ရှာပါသော်လည်း မတွေ့မိသည်မို့ နောက်ဆုံးမီးဖိုခန်းရှိရာဘက်ဆီ အပြေးလျှောက်လာရင်း...

"ထယ်..."

...ထုံးစံအတိုင်း အော်ခေါ်နေမိပြန်တော့...

"ဘာလဲ၊ ဘာလို့အဲလောက်တောင် အော်ခေါ်နေရတာလဲ"

...မီးဖိုခန်းထဲရှိနေသည့် ထယ်ယောင်းက ဂျောင်ဂုကို စိတ်ရှုပ်သည့်ပုံစံမျိုးဖြင့် ကြည့်လာရင်း အသံပြန်ပေးလာတော့သည်။ ထိုအခါမှ ဂျောင်ဂု သက်ပြင်းတစ်ချက်ချလိုက်ကာ သူ့မျက်စိအရှေ့မှ ထယ်ယောင်းကို မမှိတ်မသုန်စိုက်ကြည့်နေမိတော့၏‌။

မင်းပုံစံက ဘာလို့ အဲဒီလောက်တောင် အေးတိအေးစက်ဖြစ်နေရတာလဲ ထယ်။ ငါ့ကို အရမ်း စိတ်ဆိုးနေတာများလား…

ဂျောင်ဂုကသာ ထယ်ယောင်းကို စိုက်ကြည့်နေသော်လည်း ထယ်ယောင်းကမူ မသိ‌ချင်ယောင်ဆောင်ကာအကြည့်လွှဲထားဆဲ။ ဤသို့ဆိုပါက ယခုလို အေးစက်စွာပြုမူနေသော ထယ်ယောင်းအား ဂျောင်ဂုဘက်က စတင်စကားစကာ ဤအ‌ခြေအနေ မှ ရုန်းထွက်ရပါတော့မည်လေ။ ထို့ကြောင့်...

"မင်း ဘယ်တွေသွားနေတာလဲ ထယ်။ ငါ မင်းဆီ တောက်လျှောက်ဖုန်းဆက်နေခဲ့တာ။ ဘာဖြစ်လို့ ဖုန်းမကိုင်ရတာလဲ။ ငါ မင်းကို ဘယ်လောက်စိတ်ပူနေလဲဆိုတာ မင်း သိရဲ့လား ထယ်"

...ဂျောင်ဂုတစ်ယောက် မလှုပ်မယှက်‌လုပ်နေသော ထယ်ယောင်းကို စိတ်မရှည်ဖြစ်ရလာကာ အနားသို့သွားလိုက်ရင်း ထယ်ယောင်း ပခုံးနှစ်ဖက်အား ဆုပ်ကိုင်လှုပ်ယမ်း၍ မေးမိတော့သည်။ ဂျောင်ဂု တကယ်စိတ်ပူနေခဲ့တာပါ။ အိမ်ပြန်ရောက်ချိန် ဖြစ်နေသည့်တိုင် ဗလာနတ္ထိဖြစ်နေသောတိုက်ခန်းကသာ သူ့ကို ဆီးကြိုနေခဲ့၍ စိုးရိမ်တကြီးဖြင့် ခေါ်ဆိုခဲ့သော ဖုန်းကောလ် အရေအတွက်တို့ကလည်း Call history တွင် များစွာနေရာယူထားဆဲ။ ဤထဲတွင် ထယ်ယောင်းကပါ ဖုန်းမကိုင်သည့် အတွက် သူ ဘယ်လောက် စိတ်ပူခဲ့ရသည်ကို သူကိုယ်တိုင်သာအသိ။ ထို့ကြောင့် အကြောင်းအရင်းများအားလုံးအအတွက် ဂျောင်ဂု ထယ်ယောင်းဆီမှ ဖြေရှင်းချက်တစ်ခုကို တောင်းဆိုမိတော့...

