『Unicode』
"ပြီးရင် အချောတကာ့အချောဆုံးလူဆီကို ဓာတ်ပုံပို့ပေးလိုက်ပါဗျ."
ရှန်လင်း လိုက်လိုက်နာနာနဲ့ပဲ လက်ဖက်ရည်ကို ပြီးအောင်သောက်လိုက်ပြီး မျက်နှာရဲစွေးစွေးလေးနှင့် ပုံအချို့ရိုက်ယူလိုက်ကာ ခုထိ replyမပြန်သေးသည့် ဖူရွှယ်ရန်ကို ပို့ပေးလိုက်သည်။
ညနေခင်း ၇:၀၀နာရီ၌ ရှန်လင်းက လမ်းတစ်ဖက်က ရုံးအဆောက်အအုံကို ကြည့်နေမိသည်။ ဖူရွှယ်ရန် အခုထိ အလုပ်မဆင်းသေးပေ။ ဒါကြောင့် သူလဲ ဆိုင်ကို သန့်ရှင်းပြီးနောက် တံခါးပိတ်ကာ ထွက်လာခဲ့တော့သည်။ သူ ထွက်လာသောအခါသူ့ဆိုင်ရှေ့တွင် ကားတစ်စီးရပ်ထားတာကို တွေ့လိုက်ရ၏။ သူခေါင်းမော့ကြည့်လိုက်လျှင် ဖူရွှယ်ရန် ကားပေါ်က ဆင်းလာတာကို မြင်လိုက်ရသည်။ သူက လက်တစ်ဖက်ကို နောက်မှာထားလျက် ရှန်လင်းရှေ့ကို ရောက်လာခဲ့သည်။ ရှန်လင်းမှာ သူ့မျက်နှာအပြည့် အပြုံးတွေကို မြင်လိုက်ရသဖြင့် နှုတ်ဆက်စကားပြောရန်ပင် မေ့သွားတော့သည်။
ဖူရွှယ်ရန်က သူ့ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေခဲ့ပြီးမှ ပြုံးရင်းပြောလာ၏။
"သတ္တိအရှိဆုံး ရှန်လောင်ပန်ကို ဆုပေးဖို့အတွက် လျှို့ဝှက်တဲ့လူကို ကိုယ်စားပြုတဲ့အနေနဲ့ နှင်းဆီပန်းတစ်ပွင့်ပေးဖို့ဆုံးဖြတ်လိုက်တယ်."
ရှန်လင်း တုံ့ပြန်ရန် အခွင့်မသာခင်မှာပင် သူက နောက်မှာရှိနေသော တောက်ပနေသည့် နှင်းဆီနီနီကို ထုတ်လို့လာသည်။
"ဒါက ဒဏ်ရာရသွားတဲ့ ရှန်လောင်ပန်အတွက် ဆုပါ"
စကားဆုံးသည်နှင့် သူက နှင်းဆီပန်းကို ကိုင်းအရှည်က သင့်တော်သည့် အနေအထားမှာ ဖြတ်ထားသည့်နှယ် ရှန်လင်းရဲ့အင်္ကျီရင်ဘတ်က အိတ်ကပ်ထဲ ထိုးထည့်ပေးလာသည်။
" ဒီနှင်းဆီပန်းမှာ အမှတ်တရတွေအများကြီးရှိတယ် ဒါကြောင့် ကောင်းကောင်းမွန်မွန်လေး ထိန်းသိမ်းထားနော်"
***
ခုတလော ဖူရွှယ်ရန်မှာ ကုမ္မဏီအလုပ်တွေနှင့် အရမ်းအလုပ်များနေခဲ့သည်။ ကုမ္ပဏီက ကောလိပ်များမှ အလုပ်သင်များခေါ်ယူနေ၏။ သူတို့ရဲ့ ကနဦးအဆင့်၌ သူတို့တွေ အတိုင်းအတာအများကြီး မပါဝင်ခဲ့ရပေ။