Hate Turns to Love

1.4K 100 4
                                    

[Unicode]

နွေ၏ အပူဒဏ်ကြောင့် ကျောင်းသူ၊ ကျောင်းသားတို့၏ ဦးနှောက်အနားပေးရန်အလို့ငှာ ပိတ်ထားခဲ့သော ကျောင်းများ နွေရာသီသုံးလအကြာတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပေပြီ။ ကျောင်းတော်ကြီးက ကျွန်မတို့အား မိုးဖွဲလေးများနှင့်အတူ ကြိုဆိုနေသည်။

ကျောင်းဖွင့်ဖွင့်ချင်းနေ့တွင် တွေ့မြင်ရသမျှ အရာအားလုံးတို့က လတ်ဆတ်နေသည်။ မိုးရေဆွတ်ဖျန်းထားသော စိမ်းစိုနေသည့် သစ်ရွက်တို့ နှင့် ကျောင်းသူ၊ ကျောင်းသားတို့၏ အဖြူအစိမ်းယူနီဖောင်းတို့က အလှချင်း ပြိုင်နေကြသလိုတောင် ထင်မြင်မိစေသည်။ နောက်ဆုံးတော့ သုံးလနီးပါး ခွဲခွာခဲ့ရသည့် ကျွန်မချစ်ရသော ကျောင်းသို့ တစ်ဖန် ပြန်လာခဲ့ရပြီ။

ကျွန်မတို့ ကျောင်းဝင်းအတွင်း၌ ကျောင်းသူ၊ ကျောင်းသားတို့ ဟိုတစ်စု၊ သည်တစ်စု ဖြစ်နေကြသည်။ မနက်ပိုင်း အတန်းဖြစ်၍ ညနေပိုင်းအတန်းများလို တန်းမစီရတော့သောကြောင့် လူများ အနည်းငယ် ကျိုးတိုးကျဲတဲ ဖြစ်နေသည်။ သို့သော်လည်း လူနည်းသည်ဟုတော့ မဆိုသာပါ။

ဂျူတီစောင့်နေသော ဆရာမများကိုလည်း တွေ့ရသလို ကျောင်းကားပေါ်မှ ဆင်းလာကြသည့် ကျောင်းသူ၊ ကျောင်းသားများကိုလည်း တွေ့နိုင်သည်။ ဒါ့အပြင် ခပ်လှမ်းလှမ်းမှ ကျောင်းဆီသို့ လမ်းလျှောက်လာနေကြသူများနှင့် ကိုယ်ပိုင်ကားပေါ်မှ မိဘများကို ကျောင်းအဝင်ဝတွင် လက်ပြနှုတ်ဆက်နေကြသည့် သူများကိုလည်း ကျွန်မ မြင်နေရသည်။

ကျောင်းဝင်းထဲ ကျွန်မ ခြေချလိုက်မိသည်နှင့် အလိုလို ပြုံးမိသည်။
ဒီနေ့ရောက်လာဖို့ ကျွန်မ ဘယ်လောက်ထိ စောင့်ခဲ့လိုက်ရသလဲ။ ကျွန်မ ဒီကျောင်းမှာ ရှိနေနိုင်မှာ ဒီနှစ်နောက်ဆုံးပဲ။ နောက် လာဖြစ်တယ်ဆိုရင်တောင် အခုလို ကျောင်းသူဘဝနဲ့ ခံစားချက်ချင်း တူမှာမဟုတ်တော့။
ဆယ်တန်းနှစ်ကို အပျော်ရွှင်ဆုံး နှင့် အမှတ်ရဆုံးဖြစ်အောင် နေသွားမည်ဟု ကျွန်မ ဆုံးဖြတ်ချက် ချလိုက်သည်။

ထို့နောက် ကျွန်မ ဆယ်တန်းဆောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။ အပြင်ပန်းတွင် တည်ငြိမ်ဟန် ရှိနေသော်လည်း စိတ်ထဲတွင်တော့ အတွေးတို့က ဗျောင်းဆန်နေသည်။ ဘယ်ဆရာမတွေနှင့် တွေ့ရမလဲ၊ သူငယ်ချင်းတွေကရော ဘယ်လိုပုံစံ ဖြစ်နေပြီလဲ စသည့် အတွေးပေါင်းများစွာကြောင့် ကျွန်မ၏ ခြေလှမ်းတို့က တက်ကြွလို့နေသည်။

Hate Turns To Love (One Shot)Where stories live. Discover now