"ကျစ်...အဲလောက်ထိ စိတ်ပူနေရအောင် ငါက ကလေးလား"

...ထယ်ယောင်းသည် ဂျောင်ဂုစကားများကို အလိုမကျစွာ ဆိုလာရင်း ဂျောင်ဂုကိုသာ အကဲပိုလွန်းသူဖြစ်စေ၏။ ကလေး မဟုတ်မှန်းတော့ ဂျောင်ဂုလည်း သိပါသည်လေ။ သို့သော်လည်း စိုးရိမ်တာက စိုးရိမ်တာ တစ်ပိုင်းဖြစ်သည်ကို ထယ်ယောင်းက တကယ်မသိတာပဲလား။

"ထယ်..."

ဤတစ်ခေါက်တွင်တော့ သူ၏စိတ်ကိုနားမလည်နိုင်သော ထယ်ယောင်းအား ဂျောင်ဂု အသံမာမာဖြင့် အော်မိပါပြီ။

ထိုအခါ ထယ်ယောင်းကလည်း ခေါင်းငုံ့ ငြိမ်ခံနေတတ်သူမဟုတ်သည့်အလျောက်..

"ဘယ်သူ့ဘက်ကမှားနေလို့ လာအော်နေရတာလဲ"

...သူ၏ပခုံးကို ကိုင်ညှစ်ထားသော ဂျောင်ဂု၏လက်နှစ်ဖက်အား တွန်းဖယ်လိုက်ရင်း ထယ်ယောင်းကပါ ဂျောင်ဂုထက် မလျော့သော လေသံမာမာဖြင့် ပြန်အော်တော့သည်။ ထိုအခိုက်တွင်တော့ တစ်ချိန်လုံး ဂျောင်ဂုနှင့် မျက်နှာချင်းမဆိုင်ဘဲ အကြည့်လွှဲနေသူ ထယ်ယောင်းသည် အေးစက်စက်အကြည့်ဖြင့် ဂျောင်ဂုအား စူးစူးဝါးဝါး ပြန်စိုက်ကြည့်လာပါလျက်။

ယခုအခါတွင်တော့ နှစ်ဦးသားကြား မတူညီသော အကြည့်တစ်မျိုးစီနှင့် တစ်ဦးကိုတစ်ဦးငေးကြည့်ရင်း..

"ဟုတ်တယ်၊ ငါမှားခဲ့တာ၊ အရေးတကြီးခွဲစိတ်ခန်းဝင်ရမှာမို့လို့ ငါ မလာနိုင်ခဲ့တာ။ ဒါပေမယ့် ငါ အတတ်နိုင်ဆုံး စောစောပြန်လာမယ်လို့ ပြောခဲ့တယ်လေ။ မင်းကြိုက်တတ်တာ ငါကိုယ်တိုင်လုပ်ကျွေးမယ်လို့ ဖုန်းထဲကပြောခဲ့တယ်လေ ထယ်"

...ဂျောင်ဂုဘက်က အရင်ဦးစွာ ဖြေရှင်းချက်ပေးလာပါတော့၏။ တကယ်လည်း သူ ထယ်ယောင်းကို ယခုလိုမျိုး မျက်နှာလွှဲခဲပစ်လုပ်ရန် မရည်ရွယ်ပါပေ။ သို့သော် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သော အခြေအနေတစ်ရပ်ကြောင့် သူ မလာနိုင်ခဲ့ရခြင်း။ ချိန်းဆိုမှုကို သူ့ဘက်ကစတင်ပျက်ကွက်ခဲ့သည်မို့ ပျက်ကွက်မှုအစား ထယ်ယောင်းကြိုက်တတ်သော အစားအသောက်များကို အိမ်တွင် ကိုယ်တိုင်ကိုယ်ကျ လုပ်ကျွေးပါမည်ဟု ဂျောင်ဂု ပြောခဲ့တာပဲမလား။ သို့နှင့် သူ ခွဲစိတ်ခန်းမှ ထွက်ထွက်ချင်း အပြေးလေး ပြန်လာခဲ့ခြင်း။

ဂျောင်ဂုက သူ့ဘက်မှအခြေအနေများကို ရှင်းပြလာသော်လည်း တစ်ဖက်သူကတော့...

"အမြဲတမ်း အဲဒီလိုကြီးပဲလေ။ အမြဲပဲ..."

...အမြဲကြားနေကျ ဆင်ခြေမျိုးသာဖြစ်သည်မို့ စိတ်ပျက်စွာသာ ခေါင်းခါယမ်းမိ‌ပါတော့သည်။ ဂျောင်ဂုက ဘယ်တုန်းကများ သူ့အတွက် အချိန်များများပေးနိုင်ခဲ့လို့လဲ။ အမြဲလိုလို နောက်ကျ၊ ပျက်ကွက် တစ်လှည့်စီဖြစ်နေတာမလား။ နောက်မှသာ အကြောင်းပြချက်များ တန်းစီကာပေးလာသည့်လူမျိုး။ ထို့ကြောင့် ထယ်ယောင်း ယခုလို တုံ့ပြန်ခြင်းကလွန်သည်မထင်။

"မဟုတ်ဘူး...ငါ့ရဲ့ပုံစံက အမြဲ အဲဒီလိုဆိုတာထက် မင်းက ငါ့ကို အဲလိုပုံစံဖြစ်အောင် ပုံသွင်းပေးခဲ့တာမဟုတ်ဘူးလား”

ထယ်ယောင်းဘက်မှ သူ့ကို စိတ်ပျက်စွာစွပ်စွဲပြောဆိုလာသည့်စကားတို့ကို ဂျောင်ဂု အံ့ဩစွာသာငြင်းမိပါ၏။ ထယ်ယောင်း ကိုယ်တိုင်က သူ့ကို ထိုသို့ဖြစ်အောင် ပုံသွင်းခဲ့သူတစ်ယောက်လေ။ ဤသည်ကို ယခုတော့ စကားတစ်မျိုး ပြောင်းပြောနေလျက်။ တစ်ခါက အလုပ်နှင့်သူ့ကို ယှဉ်၍ရွေးချယ်ရမည်ဆိုပါက သူ့အတွက် နောက်မှတွေးပေးလည်းဖြစ်ပါသည်ဟု ပြောခဲ့ဖူးသော အတိတ်က ထယ်ယောင်းသည် တဖြည်းဖြည်း ပျောက်ကွယ်လာသည့်ဟန်ပါပင်။

"ဟုတ်သား...ထယ်ယောင်းက အဲဒီလိုလူမျိုးဖြစ်ခဲ့တာပဲ"

"ဖြစ်ခဲ့တာပဲတဲ့လား..."

ဂျောင်ဂု၏ ထင်မြင်ချက်တို့က မှန်ကန်နေကြောင်းကို ထယ်ယောင်းကအတည်ပြုပေးလာသည့်နှယ်ပါလေ။ ခပ်ယဲ့ယဲ့လေး ပြုံးရယ်ရင်း ဆိုလာသူ ထယ်ယောင်းသည် "ခဲ့" ဟူသောအတိတ်ကာလပြပုဒ်ကိုမှ ရွေးချယ်သုံးနှုန်းလာသည်မို့ ဂျောင်ဂုကိုယ်တိုင်လည်း အံဩသွားရကာ အနောက်မှသံယောင်လိုက်ရင်း မေးမိတော့...

"ဒီလောက်နဲ့ရပ်လိုက်ကြမလား ဂျွန်။ ငါ ရန်မဖြစ်ချင်ဘူး။ ရန်ဖြစ်တာက ငါတို့ရဲ့ ဖြေရှင်းနည်းမှ မဟုတ်ဘူးတာ"

...ထယ်ယောင်းက သူ့လက်ထဲမှ သောက်လက်စ ရေခွက်အား စားပွဲပေါ်တင်လိုက်ရင်း စိတ်ပျက်စွာဖြေလာ၏။ ဤအတိုင်းဆိုလျှင် သေချာပေါက် သူနှင့် ဂျောင်ဂု ရန်ဖြစ်ကြရတော့မည်မို့ သူကအရင် ဂျောင်ဂုကို ထားခဲ့ပြီး မီးဖိုခန်းထဲမှထွက်သွားမည် အပြု...

"ငါကပဲ တောင်းပန်ပါတယ် ထယ်။ နောက်တစ်ခါ အခုလိုမဖြစ်စေရဘူးလို့ ငါကတိပေးတယ်။ ဒါကြောင့်မို့လို့ ကျေးဇူးပြုပြီး ငါ့ကို လျစ်လျူရှုမနေပါနဲ့ကွာ။ အရာအားလုံးအတွက် ငါကပဲ တောင်းပန်တာမို့လို့ ကျေးဇူးပြုပြီး..."

...ဂျောင်ဂုက ထွက်သွားတော့မည့် ထယ်ယောင်းကို အနောက်မှ တင်းကျပ်စွာ ထွေး‌ဖက်လိုက်ရင်း သူ့ဘက်ကသာ ဦးစွာ တောင်းပန်စကားဆိုလိုက်တော့၏‌။ မှားခဲ့သူက မည်သူပင်ဖြစ်ပါစေလေ။ ချစ်ရသူ၏လျစ်လျူရှုခြင်းကို မခံနိုင်သူကပင် စ၍ဒူးထောက် အရှုံးပေးရပါပြီ။ အချစ်တွင် မည်သူက သာသည်၊ နာသည်ထည့်တွက်စရာမှမလိုဘဲ။ ဤအတိုင်းလေး သူ့ဘက်က အရင် တောင်းပန်လိုက်၍ ထယ်ယောင်း စိတ်ဆိုးပြေသွားလျှင် ဂျောင်ဂုအတွက် အဆင်ပြေပါပြီမို့…။

"တောင်းပန်ပါတယ်ဆိုတဲ့ စကားကိုပဲ အမြဲပြောနေတဲ့ မင်းကတော့ မသိဘူး။ အမြဲကြားနေရတဲ့ ငါကတော့ ငြီးငွေ့လာပြီ"

ထိုအခိုက်တွင် သူတို့နှစ်ဦးသားအကြားလေထုက တိတ်ဆိတ်သွားသော်လည်း ဂျောင်ဂုက ထယ်ယောင်းကို နောက်ကျော းဘက်မှ သိုင်းဖက်ထားသည်ကြောင့် တစ်ဦးနှင့်တစ်ဦး အနီးကပ်ဆုံးအနေအထားတွင် ရှိနေကြပါလျက်။ သို့သော် နှလုံးသားချင်းမှာတော့ အနည်းငယ်ကွာဝေးနေကြသလိုပင်။ အကြောင်းကား ထယ်ယောင်းက ဂျောင်ဂုကိုကျောပေး၍ ရပ်နေခဲ့သည်ကိုး။

ဝင်သက်ထွက်သက်ကိုပါ ကြားနိုင်သည်အထိ နီးကပ်နေသော ခန္ဓာကိုယ်နှစ်ခုကြောင့် ရုတ်တရက် ဂျောင်ဂုနှာခေါင်းထဲ ဝင်ရောက်လာသည့်အနံ့‌လေး။ အကယ်၍ ဂျောင်ဂု အထင်မမှားဘူးဆိုပါက...

"မင်း သောက်လာတာလား ထယ်"

"နည်းနည်းပါ"

“မင်ယွန်းဂီနဲ့ သောက်လာတာလား။ သူနဲ့အတူ ဘယ်ကိုသွားခဲ့ကြတာလဲ ထယ်"

"ဒီတိုင်း မုန့်သွားစားကြရုံပါပဲ။ နေပါဦး၊ အခု မင်း ငါ့ကို စစ်လားဆေးလား လုပ်နေတာလား ဂျွန်"

ဂျောင်ဂုဘက်က စကားမှားသွား၍လားမသိ။ စိတ်ကွက်သွားပုံပေါ်သော ထယ်ယောင်းသည် ဂျောင်ဂု ရင်ခွင်ထဲမှ အမြန် ရုန်းထွက်သွားကာ ဂျောင်ဂုနှင့် မျက်နှာချင်းဆိုင် ဝင်ရပ်လိုက်ရင်း ဂျောင်ဂုကို စိတ်ပျက်စွာကြည့်လာပြန်ပါ၏။ ဂျောင်ဂု ထယ်ယောင်းအား စိတ်ဆိုးအောင် ထပ်လုပ်မိပြန်ပြီ ထင်ပါသည်။ သို့သော် သူပြောသည့်အထဲတွင် စိတ်ဆိုးစရာများ ပါသွားခဲ့တာလား။ သို့မဟုတ် မယုံကြည်၍ ယခုလိုစစ်ဆေးနေသည်ဟု ထယ်ယောင်းက ထင်မြင်သွားခြင်းလား။ မဟုတ်ဘူး ဒီတိုင်း ဂျောင်ဂုက...။

"ငါက မင်းရဲ့ တစ်နေ့တာအကြောင်း သိချင်မိရုံလေးပါ။ ငါ သိခွင့်မရှိတာလား"

ဤအတိုင်းလေး သိချင်ရုံလေးပါပင်။ ဤသည်က ထယ်ယောင်းကို စိတ်ဆိုးရသည်အထိ အပြစ်ကြီးလေးသွားခြင်းပဲလား။ ယခင်ကဆို ထယ်ယောင်းက အရာအားလုံးကို သူနှင့်မျှဝေနေကျကို ယခုတော့၊ ယခုတော့...။

ဟင့်အင်း၊ မင်းက ငါ့ကို စိတ်ဆိုးနေရုံလေးပါ။ ငါ့ရဲ့ထယ်က ဘာမှမပြောင်းလဲပါဘူး။ ဟုတ်တယ်၊ ဘာမှမပြောင်းလဲဘူး…

"ငါ့ကို ဘာမှပြောစရာမရှိတော့တာလား ထယ်"

"တော်ပြီ ဂျွန်၊ ငါတို့ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်”

နှစ်ဦးနှစ်ဖက်လုံးက ပြေလည်အောင်မဖြေရှင်းဘဲ တစ်ဦးကိုတစ်ဦးရွဲ့စောင်းရင်းသာ ပြောနေကြသည်မို့ ပြဿနာက မရှည်  သင့်ဘဲ ပိုရှည်နေသည့်နှယ်။ ထို့ထက်ပိုလာပါက ရန်ထဖြစ်ဖို့သာရှိတော့သည်မို့ ထိုအခြေအနေဖြစ်မလာခင် ထယ်ယောင်းကပဲ ဦးစွာ ရှောင်ထွက်သွားလိုက်လျက်။ ဤတစ်ခါ ဂျောင်ဂု ထယ်ယောင်းကို လှမ်းဆွဲမထားလိုက်သော်ငြား...

"ငါ မင်းကြိုက်တဲ့..."

"ငါ ဗိုက်ပြည့်နေပြီ ဂျွန်"

...ကျောပေးကာထွက်သွားသော ထယ်ယောင်းနောက်ကျောပြင်လေး သူ့မြင်ကွင်းထဲမှအပြီးတိုင် မပျောက်သွားခင်လေးတွင် လှမ်းပြောလိုက်တော့ တစ်ဖက်က ပြတ်သားစွာပြောလာခဲ့သည်ကြောင့် စကားစက တစ်ဝက်တွင်သာ ရပ်တန့်သွားရလျက်။ ဤသည်ကား ဘယ်လိုအခြေအနေမျိုးကြီးပါလိမ့်။ သူ့နှင့် ထယ်ယောင်းကြားတွင် အေးစက်နေသလိုပါပင်။

ထွက်သွားတော့မည်ပြုနေသောာ ထယ်ယောင်းက ဂျောင်ဂုစကားကြောင့် ရောက်လက်စ နေရာတွင်သာကျောပေး၍ရပ်နေဆဲ။ ထို့ကြောင့်...

"ထယ်..."

...ဂျောင်ဂုက ထပ်မံကာနာမည်လေးခေါ်မိပြန်တော့ ထယ်ယောင်းက ထုံးစံအတိုင်းပင် လှည့်ကြည့်မလာခဲ့။ သို့သော် ထွက်မသွားဘဲ ဤအတိုင်း ရပ်နေသေးသည်ကပဲ ကျေးဇူးတင်ဖွယ်ကောင်းသလို။ အနည်းဆုံးတော့ ဂျောင်ဂု သူပြောချင်သည်တို့ ပြောခွင့်ရသေးသည်မလား။

"ငါ မင်းကို အရာအားလုံးထက် ပိုချစ်ပြီး တန်ဖိုးထားတယ်ဆိုတာ သိတယ်မလား ထယ်။ မင်းအတွက်သာဆို ငါ..."

ဂျောင်ဂုတစ်ယောက် သူ့ကိုကျောပေးရပ်နေသော ထယ်ယောင်း၏ကျောပြင်ကို ငေးကြည့်ရင်း ခံစားချက်အပြည့်ဖြင့် ပြောမိတော့ ....

"သိပ်သိတာပေါ့...၊ ကင်မ်ထယ်ယောင်းက ဂျွန်ဂျောင်ဂုအတွက် အရာအားလုံးဆိုတာကိုလေ"

...ထယ်ယောင်းက ဂျောင်ဂုစကား မဆုံးသေးခင်ပင် ဖြတ်ပြောလာတော့၏။ သို့သော်လည်း ထယ်ယောင်းသည် ဂျောင်ဂုဘက်သို့ တစ်ချက်လေးပင် လှည့်မကြည့်ခဲ့။

"ထယ်..."

"မင်း အမြဲပြောနေကျစကားတွေပဲလေ ဂျွန်။ မဟုတ်ဘူးလား"

သူ့စကားကြောင့် အံဩသွားပုံပေါ်သော ဂျောင်ဂုက သူ့နာမည်ကို တိုးညှင်းစွာခေါ်လာသည့်အတွက် ထယ်ယောင်း တစ်ချက် ပြုံးလိုက်ရင်းသာ ပြန်ဖြေမိ၏။ သို့သော် ထယ်ယောင်းအပြုံးတို့က အသက်မပါသည့်နှယ်ပါလေ။ အမြဲကြားနေကျ ဓာတ်ပြားဟောင်းကြီး တစ်ခုသဖွယ်ဖြစ်နေသော ဂျောင်ဂု၏စကားတို့ကို ထယ်ယောင်း ငြီးငွေ့စပြုလာ၍လားမသိတော့။ သေချာသည်ကတော့ ယခု သူတို့ နှစ်ဦး၏အခြေအနေသည် ပုံမှန်တော့ဖြစ်မနေ။

နှစ်ဦးလုံး သက်တောင့်သက်သာဖြစ်‌မနေသည့်အခြေအနေဖြစ်၍ ထယ်ယောင်းတစ်ယောက် ယင်းအနေအထားမျိုးမှ ရုန်းထွက်ရန် နေရာမှ ထွက်သွားဖို့ ကြံမိတော့၏။ ဤနည်းလမ်းကပဲ သူတို့နှစ်ဦးသားကြား အခြေအနေကို ပိုမိုဆိုးရွားမသွားစေရန် ကူညီပေးနိုင်မည်မလား။ ထို့ကြောင့် ထယ်ယောင်း သူ၏ခြေလှမ်းတို့ကို စတင်လှမ်းလိုက်လျှင်ပဲ...

"ဒါပေမယ့် မင်းကတော့ ငါ့ကိုချစ်တယ်လို့ပြောဖို့ မေ့လျော့လာခဲ့ပြီထင်တယ် ထယ်"

...ဒုတိယအကြိမ် ထယ်ယောင်း၏ခြေလှမ်းတို့ကို ရပ်တန့်စေအောင် ပြောလိုက်ပြန်သည့် ဂျောင်ဂုရယ်ပါလေ။ နေ့စဉ်နေ့တိုင်း မမေ့မလျော့ သူ့ကိုချစ်တယ်လို့ ပြောမည်ဟု ကတိပေးခဲ့သော ထယ်ယောင်းသည် သူတို့နှစ်ဦးကြားက ကတိစကားတို့ကို တဖြည်းဖြည်း မေ့လျော့လာပုံပေါ်သည်မို့ ဂျောင်ဂုတစ်ယောက် သူ့အားကျောခိုင်းထွက်သွားသော ထယ်ယောင်း ကျောပြင်ကို ငေးကြည့်ရင်းသာ မေးမိတော့၏။

"ငါတို့ အတူရှိလာကြတာာ (၃)နှစ်တောင်ရှိပြီ။ ချစ်စ ခင်စ ကြင်နာစလို အမြဲတီတီတာတာ ပြောနေဖို့ မလိုလောက်တော့ဘူး ထင်တာပဲ ဂျွန်”

ဂျောင်ဂုအား ထယ်ယောင်းသည် အေးစက်သော စကားတို့ဖြင့် ရင်ကိုခွဲသွားကာ ဘာမှမဖြစ်သလိုပင် မီးဖိုခန်းအတွင်းမှ မြန်ဆန်စွာ ထွက်သွားတော့၏။ သို့ဖြစ်၍ ကျန်နေခဲ့ရသူသည် ဂျောင်ဂု တစ်ယောက်သာ။ အစတည်းက ထယ်ယောင်း စိတ်ကောက်နေသည့်အတွက် စိတ်က အစိုးမရဖြစ်နေရသည့်ကြားထဲ ယခုတော့ ထယ်ယောင်းဘက်မှ ပြောသွားသည့်စကားတို့ မှာ သူ့အတွက် ငိုချင်ရက်လက်တို့ဆိုသကဲ့သို့ ဖြစ်ရ‌ပြန်၏။ မည်မျှပင် အသဲမာသောယောက်ျားဟုဆိုသော်လည်း အချစ်နှင့် ပတ်သတ်လာလျှင်တော့ ဟန်ဆောင်နိုင်စွမ်းမရှိစွာ ဂျောင်ဂု၏မျက်ဝန်းအိမ်ထဲတွင် ပူနွေးနွေးအရည်ကြည်တို့က ပါးပြင်ပေါ် ထိ လျှံကျလာမတတ် ပြည့်နှက်လာခဲ့ပါလျက်။ သူ့ကိုကျောခိုင်းထွက်သွားသော ထယ်ယောင်းနောက်လည်း ဂျောင်ဂု လိုက်မသွားမိတော့။ ဤအတိုင်း ကျောက်ရုပ်ကြီးတစ်ရုပ်ပမာသာ အချိန်တစ်ခုထိရပ်နေမိတော့၏။ ထို့နောက်တွင်မှ လေးလံ သောခြေလှမ်းတို့ဖြင့် ထမင်းစားပွဲရှိရာသို့ တစ်လှမ်းစီလှမ်းလျှောက်သွားပြီး ထယ်ယောင်းအတွက် သူကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ထားခဲ့သော ဟင်းလျာပန်းကန်တို့ကို ကြေကွဲစွာကြည့်ပြန်၏။ ထယ်ယောင်းနှင့်အတူ ကြည်ကြည်နူးနူး ညစာ စားကြမည်ဟူသော ရည်ရွယ်ချက်လေးဖြင့် သူ ပျော်ရွှင်စွာ ပြင်ဆင်ထားခဲ့သော်လည်း ယခုလို အထီးကျန်ဖွယ် အခြေအနေမျိုးဖြစ်သွားမည်ဟု ဂျောင်ဂု မတွေးမိခဲ့သည်မှာအမှန်။ ယခုတော့ စားစေချင်သည့် သူ‌လေးက ဗိုက်ပြည့်နေပါပြီဟု ဆိုလာမှတော့ သူလည်း စားချင်စိတ် မရှိတော့ပါလေ။ ထို့ကြောင့် ပြင်ဆင်ထားသည့် ဟင်းခွက်များအား ယူလိုက်ပြီး အားလုံးကို ဘေစင်ထဲသို့သာ သွန်ချလွှင့်ပစ်လိုက်ပါတော့သည်။

ဂျောင်ဂု မပြောပြဖြစ်လိုက်တော့ပါလေ။ ဆေးရုံကခွဲစိတ်မှုပြီးပြီးချင်း ထယ်ယောင်းနှင့် အိမ်တွင် ညစာအတူစားမည်ဟု ပြောခဲ့သည်မို့ အပြေးပြန်လာခဲ့ရာမှ မီးပွိုင့်ဖြတ်မောင်းမိ၍ ဒဏ်ရိုက်ခံခဲ့ရကြောင်းကိုပေါ့။

ဂျောင်ဂု မပြောပြဖြစ်လိုက်တော့ပါလေ။ အိမ်ပြန်ရောက်ရောက်ချင်း ထယ်ယောင်းကို မတွေ့သော်လည်း တစ်နေရာဝင်နေ၍ အိမ်ပြန်ရောက်မလာသေးတာပါဟု တွေးပြီး ပြန်လာလျှင် အဆင်သင့်ဖြစ်နေရအောင် ထယ်ယောင်းကြိုက်တတ်သော ဟင်းလျာများကို ကြိုးစားချက်ပြုတ်ထားခဲ့ကြောင်းကိုပေါ့။

ဂျောင်ဂု မပြောပြဖြစ်လိုက်တော့ပါလေ။ အချိန်အတော်နောက်ကျသည်အထိ ထယ်ယောင်း အိမ်ပြန်ရောက်မလာခဲ့သည့်အတွက် အကြိမ်ရေများစွာ ဖုန်းဆက်ခဲ့သော်လည်း ကိုင်သူမဲ့နေ‌ခဲ့သောဖုန်းကြောင့် တစ်ခုခုများဖြစ်နေလားဆိုသည့် အ‌တွေးပေါင်းများစွာဖြင့် စိုးရိမ်နေခဲ့ရသည့်အကြောင်းကိုပေါ့။

ဂျောင်ဂု မပြောပြဖြစ်လိုက်တော့ပါလေ။ ထယ်ယောင်းကို ဖုန်းဆက်မရသည်မို့ အင်္ကျီပါးလေးဝတ်ပြီး ရပ်ကွက်တစ်ပတ်,ပတ်ကာ လိုက်ရှာသော်လည်း ရှာမတွေ့သည့်အတွက် ချိန်းထားသည့် café ကိုပါ ပြန်သွားရှာစဉ် လူကိုမတွေ့ဘဲ လမ်းတွင် ရပ်ထားသောကားကိုသာ‌ တွေ့လိုက်ရ၍ စိုးရိမ်မှုဒီဂရီ အထွတ်အထိပ်ရောက်ခဲ့ရသည့်အကြောင်းကိုပေါ့။

ဂျောင်ဂု မပြောဖြစ်လိုက်တော့ပါလေ။ ရှာမရသည့်အဆုံး ထယ်ယောင်း ပြန်အလာကို လေစိမ်းများတိုက်နေသည့်နေရာတွင် အအေးဒဏ်ခံကာ အဝတ်ပါးလေးဖြင့်  ရပ်စောင့်နေခဲ့ကြောင်းကိုပေါ့။ သို့သော် ထိုအချိန် ပြင်ပမှ အအေးဓာတ်သည် သူ့ရင်ထဲမှ အပူမီးကိုတော့ မယှဉ်နိုင်ခဲ့ပါလေ။

ထယ်ယောင်းက သူ့ကိုစိတ်ဆိုးနေတုန်းဖြစ်၍ပါဟု တထစ်ချ ယုံကြည်ထားမိခဲ့သော ဂျောင်ဂု၏ စိတ်ကြီးဝင်ယုံကြည်မှုတို့သည် ယခုအခါတွင် သူကိုယ်တိုင်ပင် မသေချာတော့။ သူ့ဦးနှောက်က ထယ်ယောင်းသည် မပြောင်းလဲပါဟု ပြောနေပါသော် လည်း သူ့နှလုံးသားကမူ ဦးနှောက်၏အဆိုအား ငြင်းဆိုနေခဲ့ပါလျက်။ ထို့ကြောင့် အခြားတစ်ဖက်၌လည်း ဂျောင်ဂု လက်ခံရပါမည်လေ။ ထယ်ယောင်းတစ်ယောက် ပြောင်းလဲလာပြီဆိုသည့်အချက်ကိုပေါ့။ အင်း..၊ ပြောင်းလဲလာပြီဆိုသည်ထက် ပြောင်းလဲစပြုလာခြင်းပါလေ။
.
.
.
_ ထာဝရခိုင်မြဲမယ်လို့ထင်ထားမိခဲ့တဲ့ နှောင်ကြိုးလေးက အချိန်နဲ့ပတ်ဝန်းကျင်ရဲ့ တိုက်စားမှုကြောင့် တဖြည်းဖြည်း လျော့ရဲစပြုလာပြီထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီကြိုးလေး ပြတ်မသွားရအောင် နောက်ဆုံးချိန်အထိ အစွမ်းကုန်ဖမ်းဆုပ်ထားမှာပါ _

ဆက်ရန်>>>

Unexpected Guest (Complete)Wo Geschichten leben. Entdecke jetzt